ကျွန်တော် ဘောလုံးအကြောင်းကို နားတောင်မလည်နိုင်တော့ပါဘူး’ ရီးရဲယ်တို့ ဖိုင်နယ်တက်သွားခဲ့တဲ့ အပေါ် အံ့အားသင့်နေတဲ့ ရှမိုက်ကယ်

 

ပီတာရှမိုက်ကယ်က ရီးရဲယ်မက်ဒရစ် တို့ မနေ့ညက လုံး၀ မဖြစ်နိုင်လောက်တဲ့ အခြေအနေကနေ နောက်ထပ် အံ့ဖွယ် comeback နဲ့အတူ ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်သွားခဲ့တဲ့ အပေါ် မယုံနိုင်လောက်အောင် ဖြစ်နေပါတယ်။

ပထမအကျော့က အီတီဟတ်မှာ ၄-၃ နဲ့ နိုင်ထားခဲ့တဲ့ မန်စီးတီးဟာ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အိမ်ရှင် ရီးရဲယ်မက်ဒရစ်ကို တစ်ပွဲလုံးနီးပါး လွှမ်းမိုး ကစားသွားခဲ့တဲ့ အပြင် ပွဲပြီးဖို့ ၁၇ မိနစ် အလိုမှာ မာရက်ဇ်က ဂိုးသွင်းယူခဲ့တာကြောင့် ဖိုင်နယ်ကို တက်ရောက်နိုင်ရန် သေချာသလောက် ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့်လည်း ဥရောပ ဘုရင်ဟာ လူတွေကို မယုံနို်င်စရာ လုပ်ပြသွားခဲ့ပါတယ်။ လူစား၀င် ကစားသမားဖြစ်တဲ့ ရိုဒရီဂိုဟာ နာကျင်အချိန်ပိုမှာ ၂ ဂိုး သွင်းယူခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၅-၅ ဖြစ်သွားခဲ့ကာ အချိန်ပို ကန်ခဲ့ရပါတယ်။

အချိန်ပိုမှာ ဘန်ဇီးမားကို ရူဘင်ဒီယက် ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ရီးရဲယ်တို့ ပင်နယ်တီ ရခဲ့ပြီး ဘန်ဇီးမား ကပဲ တည်ငြိမ်စွာ အဆုံးသတ်ခဲ့ပါတယ်။

အခုဆိုရင် အန်ဆယ်လော့တီရဲ့ အသင်းဟာ ယခုလကုန် ပဲရစ်မှာ လီဗာပူးနဲ့ ဖိုင်နယ် ပွဲစဉ်ကို ကစားသွားရတော့မှာ ဖြစ်ပြီး ရီးရဲယ်ဟာ ပီအက်ဂျီ ချဲလ်ဆီးတို့နဲ့ ကစားခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့် နဲ့ ကွာတားဖိုင်နယ် တို့မှာလည်း ပြိုင်ဘက်ရဲ့ လွှမ်းမိုးမှုတွေ ခံခဲ့ရပေမယ့်လည်း ဒီလိုမျိုး အံ့ဖွယ် comeback တွေနဲ့ ပြန်လာခဲ့တဲ့ အသင်း ဖြစ်ပါတယ်။

ရီးရဲယ် အနေနဲ့ ၁၄ ကြိမ်မြောက် ဥရောပဖလား အတွက် အနီးစပ်ဆုံး အခြေအနေကို ရောက်နေပြီ ဖြစ်ပေမယ့်လည်း မန်ယူနိုက်တက် ဂိုးသမားဟောင်း ရှမိုက်ကယ် ကတော့ ဒီလိုမျိုး အားနည်းချက် များစွာ ရှိနေတဲ့ အသင်းဟာ ဘယ်လိုလုပ်ပြီး ဒီလို အဆင့်ကို ရောက်သွားသလဲဆိုတာ မစဉ်းစားနိုင်လောက်အောင် ဖြစ်နေပါတယ်။

ရှမိုက်ကယ်က “သူတို့ရဲ့ ပထမဦးဆုံး ဂိုးပေါက်တည့်မှုဟာ မိနစ် ၉၀ မှာ ရခဲ့တဲ့ ပထမဂိုး ဖြစ်ပါတယ်။ ဒုတိယဂိုးကလည်း ဒုတိယအကြိမ်မြောက် အခွင့်အရေးမှာ ဖြစ်ပါတယ်။ တတိယဂိုး ကလည်း သူတို့ တတိယအကြိမ်မြောက် ဂိုးပေါက်တည့်မှု ကနေပါ။

