ဂျေးဇု အနေနဲ့ အာဆင်နယ် အသင်းကို ဘာကြောင့် မပြောင်းရွှေ့သင့်သလဲ ဆိုတာ ရှင်းပြလိုက်တဲ့ ဒေးဗစ်ဂျိမ်းစ်

အင်္ဂလန် အသင်းရဲ့ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ် က ဂါဘရီယဲလ် ဂျေးဇု အနေနဲ့ အာဆင်နယ် အသင်းကို ပြောင်းမယ့် အစား မန်ချက်စတာစီးတီး အသင်းမှာပဲ ဆက်နေသင့်တယ်လို့ အကြံပေးလိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အူဘာမီယန်း ကို ထွက်ခွာခွင့် ပြုခဲ့ပေမယ့် သူ့နေရာ အစားထိုးဖို့ တိုက်စစ်မှူး ခေါ်ယူနိုင်ခဲ့ခြင်း မရှိပါဘူး ။ ဒါ့အပြင် လာကာဇက် ကလည်း စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ တိုက်စစ်နေရာအတွက် နည်း​ပြ အာတေတာ နဲ့ မန်စီးတီးမှာ လက်တွဲခဲ့ဖူးတဲ့ ဂါဘရီယဲလ် ဂျေးဇု ကို အဓိက ပစ်မှတ် အဖြစ် ထားထားပြီး ကစားသမားရဲ့အေးဂျင့် နဲ့ ပြောဆို ဆွေးနွေး နေပါတယ် ။

ဂျေးဇု ဟာ မန်စီးတီး အသင်းနဲ့ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သူ ဖြစ်ပါတယ် ။ ဒါ့အပြင် မန်စီးတီး အသင်းဟာ ဟာလန်းကို ခေါ်ယူထားတာကြောင့် ဂျေးဇု ရဲ့ အနာဂတ် ဟာ အီတီဟက်မှာ ဆက်ရှိဖို့ မသေချာတဲ့ အနေအထားပါ ။

ဂျေးဇု ဟာ မန်စီးတီး အသင်း အတွက် ပွဲပေါင်း ၂၃၇ ပွဲ ကစား ၉၅ ဂိုး သွင်းယူ ပေးထားပြီး ပရီးမီးယားလိဂ် ဖလား ၄ ကြိမ် ၊ ခါရာဘောင်းဖလား ၃ ကြိမ် ၊ အက်ဖ်အေ ဖလား ၁ ကြိမ် ရယူ ထားနိုင်သူပါ ။

ဒေးဗစ်ဂျိမ်းစ် ကတော့ ဂျေးဇု အနေနဲ့ မန်ချက်စတာစီးတီး အသင်းမှာပဲ ဆက်နေပြီး ဂွာဒီယိုလာ နဲ့ အတူ ချန်ပီယံလိဂ် ရယူဖို့ ကြိုးစား သင့်တယ်လို့ Genting Casino မှာ ပြောကြား သွားခဲ့ပါတယ် ။

” မန်စီးတီး အသင်း ကစားသမားတွေရဲ့ ဒီရာသီ ပွဲထွက် ကစားခွင့် ရတဲ့ အရေအတွက်ကို ကြည့်ကြည့်ရင် ရိုဒရီ နဲ့ ဘာနန်ဒိုဆေးလ်ဗား တို့လောက်ပဲ ပရီးမီးယားလိဂ် ပွဲ ၃၀ ကျော်တာ တွေ့ပါလိမ့်မယ် ။ တခြား ကျန်တဲ့ တိုက်စစ် ကစားသမားတွေ အားလုံး ၂၅ ပွဲ ဝန်းကျင်ပဲ ကစားရတာပါ ၊ သူတို့ အပတ်စဉ် ကစားခွင့် မရပါဘူး ။ ”

” ပက် ရဲ့ ကစားသမားတွေကို အလှည့်ကျ အသုံးပြုတာဟာ ပရီးမီးယားလိဂ် ဖလား ထပ်မံ ရရှိတာမှာ လုံးဝ ပြီးပြည့်စုံ စေခဲ့ပါတယ် ။ ဟာလန်း ကလည်း အဲ့ဒီပုံစံမှာ အံဝင်ဂွင်ကျ ဖြစ်မယ်လို့ ကျွန်တော် မှန်းဆ မိပါတယ် ၊ သူ ပွဲတိုင်းတော့ ကစားရမှာ မဟုတ်ပါဘူး ။ ”

” နောက်ပြီးတော့ ဟာလန်း ရဲ့ ဒဏ်ရာပြဿနာပါ ၊ သူ့ရဲ့ ကြံ့ခိုင်မှု အနေအထားအရ ပွဲအားလုံး ကစားနိုင်မှာ မဟုတ်တာ သေချာပါတယ် ။ ဂျေးဇုသာ မန်စီးတီး မှာ ဆက်နေရင် တိုက်စစ် တာဝန် ကို ခွဲဝေ ယူရမှာ ဖြစ်ပါတယ် ။သူတို့ ဟာလန်း ကို ခေါ်လိုက်တာ ပွဲတိုင်း ကစားခိုင်းဖို့ မဟုတ်ပါဘူး ၊ ဂျေးဇု အတွက် နေရာ ရှိနေပါသေးတယ် ။ ”

” သူ ဘာကြောင့် မန်စီးတီး အသင်းက ထွက်ခွာရမှာလဲ ၊ သူက ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အင်္ဂလန် ရဲ့ အကောင်းဆုံး အသင်း အဖြစ် ရပ်တည်နေတဲ့ အသင်းမှာ ကစားနေရတာပါ ၊ အာဆင်နယ် လို ချန်ပီယံလိဂ် ဝင်ခွင့် မရတဲ့ အသင်းကို သူ အရဲစွန့်ပီး ပြောင်းကစားမှာလား ။ ”

” ဒါမှ မဟုတ် မန်ချက်စတာစီးတီး အသင်းမှာပဲ ဆက်နေပြီး ချန်ပီယံလိဂ် ဖလား ရယူဖို့ ကြိုးစားမှာလား ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM