ကျနော်တို့ အတွက် တစ်ခုတည်းသော လိုနေတဲ့ ဖလားမို့ ၊ ကိုင်မြှောက်ချင်ပါတယ် #ဗန်ဒိုက်

သောမတ် တူချယ် ရဲ့ ချဲဆီး နဲ့ ကလော့ပ် ရဲ့ လီဗာပူး တို့ဟာ ဒီရာသီ မှာ စတုတ္ထမြှောက် တွေ့ဆုံပွဲအဖြစ် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ နောက်တစ်ကြိမ် ပြန်တွေ့တော့မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အနိုင်အရှုံး အဖြေမပေါ်ခဲ့တဲ့ မန်စီးတီး နဲ့ တုန်းကတော့ အက်ဖ်အေ ဖလားမှာ သဲသဲကွဲကွဲ ဖြစ်အောင် လီဗာပူး က ကစားပြရင်း ဗိုလ်လုပွဲကြီးဆီ တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာလဲ ပရီးမီးယားလိဂ် တင်မဟုတ်ပဲ ၊ ကာရာဘောင် ဖလား ဗိုလ်လုပွဲ ပွဲကစားချိန် အတွင်းမှာပဲ အဖြေ ထွက်အောင် ဖော်ဆောင်နိုင်ခြင်း မရှိခဲ့တဲ့ လီဗာပူး နဲ့ ချဲဆီး တို့ဟာ နောက်တစ်ကြိမ် အားပြိုင်ကြဦးမှာပါ။ မီးနစ် အားဖြင့် တွက်ကြည့်မယ် ဆိုရင် သူတို့ နှစ်သင်းဟာ မီးနစ်ပေါင်း 300 ကျော် အထိ ဒီရာသီမှာ ထိပ်တိုက် ရင်ဆိုင် ကစားထားပြီးပြီ ဖြစ်သည့်တိုင်အောင် ၊ ပြတ်သားတဲ့ ရလာဒ်မျိုးကို ဖော်ဆောင်နိုင်ခြင်း မရှိတာ ဖြစ်ပါတယ်။

ခံစစ်မှုးကြီး ဗန်ဒိုက် ကတော့ သူတို့ အသင်းဟာ အက်ဖ်အေ ဖလား မဆွတ်ခူးနိုင်တာ ကြာပြီ ဖြစ်တဲ့ အတွက် ဒီဖလား ကို အမိအရ ဆုပ်ကိုင်ချင်တဲ့ အကြောင်းကို အခုလို မှတ်ချက် ပေးလာခဲ့ ပါတယ်။

“ ဒီပြိုင်ပွဲက ထူးခြားတဲ့ ပြိုင်ပွဲမျိုးပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေ တုန်းက ဆိုရင် ဗိုလ်လုပွဲ ကို တက်ရောက်ဖို့ အတွက်တောင် နီးနီးစပ်စပ် ဖြစ်အောင် ကျနော်တို့က စွမ်းဆောင်ပြနိုင်ခဲ့တာ မဟုတ်ပါဘူး။ ကံမကောင်းစွာနဲ့ပဲ ပြောရရင် တခြား အကြောင်းအရင်းတွေလဲ ရှိတာပေါ့။ ဒါပေမယ့် အခုတော့ ဗိုလ်လုပွဲကို ရောက်နေပါပြီ။ ဒါကြောင့် အထူးအောင်မြင်မှု တစ်ခု ဖြစ်အောင် လုပ်ပြချင်ပါတယ်။

ကျနော် ဒီကလပ် ကို ရောက်ပြီး ကတည်းက ကစားသမားတွေ ဆွတ်ခူးနိုင်ခြင်း မရှိသေးတဲ့ ဖလား တစ်လုံးက ဒီဖလား ဖြစ်ပါတယ်။ အခုတော့ အသင်းကောင်း တစ်သင်းဖြစ်တဲ့ ချဲဆီး ကို ရင်ဆိုင် ကစားရင်း ကြီးမားတဲ့ အခွင့်အရေးတစ်ခု ရှေ့နားမှာ ရောက်နေပါပြီ။

