ချန်ပီယံလိဂ်ဖိုင်နယ်မှာ လီဗာပူးနဲ့ ဘယ်သူ ဆုံတွေ့သွားမလဲဆိုတာ ခန့်မှန်းလိုက်တဲ့ မိုက်ကယ်အို၀င်

 

ယနေ့မနက်အစောပိုင်းက ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာတော့ လီဗာပူးဟာ ဗီလာရီးရဲယ်ကို ပထမပိုင်းမှာ ၂-၀ နဲ့ ရှုံးနေခဲ့ပေမယ့်လည်း ဒုတိယပိုင်း comeback နဲ့ အတူ ၃-၂ နဲ့ ပြန်လာနိုင်ခဲ့ကာ နှစ်ကျော့ပေါင်း ၅-၂ နဲ့ ဖိုင်နယ်ကို တက်သွားခဲ့ပါတယ်။

ဒါ့ကြောင့် အန်ဖီးကလပ်ဟာ ဖိုင်နယ်မှာ မန်စီးတီး ဒါမှမဟုတ် ရီးရဲယ်မက်ဒရစ် တစ်သင်းသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း မိုက်ကယ်အို၀င်က လီဗာပူးနဲ့ ဖိုင်နယ်မှာ ဘယ်သူ ဆုံသွားမလဲ ဆိုတာ ခန့်မှန်းပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က အီတီဟတ်မှာ ကစားခဲ့တဲ့ ဒီနှစ်သင်းရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ် ကတော့ ပြိုင်ပွဲ သမိုင်းတစ်လျှောက် အကောင်းဆုံး ပွဲစဉ်တွေ ထဲက တစ်ပွဲ ဖြစ်ခဲ့ပြီး ဒရမ်မာဆန်ဆန် အရာတွေကို မြင်တွေ့ခဲ့ကြရပါတယ်။ မန်စီးတီးဟာ ပွဲအစကတည်းက ရီးရဲယ်ကို အပြတ်သတ် အသာစီး ကစားခဲ့ပြီး ပွဲချိန် ၁၁ မိနစ် အတွင်းမှာတင် ဒီဘရိုင်းနား ဂျီဆု တို့ရဲ့ ဂိုးတွေနဲ့အတူ ၂-၀ နဲ့ အနိုင်ရနေခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာလည်း မန်စီးတီး အတွက် နောက်ထပ် အခွင့်အရေးတွေ ရခဲ့ပေမယ့် ၃-၀ ၄-၀ ဖြစ်နိုင်မယ့် အခွင့်အရေးတွေကို ဖြုန်းတီး ပစ်ခဲ့ပါတယ်။ အဲဒီနောက် ဘန်ဇီးမားဟာ ၃၃ မိနစ်မှာ အကောင်းဆုံး အဆုံးသတ်ခဲ့တာကြောင့် ပထမပိုင်းမှာ ၂-၁ နဲ့ ပြန်လာနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ၅၃ မိနစ်မှာ ဖိုဒန်က ၃-၁ ဖြစ်စေမယ့် ဂိုးကို သွင်းယူပေးခဲ့ပေမယ့် ၂ မိနစ် အကြာမှာပဲ ဗီနီရှပ်ဂျူနီယာက တစ်ကိုယ်တော် အစွမ်းနဲ့ ဂိုးသွင်းခဲ့တာကြောင့် ၃-၂ ပြန်ဖြစ်သွားခဲ့ပါတယ်။

 

ဒါပေမယ့် ဆေးလ်ဗားက ၇၄ မိနစ်မှာ ဂိုးသွင်းခဲ့တာကြောင့် ၄-၂ ပြန်ဖြစ်သွားခဲ့ပေမယ့် လာပေါ့ဒ်ရဲ့ လက်ထိဘောကနေ တဆင့် ရခဲ့တဲ့ ပင်နယ်တီကို ဘန်ဇီးမားက ပန်နင်ကာ ကန်ချက်နဲ့ လှပစွာ ကန်သွင်းခဲ့တာကြောင့် ၄-၃ နဲ့ ပွဲပြီးခဲ့ပြီး တစ်ပွဲလုံး ခြေစွမ်းအသာစီးနဲ့ ကစားခဲ့တဲ့ မန်စီးတီးတို့ မချင့်မရဲ ဖြစ်ခဲ့ရပါတယ်။ ဒီနေ့မှာတော့ ဒုတိယအကျော့ ပွဲစဉ်ကို ကစားသွားရမှာ ဖြစ်ပြီး မိုက်ကယ်အို၀င်က ယခုလို ခန့်မှန်းသုံးသပ်သွားခဲ့ပါတယ်။

