ချန်ပီယံလိဂ် ပြိုင်ပွဲကနေ နှုတ်ဆက်လိုက်ရပြီးနောက် လူစာရင်း အပြောင်းအလဲတွေ လုပ်ဆောင်ဖို့ ပြင်ဆင်လာတဲ မန်စီးတီး

ချန်ပီယံလိဂ် ပြိုင်ပွဲကနေ နှုတ်ထွက်လိုက်ရပြီးနောက် မန်စီးတီး တာဝန်ရှိသူတွေ ဟာ သူတို့ ကစားသမား စာရင်းကို အပြောင်းအလဲတွေ လုပ်ဖို့ ဦးတည်လာနေသလို ၊ နည်းပြ ပက် ဂွာဒီယိုလာ ကိုလဲ စာချုပ်သစ် သက်တမ်း တိုးနိုင်ဖို့ ကြိုးစား အားထုတ်လာနေပါတယ်။

မန်စီးတီး ဟာ မကြာခင်မှာပဲ ဒေါ့မွန် အသင်းက နော်ေ၀ တိုက်စစ်မှုး ဟာလန်း ကို စာချုပ် ဖျက်သိမ်းခွင့် လျော်ကြေး ပေါင် 63 သန်း ပေးကာ ခေါ်ယူတော့မယ်လို့ မျှော်လင့်ရပြီး ၊ အပြောင်းအလဲတွေ က အဲဒီ နေရာကနေ စတင်လာဖွယ် ရှိနေပါတယ်။

လက်ရှိ မန်စီးတီး တာဝန်ရှိသူတွေ အကြားမှာ အသင်းနဲ့ လမ်းခွဲတော့မယ့် ဖာနန်ဒင်ဟို ရဲ့ နေရာကို အစားထိုးဖို့ ကွင်းလယ် ကစားသမား တစ်ယောက် အားဖြည့်ဖို့ လိုအပ်တယ်လို့ အပြည့်အ၀ လက်ခံထားပြီး ၊ အခြား စီနီယာ ကစားသမား 5 ယောက် ရဲ့ အနာဂတ် ကလဲ သေချာရေရာမှု မရှိသေးပါဘူး။

တိုက်စစ်ကစားသမားတွေ ဖြစ်တဲ့ စတာလင် ၊ ဂျေဇု ၊ မာရက်ဇ် နဲ့ ဂွန်ဒိုဂန် တို့ဟာ လက်ရှိ စာချုပ်သက်တမ်း နောက်ဆုံးနှစ် အတွင်း ဝင်ရောက်တော့မှာ ဖြစ်သည့်တိုင်အောင် ၊ သူတို့ ရဲ့ အနာဂတ်တွေ က အသင်းမှာ ဆက်ရှိဖို့ မသေချာပဲဖြစ်လာပါတယ်။ နောက်တန်း ကစားသမား မန်ဒီ ကတော့ ကာမပိုင်း ဆိုင်ရာ ပြစ်မှုကျူးလွန်မှု စွပ်စွဲချက်တွေ နဲ့ အခုထိ အချုပ်ခန်းထဲကနေ တရားရင်ဆိုင် နေရဆဲ ဖြစ်ပါတယ်။

ဒီရာသီမှာ မန်စီးတီး အတွက် ထင်မှတ်မထားလောက်အောင် ခြေစွမ်းပြ ကစားနေတဲ့ ဘာနာဒို ဆေးဗား ကတော့ ရာသီ အကုန်မှာ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး တရားဝင် ဆွေးနွေးသွားမယ်လို့ ပြောဆိုထားပါတယ်။ သူဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလတုန်းက အသင်းကနေ ထွက်ခွာဖို့ အနီးစပ်ဆုံး ဖြစ်ခဲ့သူ ဖြစ်ပြီး ၊ မယုံကြည်နိုင်စရာ အလှည့်အပြောင်းတွေ နဲ့ အရေးပါတဲ့ ကွင်းလယ် ကစားသမား တစ်ယောက်အဖြစ် ပြန်လည် ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ ပေါ်တူဂီ ကစားသမားဟာ မန်စီးတီး နဲ့ စာချုပ်သက်တမ်း တိုးနိုင်လိမ့်မယ်လို့ ယုံကြည်မှု အပြည့် ဖြစ်နေပါတယ်။

တစ်ချိန်တည်းမှာ လာမယ့် ဘောလုံးရာသီ အကုန်ရောက်တာ နဲ့ လက်ရှိ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် ကတ်တလန်သားကြီး ပက် ဂွာဒီယိုလာ ကိုပါ စီးတီး တာဝန်ရှိသူတွေက စာချုပ်သစ် သက်တမ်း တိုးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

