ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဘယ်သူတွေ ဘယ်လောက်ထိ ကောင်းခဲ့ကြသလဲ ? ( Players’ Rating )

ပဲရစ်မြို့ က ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီးကတော့ ပြီးဆုံးလို့ သွားခဲ့ပါပြီ ။ ပွဲသိမ်း ခရာမှုတ်ချိန် မှာတော့ ချန်ပီယံလိဂ် ရဲ့ ဘုရင်ကြီးလို့ တင်စား ခေါ်ဝေါ်ကြတဲ့ ရီးရဲမက်ဒရစ် ဟာ လီဗာပူး ကို အနိုင် ကစားပြီး ချန်ပီယံလိဂ် ဖလားကြီး ကို ၁၄ ကြိမ်မြောက် ရယူသွားနိုင်ခဲ့ ပါတယ် ။

လီဗာပူး ကတော့ ပွဲချိန် အတွင်းမှာ ရီးရဲ ထက် ပိုပြီး ဖိကစားနိုင်ခဲ့ ပေမယ့် ရီးရဲ ဂိုးသမား ကော့တွာ ရဲ့ အံ့ဖွယ် လက်စွမ်းပြမှုတွေကြောင့် ဂိုးမရခဲ့ပါဘူး ။

ရီးရဲ အတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ တိုက်စစ်မှူးလေး ဗီနီဆီယပ် ဂျူနီယာ က သွင်းယူ ပေးသွားခဲ့တာပါ ။

 

ဒီပွဲမှာ ကစားသွားခဲ့တဲ့ ၂ ဘက် အသင်းသားတွေရဲ့ စွမ်းဆောင်ရည် သတ်မှတ်ချက်တွေ ကတော့ –

 

လီဗာပူး

အဲလစ်ဆွန် ဘက်ကာ – ၇

ဒီပွဲမှာ ကော့တွာ လောက် အလုပ်မများ ခဲ့ပေမယ့် အဆုံးသတ်မှာတော့ ငွေတံဆိပ် နဲ့သာ ကျေနပ် လိုက်ရ ပါတယ် ။ ဗီနီဆီယပ် ရဲ့ ဂိုးကို ဘယ်လိုမှ မကာကွယ် နိုင်ခဲ့သလို ဘန်ဇီးမား ရဲ့ အငြင်းပွားဖွယ် ခွင့်ပြုမခံ လိုက်ရတဲ့ ဂိုးမှာလည်း ဒီထက်ပိုကောင်းအောင် လုပ်လို့ ရခဲ့သင့် ပါတယ် ။

 

ထရန့် အလက်ဇန်းဒါး အာနိုး – ၆

ပွဲအစမှာ မိုဆာလာ နဲ့ တွဲဖက်ပြီး အခွင့်အရေးတခုကို ပုံဖော် နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ဗီနီဆီယပ် ဂိုးသွင်း သွားမှု ကိုတော့ မတားဆီး နိုင်ခဲ့ပါဘူး ။

အီဘရာဟီမာ ကိုနာတေး – ၇

ဂျိုအယ် မာတစ် ကို ကျော်ပြီး နည်းပြ ကလော့ ရဲ့ ပွဲထွက် စာရင်းမှာ ပါဝင်လာခဲ့တဲ့ ကိုနာတေး ဟာ ဒီနေ့ည မှာတော့ အမှားနည်းခဲ့ပြီး ဗီနီဆီယပ် လို လျှင်မြန်တဲ့ ရီးရဲ တိုက်စစ်သမားတွေကို လိုက်ထိန်း နိုင်ခဲ့ပါတယ် ။

ဗာဂျယ် ဗန်ဒိုက် – ၈

တပွဲလုံး တည်ငြိမ်မှု ရှိခဲ့ပြီး အရေးပါတဲ့ ဖြတ်တောက် လုယူမှုတွေလည်း လုပ်နိုင်ခဲ့ ပါတယ် ။ ရီးရဲ တို့ ဂိုးသွင်း နိုင်ခဲ့တယ် ဆိုပေမယ့် ဗန်ဒိုက် ရဲ့ စွမ်းဆောင်ရည် ကတော့ ထိပ်တန်းဆင့်မှာ ရှိနေခဲ့တယ်လို့ပဲ ပြောရမှာပါ ။