 

ရီးရဲယ်မက်ဒရစ်ဟာ ဒီဖိုင်နယ်ကို တက်ရောက်ဖို့ အတွက် ထိုက်တန်မှု လုံး၀ မရှိပါဘူး။ သူတို့ဟာ မန်စီးတီးနဲ့ နှစ်ကျော့စလုံးမှာ ပြိုင်ဘက်ရဲ့ အပြတ်အသတ် လွှမ်းမိုး ကစားမှုကို ခံခဲ့ရပါတယ်။ မန်စီးတီးဟာ ပွဲကို အပြည့်အ၀ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောခဲ့တဲ့ ဒီလို အခိုက်အတန့်လေးတွေက စကား ပြောသွားခဲ့ပါတယ်။

ဒီပွဲမတိုင်မီ ဘာနေဗျူးကွင်းဟာ သူတို့အတွက် ၁၂ ယောက်မြောက် ကစားသမား ဖြစ်လာနိုင်တယ်လို့ ပြောခဲ့ပါတယ်။ သူတို့ ဒုတိယပိုင်း စစချင်း ၈ စက္ကန့်လောက်မှာ ရရှိခဲ့တဲ့ အခွင့်အရေးဟာ တစ်ကွင်းလုံးကို စတင် အုံကြွသွားစေခဲ့ပါတယ်။ ဒါဟာ မယုံနိုင်စရာပါပဲ။

မန်ချက်စတာစီးတီး အတွက် ကျွန်တော် အနည်းငယ် ၀မ်းနည်းမိပါတယ်။ ကျွန်တော် ဒီလိုပဲ ပြောသွားရမှာပါ။ ဘာလို့လဲဆိုတော့ မိနစ် ၉၀ မှာ ပေးလိုက်ရတဲ့ ဂိုးကလွဲပြီး သူတို့ဟာ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ သူတို့ဟာ အရာအားလုံးကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

ဒီညမှာ ကွင်းလယ်က ရိုဒရီဟာ အံ့ဖွယ်ပါပဲ။ ကျွန်တော် ဘာကိုမှ ဝေဖန်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကယ်ဗင်ဒီဘရိုင်းနားလို ကစားသမားမျိုးကို ဆုံးရှုံးလိုက်ရပြီ ဆိုရင် ပွဲရဲ့ အလှည့်အပြောင်း ဖြစ်သွားခဲ့ပုံအရ သူတို့ဟာ နောက်ဆုံး မိနစ် ၃၀ မှာ သူ့ကို တအားကို လိုအပ်ခဲ့ပါတယ်။

ရီးရဲယ်မက်ဒရစ်တို့ ဘယ်လိုလုပ်ပြီးများ ပြန်လာနိုင်ခဲ့သလဲ ဆိုတာ ကျွန်တော်လည်း မသိနိုင်တော့ပါဘူး။ သူတို့ဟာ ကစားပုံ မကောင်းခဲ့ပါဘူး။

ဒီရာသီ ချန်ပီယံလိဂ်ကို ခန့်မှန်းရတာ တအားကို ခက်ခဲပါတယ်။ ကျွန်တော် ဒီရာသီမှာ ဘိုင်ယန်တို့ ဗိုလ်စွဲမယ်လို့ ခန့်မှန်းခဲ့တာပါ။ သူတို့က ကွာတားဖိုင်နယ်မှာပဲ ထွက်ခဲ့ရပါတယ်။ ကျွန်တော်ကတော့ ရီးရဲယ်မက်ဒရစ်ဟာ အင်္ဂလန်မှာ ဒီလို ရလဒ်ကို ရယူနိုင်ခဲ့တဲ့ အတွက် ဖိုင်နယ်ကို တက်သွားခဲ့တယ်လို့ ထင်ပါတယ်။

 

ဒါပေမယ့် သူတို့ဟာ တအားကို ညံ့ပါတယ်။ ချဲလ်ဆီးကို အဝေးကွင်းမှာ နိုင်ခဲ့တဲ့ တစ်ပွဲပဲ ကောင်းခဲ့တာပါ။ ကျွန်တော် ဘောလုံးအကြောင်းကို နားမလည်နိုင်တော့ပါဘူး။” လို့ ဆိုသွားပါတယ်။

SM