ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ် အတွက် အဆုံးအဖြတ် ပင်နယ်တီ ကန်ဖို့ အဆင်သင့် ဖြစ်နေတဲ့ ကော်တွိုက်စ်

ယခုနှစ် ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ယနေ့ည ပြင်သစ် နိုင်ငံ ၊ ပဲရစ်မြို့က ပါ့ခ်ဒီဖရန့် ဘောလုံးကွင်းကြီးမှာ ကျင်းပသွားဖို့ ရှိပြီး ၊ ၂၀၁၈ ဖိုင်နယ်တုန်းက ရင်ဆိုင်ခဲ့ကြဖူးတဲ့ လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့ နောက်တကြိမ် ထိပ်တိုက် တွေ့ဆုံကာ ၊ ယှဉ်ပြိုင် ဗိုလ်လုကြမှာ ဖြစ်ပါတယ် ။

ဒီရာသီ ပြည်တွင်း ပြိုင်ပွဲတွေမှာ ကိုယ်စီ အောင်မြင်မှု ရထားတဲ့ ကလပ် ၂သင်းဟာ ရာသီပိတ် နောက်ဆုံးပိတ်မှာ ဘယ်သူက အိတ်နဲ့လွယ်သွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။ လီဗာပူး ဟာ ဒီရာသီ ပြည်တွင်း ရှုံးထွက်ဖလား ဗိုလ်လုပွဲ ၂ပွဲမှာ အနိုင်ရ ဗိုလ်စွဲထားသလို ၊ ရီးရဲလ်မက်ဒရစ် ကတော့ ဒီနှစ် ဘောလုံးရာသီရဲ့ လာလီဂါ ချန်ပီယံ ဖြစ်ထားပါတယ် ။

လီဗာပူး ဟာ အင်္ဂလိပ် ဘောလုံး သမိုင်းတလျှောက် တခါမှ မကြုံဖူးတဲ့ ဖလား ၄လုံး အောင်မြင်မှု လမ်းကြောင်းမှာ ပြီးခဲ့တဲ့ အပတ်က အထိ ရပ်တည်ခဲ့ပေမယ့် ၊ ပရီးမီးယားလိဂ် ရာသီပိတ် နောက်ဆုံးပွဲရဲ့ နောက်ဆုံး အခိုက်အတန့်မှာ ထိုအိပ်မက်ကို စွန့်လွှတ်ခဲ့ရပါတယ် ။

သို့ပေမယ့် ယင်းမာဆေးဆိုဒ်ကလပ်မှာ ရှုံးထွက်ဖလား ၃လုံး ဆွတ်ခူးဖို့ အခွင့်အရေး အပြည့်အဝ ရှိနေပါသေးတယ် ။ ပြီးခဲ့တဲ့ ဝင်ဘလေဖိုင်နယ် ၂ခုမှာ လီဗာပူး ဟာ ချဲလ်ဆီးကို ပင်နယ်တီ အဆုံးအဖြတ်တွေမှာ အနိုင်ယူကာ ၊ ဗိုလ်စွဲခဲ့တာကြောင့် ၊ ယနေ့ည ချန်ပီယံလိဂ် ဖိုင်နယ်ဟာလည်း ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်အရှုံး ဆုံးဖြတ်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် ဂိုးသမား သီဘောက် ကော်တွိုက်စ် ကတော့ ပင်နယ်တီ အဆုံးအဖြတ် ရလဒ်ကောင်းနေတဲ့ လီဗာပူးကို ယနေ့ည ဖိုင်နယ်မှာ ရင်ဆိုင်ဖို့ အသင့်ရှိကြောင်း အသိပေးခဲ့သလို ၊ အဆုံးအဖြတ် ပင်နယ်တီ ကန်ဖို့ကိုလည်း ယုံကြည်မှု ရှိနေကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ် ။

ကော်တွိုက်စ် က ” ချဲလ်ဆီးမှာ ကစားခဲ့တုန်းက ပီအက်စ်ဂျီနဲ့ ရာသီကြို ခြေစမ်းပွဲမှာ ပင်နယ်တီကနေ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ၊ အာဆင်နယ်နဲ့ ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲမှာတော့ ကျွန်တော် လွဲခဲ့ပါတယ် ။ အဲဒီတုန်းက ကျွန်တော်ဟာ ပင်နယ်တီ ကောင်းကောင်း ကန်တတ်မှန်း ကွန်တီ သိတာကြောင့် ပင်နယ်တီ တကြိမ် တာဝန်ယူ ကန်သွင်းစေခဲ့တာပါ ။ ”

” ဒါပေမယ့် တကယ့် ဗိုလ်လုပွဲ တပွဲ အတွင်း ဂိုးပေါက်ရှေ့ ပင်နယ်တီ ကန်ရတာက ရိုးရိုး ပင်နယ်တီ ကန်ရတာတွေနဲ့ မတူပါဘူး ။ သေချာတာကတော့ လာမယ့် ဗိုလ်လုပွဲမှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရရင် ၊ ကျွန်တော်ဟာ ပထမဆုံး ပင်နယ်တီ ၅ကြိမ် ကန်တဲ့ အထဲ ပါမှာ မဟုတ်ပါဘူး ။ ”

” အဲဒီနောက်ပိုင်း အနိုင်အရှုံး ဆက်မပေါ်သေးလို့ ရှိရင်တော့ ကျွန်တော် ပင်နယ်တီ တကြိမ် တာဝန်ယူပေးသွားမှာပါ ။ ဒါကို ကျွန်တော် မကြောက်ပါဘူး ။ ဒါဟာ ခင်ဗျား အတွက် တောက်ပဖို့ အခိုက်အတန့်သာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော်တို့ဟာ စပိန် စူပါဖလားမှာ အက်သလက်တီကိုကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ နိုင်ခဲ့ဖူးပါတယ် ။ ”

” အဲဒီမှာ ကျွန်တော် ပင်နယ်တီ တကြိမ် ကာကွယ်ခဲ့ဖူးပြီး ၊ ဒီနှစ် ဘောလုံးရာသီမှာ ကျွန်တော် ပင်နယ်တီ ၃ကြိမ် အထိ ကာကွယ်ထားပါတယ် ။ ဗိုလ်လုပွဲ မတိုင်ခင်ဆို ခင်ဗျားဟာ တဖက် အသင်းရဲ့ ပင်နယ်တီ ကန်ပုံတွေကို ကြိုတင် လေ့လာရပါတယ် ။ သူတို့ဟာ ချဲလ်ဆီးနဲ့ ပင်နယ်တီ အဆုံးအဖြတ် ၂ခါ ဆင်နွှဲထားပါတယ် ။ ”

” ဒါကို လေ့လာရပါမယ် ။ ဘာလို့လဲဆိုတော့ အဲဒီ ၂ပွဲကနေ ခင်ဗျား အနေနဲ့ ဆင်တူယိုးမှား ဖြစ်တာတွေ ရွေးထုတ်နိုင်လို့ပါပဲ ။ ခုတကြိမ် ပင်နယ်တီ ထပ်ကန်ရရင် တူညီတဲ့ ကန်ပုံမျိုး ထပ်မသုံးဖို့ မျှော်လင့်တာပေါ့ ။ ဒါပေမယ့် သုံးလာခဲ့ရင်လည်း အဆင်သင့်ဖြစ်တာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR