ချန်ပီယံလိဂ်ဖိုင်နယ်မှာ လီဗာပူးကို အားပေးသွားမယ့် အကြောင်းရင်းကို ထုတ်ဖော်လိုက်တဲ့ ရီးရဲယ် ကစားသမားဟောင်း ဟားမက်ရိုဒရီဂွက်ဇ်

ရီးရဲယ်မက်ဒရစ် နဲ့ အဲဗာတန် ကွင်းလယ်လူဟောင်း ဖြစ်သူ ဟားမက်ရိုဒရီဂွက်ဇ်က သူ့အနေနဲ့ လီဗာပူးကို ချန်ပီယံလိဂ်ဖလား ဆွတ်ခူးစေချင်တယ်လို့ ပြောသွားခဲ့ကာ ဒါဟာ သူ့ရဲ့ အသင်းဟောင်း ပရိတ်သတ်တွေရဲ့ သစ္စာဖောက်လို့ စွပ်စွဲမှုကို ခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ လီဗာပူးဟာ လာမည့် မေလ ၂၈ ရက်နေ့မှာ ဒီရာသီ ချန်ပီယံလိဂ် ဆုဖလား အတွက် ရီးရဲယ်မက်ဒရစ်နဲ့ ပဲရစ်မှာ ရင်ဆိုင် ကစားသွားရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရိုဒရီဂွက်ဇ်ဟာ အံ့အားသင့်စရာ ကောင်းလောက်အောင်ကိုပဲ အဲဗာတန်ရဲ့ မြို့ခံပြိုင်ဘက် လီဗာပူးကို အားပေးသွားမှာ ဖြစ်တယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။ ကိုလံဘီယာ ကွင်းလယ်ဖန်တီးရှင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက အဲဗာတန် ကနေ ကာတာကလပ် အယ်ရေရန် အသင်းကို ပြောင်းရွေ့ခဲ့သူ ဖြစ်ပါတယ်။

ဟားမက်ဟာ သူ့ရဲ့ နည်းပြဟောင်း ဖြစ်သူ အန်ဆယ်လော့တီနဲ့ ပြန်လည် လက်တွဲဖို့ အတွက် ၂၀၂၀ က ရီးရဲယ်မက်ဒရစ် ကနေ မာဆေးဆိုက်ကို ပြောင်းလာခဲ့တာ ဖြစ်ပြီး အီတလီ နည်းပြဟာ ပြီးခဲ့တဲ့ နွေရာသီက အဲဗာတန် ကနေ ရီးရဲယ်ကို ပြန်လည် ပြောင်းရွေ့ခဲ့ပါတယ်။ ဒီရာသီရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ် မကျေပွဲဖြစ်ပြီး ကိယက်မှာ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ လီဗာပူးဟာ ရီးရဲယ်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဟားမက်ဟာ ရီးရဲယ်တို့ ဥရောပ ချန်ပီယံ ဖြစ်ခဲ့တဲ့ အဆိုပါ ရာသီတုန်းက ဘိုင်ယန်မြူးနစ် အသင်းထံ အငှားထွက် ကစားနေခဲ့တာကြောင့် ချန်ပီယံ ဆုတံဆိပ်ကို မရခဲ့ပါဘူး။ ဒါပေမယ့်လည်း ဟားမက်ဟာ သူ့ရဲ့ အသင်းဟောင်း ၂ သင်းရဲ့ ငြိုငြင်မှုကို လျစ်လျူရှုကာ ဒီရာသီမှာ ယာဂန်ကလော့ရဲ့ အသင်းကို ဗိုလ်စွဲစေချင်တယ်လို့ ၀န်ခံခဲ့ပါတယ်။

ရိုဒရီဂွက်ဇ်က လီဗာပူးကို အားပေးရတဲ့ အကြောင်းရင်းဟာ သူ့ရဲ့ နိုင်ငံ့လက်ရွေးစင် အသင်းဖော် ဖြစ်တဲ့ လူး၀စ်ဒီယက်ကြောင့်လို့ ထုတ်ဖော်သွားခဲ့ ပါတယ်။

ဟားမက်က “ကျွန်တော် ဒီရာသီ ချန်ပီယံလိဂ်မှာ လီဗာပူးကို ဥရောပ ချန်ပီယံ ဖြစ်စေချင်ပါတယ်။ ရီးရဲယ်မက်ဒရစ်မှာ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ အများကြီး ရှိပါတယ်။ ရီးရဲယ်မက်ဒရစ်ဟာ ဒီလိုမျိုး ပွဲစဉ်တွေမှာ ပြိုင်ဘက်တွေ အတွက် ရင်ဆိုင်ရ အရမ်းကို ခက်ခဲတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် ကတော့ လူချို (လူး၀စ်ဒီယက်) ကို ဗိုလ်စွဲစေချင်ပါတယ်။” လို့ ပြောလိုက်ပါတယ်။

ဒီယက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ပေါ်တိုကနေ လီဗာပူးကို ရောက်ရှိလာခဲ့သူ ဖြစ်ပြီး စစရောက်ခြင်းမှာပဲ အသင်းသစ်မှာ လျှင်မြန်စွာ အထိုင်ကျပြီး ခြေစွမ်းပြ ကစားလျက်ရှိနေပါတယ်။ ကိုလံဘီယာစတားဟာ လီဗာပူး အတွက် ပြိုင်ပွဲစုံ ၂၃ ပွဲမှာ ၆ ဂိုး သွင်းကာ ၄ ဂိုး ဖန်တီးပေးထားခဲ့ပြီး ဗီလာရီးရဲယ်နဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ပွဲကို အဆုံးအဖြတ် ဖြစ်စေခဲ့ကာ လီဗာပူးကို ချန်ပီယံလိဂ်ဖိုင်နယ် ပို့ဆောင်ပေးခဲ့ပါတယ်။

SM