 

အန်ဒရူး ရောဘတ်ဆန် – ၆

ဒုတိယပိုင်းမှာ ရှေ့ကို ပိုလိုက်ပြီး ကစားပေးသွားခဲ့ ပါတယ် ။ ဒါပေမယ့် ဒီညပွဲ အတွက်တော့ ရောဘတ်ဆန် ရဲ့ အားထုတ်မှုတွေက သိပ်ပြီး အားရစရာ မရှိခဲ့ပါဘူး ။

 

ဂျော်ဒန် ဟန်ဒါဆင် – ၆

ကွင်းထဲမှာ ၇၇ မိနစ် ကြာအောင် ရှိနေခဲ့ပြီး အမှားအများကြီး မလုပ်ခဲ့ပါဘူး ။ လီဗာပူး က ဖိကစားနေချိန် မှာလည်း ကစားကွက် ထဲမှာ ပါဝင် ပတ်သက်မှု ရှိခဲ့ပါတယ် ။ ဒါပေမယ့်လည်း အဲ့ဒိထက် မပိုခဲ့ပြန် ပါဘူး ။

 

ဖာဘင်ဟို – ၆

ဗယ်ဗာဒီ ကို ပြစ်ဒဏ်ကျူးလွန် မိလို့ အဝါ ပြခံရတယ် ၊ သူ့ရဲ့ လေးလံတဲ့ ထိချက်က ဘန်ဇီးမား ရဲ့ ခွင့်ပြု မခံရတဲ့ ဂိုးကို ဖြစ်စေခဲ့တယ် ၊ ဂိုးဘားပေါ် ကျော်သွားတဲ့ အဝေးကစ် တကြိမ် ကတော့ ခြိမ်းခြောက်မှု လို့ သတ်မှတ်ပေး နိုင်ပါတယ် ။ ဖာဘင်ဟို ရဲ့ အကောင်းဆုံးည မဟုတ်ခဲ့ပါဘူး ။

သီယာဂို အယ်ကန်ထရာ – ၆

ဒဏ်ရာကနေ ပြန်သက်သာလာပြီး ဝင်ကစားခွင့် ရခဲ့ပေမယ့် အကောင်းဆုံး ပုံစံမှာ ရှိမနေခဲ့ ပါဘူး ။ ပထမပိုင်း မှာ ကော့တွာ ကို စမ်းသပ်မှု အချို့ လုပ်နိုင်ခဲ့ပေမယ့် ၇၇ မိနစ်မှာ ဖာမီနို နဲ့ လူစားလဲ ခံခဲ့ရ ပါတယ် ။

 

မိုဟာမက် ဆာလာ – ၈

တပွဲလုံး ရီးရဲ ခံစစ် နဲ့ ဂိုးသမား ကော့တွာ တို့ကို အလုပ်များစေခဲ့ ပါတယ် ။ ရီးရဲ ဂိုးပေါက် ကို အခြိမ်းခြောက် နိုင်ဆုံး ကစားသမားလည်း ဖြစ်ခဲ့တာပါ ။ ဖိုင်နယ် မှာ နောက်တခါ ကံမကောင်းခဲ့တဲ့ အတွက်တော့ စိတ်မကောင်းစရာ ပါပဲ ။

ဆာဒီယို မာနေး – ၇

လီဗာပူး တိုက်စစ်ကို အသက်ဝင်အောင် အစွမ်းကုန် ကြိုးစား ပေးသွားခဲ့ ပါတယ် ။ တကယ်ကောင်းတဲ့ ကန်ချက် ဟာ ဂိုးဖြစ်ဖို့ ထိုက်တန်ခဲ့ပေမယ့် ကော့တွာ ရဲ့ မှော်ဝင်နေမှုက မာနေး ကို ဟီးရိုး ဖြစ်ခွင့် မပေးခဲ့ ပါဘူး ။

 