မိုက်ကယ်အို၀င်က “ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ် ကတော့ တကယ့်ကို ဂန္တ၀င်မြောက် ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာလည်း ကျွန်တော်တို့ ဒရမ်မာဆန်ဆန် အရာတွေကို မြင်တွေ့ရနိုင်ပါတယ်။ ရီးရဲယ်မက်ဒရစ် အသင်း အတွက် ကတော့ ပထမအကျော့ ပွဲစဉ် အပြီး တစ်ဂိုး အကွာနဲ့သာ ရှုံးနိမ့်ထားခဲ့တာဟာ သူတို့အတွက် အရမ်းကို ကောင်းတဲ့ ရလဒ် ဖြစ်ခဲ့ပါတယ်။ ဘာနေဗျူးမှာတော့ ကာလိုအန်ဆယ်လော့တီရဲ့ အသင်းဟာ ပိုမိုများပြားတဲ့ အံ့ဖွယ် အရာတွေကို လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေမှာပါ။

ကာရင်ဘန်ဇီးမားဟာ အားလုံး သိကြတဲ့ အတိုင်းပဲ ဒီပြိုင်ပွဲမှာ တကယ့်ကို အံ့သြဖွယ်ရာ စွမ်းဆောင်ရည်တွေ ပြသလျက် ရှိနေပါတယ်။ ရီးရဲယ်မက်ဒရစ် အနေနဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အတွက် ဆိုရင် ပြင်သစ်စတား ဆီက ဒီလိုမျိုး စွမ်းဆောင်ရည်မျိုးတွေကို ထပ်ပြီး လိုအပ်မှာ ဖြစ်ပါတယ်။

မန်စီးတီးတို့ ပထမအကျော့က အီတီဟတ်မှာ ဘာကြောင့်များ ရီးရဲယ်မက်ဒရစ်ကို အနည်းဆုံး ၂ ဂိုး အသာနဲ့ အနိုင်မရခဲ့တာလဲ ဆိုတာကို ကျွန်တော် မရှင်းပြတက်လောက်အောင် ပါပဲ။ သူတို့ဟာ ပထမပိုင်းမှာတင် မက်ဒရစ်ကို ၃ ဂိုး ၄ ဂိုး အသာနဲ့တောင် နိုင်ထားခဲ့သင့်တာပါ။ ဒါပေမယ့် သူတို့ဟာ ရရှိခဲ့တဲ့ အခွင့်အရေး တွေကို ကောင်းစွာ အသုံးမချ နိုင်ခဲ့ပါဘူး။ သူတို့ဟာ ပွဲအပြီးမှာတော့ ဒါတွေကို ဖြုန်းတီးပစ်ခဲ့တဲ့ အတွက် ညီးတွားနေမှာ ဖြစ်ပါတယ်။

မန်စီးတီး အသင်းရဲ့ တစ်ဦးချင်း အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ကျွန်တော်တို့ မြင်တွေ့ ခဲ့ရပါတယ်။ ဒီဘရိုင်းနား နဲ့ ဆေးလ်ဗား တို့ဟာ တအားကို ကောင်းမွန်ခဲ့ကြ ပါတယ်။ အကယ်၍ စီးတီးသာ ဘာနေဗျူးမှာ မန်ချက်စတာ မှာတုန်းကလိုမျိုး ကစားပုံကို ပြသနိုင်ခဲ့မယ် ဆိုရင် သူတို့ ဖိုင်နယ်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

မက်ဒရစ်မှာ ကွင်းရဲ့ အငွေ့အသက် ကတော့ တကယ့်ကို amazing ဖြစ်နေမှာ သေချာပါတယ်။ ရီးရဲယ်မက်ဒရစ်ဟာ မန်စီးတီးရဲ့ ဦးဆောင်နေမှုကို ပြန်လည် ချေဖျက်နိုင်ဖို့ အတွက် တိုက်ကစားသွားမှာတော့ သေချာပါတ်ယ။ ဒါဟာ မန်စီးတီး အတွက် အံ၀င်ခွင်ကျ ဖြစ်သွားနိုင် ပါတယ်။ ကျွန်တော် ကတော့ ဧည့်သည်တို့ အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင်ရသွားမယ်လို့ မြင်မိပါတယ်။” လို့ ခန့်မှန်း သွားခဲ့ပါတယ်။

SM