ကလပ် အသင်း အနေနဲ့ ကြည့်မယ် ဆိုရင်လဲ ဒီဖလားကြီးကို ကိုင်မြှောက်နိုင်ခြင်း မရှိတာ တော်တော်ကြာပြီ ထင်ပါတယ်။ အခုတော့ ကျနော်တို့ရဲ့ ဆုဖလား ပြတိုက်ထဲမှာ နောက်ထပ် တစ်လုံး ထပ်ပြီး ထားနိုင်ဖို့ အခွင့်အရေးကောင်း တစ်ခု ရှိနေပါပြီ။ ဒီပွဲက ဘယ်လောက်အထိ ခက်ခဲမလဲ ဆိုတာ နားလည်ပါတယ်။ ကာရာဘောင် ဖလား ဗိုလ်လုပွဲ မှာတုန်းကလဲ တွေ့ကြပြီးပြီလေ။ အဲဒီတော့ စောင့်ကြည့်ကြတာပေါ့။

ကျနော်တို့ အတွက် နောက်ထပ် ပျော်ရွှင် မြူးကြွစရာ နေ့တစ်နေ့ ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်”

“ တစ်ဦးချင်း အရည်သွေးကောင်းတွေ ပိုင်ဆိုင်ထားတာက အကျိုးများပါတယ်။ သူတို့က ကျနော်တို့ကို ရင်ဆိုင် ကစားဖို့ အတွက် မတူညီတဲ့ နည်းလမ်းတွေ သုံးရင်း ၊ အန္တရာယ်များတဲ့ အခိုက်အတန့်တွေ ဖန်တီးပြလေ့ရှိပါတယ်။

တချို့ အခိုက်အတန့်တွေမှာလဲ သူတို့ရဲ့ ကောင်းမွန်တဲ့ အရည်အသွေးတွေကို ထုတ်ပြထားတာပါ။ ကွင်းလယ်မှာ အရည်သွေးမြှင့် ကစားသမားတွေ ရှိသလို ၊ ခံစစ် နဲ့ တိုက်စစ်ကလဲ ပြောစရာ မရှိပါဘူး။ ဒါကြောင့် ချဲဆီး ကို ပြီးပြည့်စုံတဲ့ အသင်း တစ်သင်းလို့ မှတ်ချက်ပေးလို့ ရပါတယ်။

ဘောလုံးရာသီ တစ်ခုရဲ့ နောက်ဆုံး အပိုင်းကို ရောက်နေပြီ ဖြစ်လို့ သူတို့ အနေနဲ့လဲ စိတ်တိုင်းကျ ခြေစွမ်း တည်ငြိမ်အောင် လုပ်ပြနိုင်တာမျိုးတွေတော့ ရှိချင်မှ ရှိမှာပါ။ ဒါကလဲ ဒဏ်ရာပြသနာတွေ ၊ အခြား အကြောင်းအရင်း နဲ့ ချန်ပီယံလိဂ် ကနေ ထွက်လိုက်ရတာတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။

ဘာပဲ ဖြစ်ဖြစ် ဒီကိစ္စတွေ အားလုံးဟာ ဗိုလ်လုပွဲ အပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။ ဗိုလ်လုပွဲ ဆိုမှာတော့ ဗိုလ်လုပွဲ လိုပဲ ဖြစ်မှာပါ။ နှစ်သင်း စလုံးက အကောင်းဆုံး ပြသနိုင်ဖို့ ကြိုးစားမှာပါပဲ။ ဒီပွဲဟာ ခက်ခဲတဲ့ ပွဲမျိုး ဖြစ်လာနိုင်သလို ၊ ကြည့်ကောင်းမယ့် ပွဲမျိုး ဆိုတာလဲ သေချာပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

SM