လူးဝစ် ဒီယာ့ဇ် – ၆

ချန်ပီယံလိဂ် ဖိုင်နယ် အတွေ့အကြုံများတဲ့ သူတွေ ရင်ဆိုင် ကြတဲ့ ဒီညမှာ ဒီယာ့ဇ် က ဝါနုတဲ့ ကစားသမား တယောက် ဖြစ်သွားခဲ့ ပါတယ် ။ ပွဲချိန် အတော်များများ မှာ ရီးရဲ နောက်တန်းက ကာဗာရယ် ကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ ပါဘူး ။

 

 

ရီးရဲမက်ဒရစ်

သီဘောက် ကော့တွာ – ၁၀

ဒီည ကတော့ ကော့တွာ ရဲ့ ညပါပဲ ။ ၂ သင်းစလုံးက ဘယ် ကစားသမားမှာ ဘယ်လ်ဂျီယံသားလောက် ပဲရစ်မှာ မတောက်ပ ခဲ့ပါဘူး ။ ပထမပိုင်း တပိုင်းလုံးမှာ လီဗာပူး ရဲ့ ကန်ချက်တွေကို တောက်လျောက် ကာကွယ်ပေး ခဲ့သလို မာနေး ရဲ့ ဂိုးရလောက်တဲ့ ကန်ချက် ကိုလည်း အံ့ဖွယ် တားဆီးပေးသွားခဲ့ ပါတယ် ။

တကယ့်ကို ထိုက်တန်တဲ့ Man of the Match ပါပဲ ။

ဒါနီ ကာဗာရယ် – ၈

အစောပိုင်းမှာ နည်းနည်း ပြာယာခတ်ခဲ့ ပေမယ့် သမ္ဘာရင့် ကစားသမား တယောက် ပီပီ ပွဲချိန် ကြာလာတာနဲ့ အမျှ ပုံစံ မှန်လာခဲ့ ပါတယ် ။ လီဗာပူး ရဲ့ လူးဝစ် ဒီယာ့ဇ် ကို အကောင်းဆုံး ထိန်းထားနိုင်ခဲ့ပြီး ကိုလံဘီယာသား ကို လူစားလဲ ထွက်ခွာစေတဲ့ အထိ ကစားပြနိုင်ခဲ့ ပါတယ် ။

 

အီဒါ မီလီတို – ၈

လီဗာပူး တို့ လွှမ်းမိုးထားတဲ့ ပွဲချိန် ပထမပိုင်းမှာ အလုပ်များခဲ့ပြီး အရေးပါတဲ့ ပိတ်ဆို့ ကာကွယ်မှု အချို့ လုပ်ပြ နိုင်ခဲ့ ပါတယ် ။ ဒုတိယပိုင်းမှာတော့ ခံစစ်မှာ ပိုကောင်းလာခဲ့ပြီး ကျစ်လျစ်တဲ့ ကစားပုံကို ပြသွားခဲ့ပါတယ် ။

 

ဒေးဗစ် အလာဘာ – ၈

ဝါရင့် သမ္ဘာရင့် တယောက် ဟာ ချန်ပီယံလိဂ် ဖိုင်နယ်လို ပွဲမျိုးမှာ ဘယ်လောက်ထိ အရေးပါတယ် ဆိုတာကို အလာဘာ က ဒီညမှာ ပြသခဲ့ ပါတယ် ။ ခံစစ်မှာ ပုံစံကောင်းခဲ့သလို ဘန်ဇီးမား ရဲ့ ခွင့်ပြု မခံရတဲ့ ဂိုး အတွက်လည်း ဘောလုံး လမ်းကြောင်း စတင်ပေးခဲ့ပါတယ် ။

 

ဖာလန်း မန်ဒီ – ၇

ဆာလာ ကို ခက်ခက် ခဲခဲ ထိန်းခဲ့ရ ပေမယ့် တပွဲလုံး ခြုံကြည့်ရင်တော့ ကစားပုံ မဆိုးခဲ့ဘူးလို့ ပြောရမှာပါ ။

 