လက်ရှိ မန်စီးတီး ပိုင်ရှင် နဲ့ ထိပ်တန်း တာဝန်ရှိသူတွေ အကြား တစ်ခုတည်းသော အဓိက မျှော်လင့်ချက်က တစ်နေ့နေ့မှာ ချန်ပီယံလိဂ် ဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့ ဖြစ်ပါတယ်။ အင်္ဂလန် ပြည်တွင်းက ဆုဖလား မျိုးစုံကို သိမ်းပိုက်ထားပြီးပြီ ဖြစ်သည့်တိုင်အောင် ၊ မန်စီးတီး ဟာ ဥရောပ အထိ အောင်မြင်မှုတွေ ခြေဆန့်နိုင်တဲ့ အသင်းမျိုး ဖြစ်လာဖို့ အိပ်မက်တွေ အကြီးကြီး မက်ထားတာပါ။

 

ပက် ဂွာဒီယိုလာ ကတော့ 2011 ခုနှစ် က ချန်ပီယံလိဂ် ဖလားကြီးကို ဘာစီလိုနာ နဲ့ အတူ နောက်ဆုံး ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပြီး ၊ အဲဒီနောက်ပိုင်းမှာ ဘိုင်ယန် မြူးနစ် ၊ မန်စီးတီး တို့လို အသင်းတွေမှာ ဆက်တိုက် ကြိုးစားသည့်တိုင်အောင် စွမ်းဆောင်ပြနိုင်ခြင်း မရှိသေးပါဘူး။ အဲဒီ အကြောင်းအရင်း တစ်ခုက အသင်းမှာ ဆက်ရှိနေဖို့ အတွက် ဆုံးဖြတ်ချက် ချမှတ်တဲ့ နေရာမှာ သက်ရောက်မှုတွေ ရှိနေမလား ဆိုတာတော့ စောင့်ကြည့်သွားရမှာပါ။

လီဗာပူး နဲ့ အက်ဖ်အေ ဖလား အကြိုဗိုလ်လုပွဲ မကစားခင် ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတုန်းက မန်စီးတီး ကသာ ကမ်းလှမ်းလာမယ် ဆိုရင် 10 နှစ် သက်တမ်းရှိတဲ့ စာချုပ်မျိုးတောင် ချုပ်ဆိုဖို့ အဆင်သင့်ပဲလို့ ပက် ကိုယ်တိုင် ထုတ်ဖော် ပြောဆိုခဲ့ဖူးသလို ၊ ကမ္ဘာပေါ်မှာ မန်စီးတီး ထက် ပိုပြီး အလုပ်လုပ်လို့ ကောင်းတဲ့ နေရာမျိုးဆိုတာ ထပ်ရှာလဲ မတွေ့နိုင်ဘူးလို့ မှတ်ချက် ပေးခဲ့ဖူးပါတယ်။

 

ရီးရဲ မက်ဒရစ် ကို ရှုံးနိမ့်တဲ့ ပွဲအပြီးမှာ တုန်းကဆိုရင် မန်စီးတီး အဝတ်လဲခန်း တစ်ခုလုံး တိတ်ဆိတ်နေခဲ့တယ်လို့ အသင်းနဲ့ နီးစပ်သူ တစ်ချို့က ပြောပြထားပြီး ၊ ပုံမှန် အားဖြင့် ရှုံးပွဲ ကြုံရင် တစ်ယောက်ကို တစ်ယောက် လိုအပ်ချက်တွေ ထောက်ပြတာမျိုးတွေ ရှိကြပေမယ့် ၊ အဲဒီပွဲကတော့ ဘာမှ ပြောချင်စိတ် မရှိလောက်အောင်ကို ဆွံ့အသွားခဲ့ဟန် တူပါတယ်။ မန်စီးတီး ဟာ မီးနစ် 90 ရောက်မှ ချေပဂိုး 2 ဂိုး ပေးလိုက်တာ ဖြစ်ပြီး ၊ အဲဒီ နှစ်ဂိုးအကြား အချိန်ကွာဟချက် က စက္ကန့် 80 သာရှိခဲ့ပါတယ်။

အချိန်ပို ဆက်လက် ကစားချိန်မှာတော့ ပင်နယ်တီ ကန်ခွင့် ပေးလိုက်ရပြန်တာကြောင့် စုစုပေါင်း 11 မီးနစ် အတွင်း 3 ဂိုး အထိ အံ့အားသင့်ဖွယ်ရာ ခွင့်ပြုလိုက်ရတာ ဖြစ်ပါတယ်။

ဒီတစ်ပတ်မှာတော့ လီဗာပူး ဟာ စပါး နဲ့ အချိန်စောပြီး ကစားမှာ ဖြစ်တဲ့ အတွက် ၊ အဲဒီ ပွဲ အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ကို ပြန်လည် ဦးဆောင်ဖို့ အခွင့်အရေး ရှိနေပါတယ်။ မန်စီးတီး က အဲဒီပွဲပြီးမှ အိမ်ကွင်းမှာ နယူးကာဆယ် ကို လက်ခံ ကစားပေးရမှာပါ။