လူကာမိုဒရစ် – ၇

လီဗာပူး က ဖိကစားခဲ့တဲ့ ဒီညလိုပွဲမျိုးမှာ မိုဒရစ် ရဲ့ လုပ်ကွက်တွေ အများကြီး မရှိခဲ့ပါဘူး ။ ဒါပေမယ့် ဝါရင့်ကြီးဟာ သေသပ် ကောင်းမွန်တဲ့ ပေးပို့မှု အချို့ ကို လုပ်ပြပြီး သူ့ရဲ့ အဆင့်အတန်းကိုတော့ ထုတ်ပြန် နိုင်တဲ့ အခိုက်အတန့် အချို့ ရှိခဲ့ပါတယ် ။

ကက်စမဲရိုး – ၇

ပထမပိုင်းမှာ တည်ငြိမ်မှု အားနည်းခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ နောက်ထပ် ကက်စမဲရိုး တယောက်လားလို့ ထင်ရလောက်အောင်ကို တည်တည်ငြိမ်ငြိမ် နဲ့ ကစားပြ သွားနိုင်ခဲ့ ပါတယ် ။ ဒါဟာလည်း ချန်ပီယံလိဂ် သမ္ဘာရင့် တယောက်ရဲ့ အရည်အသွေးပဲလို့ ဆိုရမှာပါ ။

 

တိုနီကရူးစ် – ၆

ပထမပိုင်းမှာ ဘောလုံး အပျက်များသလို Possession လည်း မကြာခဏ လွဲနေခဲ့ ပါတယ် ။ ဒုတိယပိုင်း မှာတော့ ကစားကွက်ထဲကို ပိုပြီး ပါဝင် နိုင်ခဲ့ပါတယ် ။

 

ဖီဒရီကို ဗယ်ဗာဒီ – ၈

ရှေ့နောက် တောက်လျောက် အတက်အဆင်း လုပ်ပြီး ကာဗယ်ရယ် ကူကာ လူးဝစ် ဒီယာ့ဇ် ကို ထိန်းပေးခဲ့ ပါတယ် ။ ဗီနီဆီယပ် ရဲ့ ဂိုး အတွက်လည်း ဖန်တီးပေးခဲ့ ပါတယ် ။ တိုက်စစ်ပိုင်းရော ခံစစ်ကို ကူတဲ့ အပိုင်းမှာပါ မှတ်ကျောက်တင် ခံခဲ့ရသူပါ ။

ကာရင် ဘန်ဇီးမား – ၈

သူ့ရဲ့ ဂိုးကို VAR ကနေ ဆုံးဖြတ်ပြီး ပယ်ချလိုက်တာ ကတော့ တကယ့်ကို အံ့သြ စရာပါပဲ ။ လီဗာပူး ခံစစ်ကို အလုပ်မများစေခဲ့ဘူး ဆိုပေမယ့် ဖိအားများတဲ့ ဒီလိုပွဲမျိုးမှာ အသင်းခေါင်းဆောင် လက်ပတ် ကို ဝတ်ဆင်ပြီး ရီးရဲ ကို ဦးဆောင်မှု ပေးနိုင်ခဲ့ ပါတယ် ။

 

ဗီနီဆီယပ် ဂျူနီယာ – ၉

တပွဲလုံး ခြေပေါ်ချင်မှ ပေါ်ပါမယ် ၊ ဒါပေမယ့် အဆုံးအဖြတ် အခိုက်အတန့် တွေကို ရောက်လာပြီ ဆိုရင်တော့ ဗီနီဆီယပ် လို ကစားသမားမျိုးက အမြဲလိုလို အရေးပါသူ အဖြစ် ရှိပြခဲ့ပါတယ် ။ ဒီညပွဲရဲ့ အနိုင်ဂိုးရှင် ဖြစ်လာခဲ့သလို မက်ဆီ နောက်ပိုင်း ချန်ပီယံလိဂ် ဖိုင်နယ်မှာ ဂိုးသွင်းနိုင်တဲ့ အငယ်ဆုံး တောင်အမေရိကသားလည်း ဖြစ်လာခဲ့ ပါတယ် ။

ဘုရင်လေး တပါး ကို ပဲရစ်မှာ ဘိသိက် ခံစေခဲ့ပါပြီ ။

 

SPORTS MYANMAR