 

“ ကျနော်တို့ အနေနဲ့ အချိန် တစ်ရက် ၊ နှစ်ရက်လောက် လိုပါတယ်။ ဒါပေမယ့် သေချာပေါက် ပြန်ပြီး ခေါင်းမော့လာမှာပါ။ ကိုယ့် စွမ်းဆောင်ရည်တွေ အတိုင်း ပြန်လည် ကစားပြမှာပါ” လို့ပက် က ပြောဆိုထားပါတယ်။

 

တစ်ချိန်တည်းမှာ ပက် က “ရာသီ အကုန်ရောက်တာ နဲ့ အပြောင်းအလဲတွေ အများကြီး ဖြစ်လာနိုင်တယ်” လို့ ပြောဆိုခဲ့ဖူးတာကြောင့် ဂျေဇု ၊ စတာလင် ၊ မာရက်ဇ် ၊ ဂွန်ဒိုဂန် တို့ရဲ့ အနာဂတ် က မရေရာမှုတွေ ပိုများလာနေပါတယ်။

 

ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတုန်းက ရေးဗားပလိတ် အသင်း ရဲ့ တိုက်စစ်မှုး ဂျူလီယံ အယ်ဗာရက်ဇ် ကို ပေါင် 14 သန်း နဲ့ ခေါ်ယူထားခဲ့ပြီး ၊ အငှားပြန်ချထားခဲ့ပါတယ်။ လာမယ့် ဘောလုံးရာသီ ရောက်ရင် အဆိုပါ တိုက်စစ်မှုးကိုပါ ခေါ်ယူမလား ၊ နောက်တစ်ရာသီ ထပ်ပြီး အငှားချဦးမလား ဆိုတာတော့ မသိရသေးပါဘူး။

စတာလင် ကလဲ ရာသီအကုန် ရောက်တာနဲ့ တာဝန်ရှိသူတွေ ကို တွေ့ဆုံကာ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမှာပါ။ ထူးသဖြင့် အင်္ဂလန် နဲ့ အတူ ကမ္ဘာ့ဖလား ပါဝင် ကစားခွင့်ရဖို့ ပစ်မှတ်ထားနေတဲ့ အတွက် ၊ ပုံမှန် ကစားခွင့် ရဖို့က အရေးပါလျှက် ရှိနေပါတယ်။

ထိုနည်းတူစွာ ဂွန်ဒိုဂန် ကလဲ မန်စီးတီးမှာ ဆက်ရှိဖို့ပဲ များတယ်လို့ ပြောထားတာမျိုး ရှိသည့်တိုင်အောင် ၊ သူနဲ့ မာရက်ဇ် တို့ဟာ 31 နှစ် ဝန်းကျင် အတွင်း ရောက်လာပြီ ဖြစ်လို့ ၊ စာချုပ်သစ် ကိစ္စ အပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

 

အဲဒီ အထဲမှာ အသင်းနဲ့ လမ်းခွဲဖို့ ဖြစ်နိုင်ချေ အများဆုံး က တိုက်စစ်မှုး ဂျေဇုဖြစ်ပြီး ၊ အခု ကတည်းက အပြောင်းအရွှေ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်လျှက် ရှိနေပါတယ်။ ကွင်းလယ် ကစားသမား နေရာအတွက်တော့ ဘာစီလိုနာ က နယ်သာလန် ကစားသမား ဒီဂျောင် ၊ ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒက် ကလန်ရိုက်စ် တို့က မန်စီးတီး ရဲ့ စောင့်ကြည့် စာရင်းမှာ ပါဝင်ထားပါတယ်။

လက်ရှိမှာ မန်စီးတီး ဟာ ဖာရန် တောရက် ကို ရောင်းချငွေ ပေါင် 46.7 သန်း ရင်ဝယ် ပိုက်ထားပြီးပြီ ဖြစ်သလို ၊ မလိုအပ်တော့တဲ့ ကစားသမားတွေ ဖြစ်တဲ့ Yangel Herrera, Pedro Porro, Morgan Rogers တို့ကို ဆက်လက် ရောင်းချဦးမှာဖြစ်လို့ ၊ ဂျေဇုလို စီနီယာ ကစားသမား တစ်ယောက်ကိုပါ ထပ်မံ ရောင်းလိုက်မယ် ဆိုတာနဲ့ သူတို့ရဲ့ ရောင်းရငွေ စုစုပေါင်း က ပေါင် သန်း 100 နားအထိ ရောက်ရှိသွားဖွယ် ရှိနေပါတယ်။

 

SPORTS MYANMAR