Title race အတွက် အဆုံးအဖြတ်ပွဲစဉ်မှာ စ်ိတ်လှုပ်ရှားစရာ အပြည့်အ၀ ပေးခဲ့တဲ့ မန်စီးတီး ၂-၂ လီဗာပူး ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာဖြစ်ခဲ့တဲ့ အချက်များ

မန်စီးတီးဟာ မနေ့ညက အီတီဟတ်မှာ လီဗာပူးနဲ့ ၂ ဂိုးစီ သရေကျခဲ့ပြီး နောက်ထပ် ပြောင်မြောက်တဲ့ title race မှာ ရှေ့ကနေ ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။ နှစ်သင်းစလုံးမှာ ထိပ်တန်းကစားသမားတွေ အများအပြား ရှိနေတဲ့ အပြင် ကွင်းတွင်း အရည်အသွေးကလည်း ပရိတ်သတ်တွေကို လုံး၀ စ်ိတ်မပျက်စေခဲ့ပါဘူး။

စီးတီးဟာ ပွဲအစပိုင်းမှာတော့ intensity ကောင်းကောင်းနဲ့ လီဗာပူးကို အငိုက်ဖမ်း ကစားသွားခဲ့ပြီး ပွဲချိန် ၅ မိနစ်မှာပဲ ဒီဘရိုင်းနားရဲ့ ကန်ချက် မာတစ်နဲ့ထိကာ ဂိုးရခဲ့ပါတယ်။ ဒါပေမယ့် ဂျိုတာက နောက်ထပ် ၁၀ မိနစ်လောက်မှာပဲ ချေပဂိုး ပြန်သွင်းပေးခဲ့ပေမယ့် ၃၇ မိနစ်မှာ ဂျီဆုက ဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။ ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာပဲ မာနေးဟာ ချေပဂိုး ပြန်လည်း သွင်းယူပေးခဲ့ပြီး လက်ကျန် ပွဲချိန်တွေမှာတော့ နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ အတူ သရေတစ်မှတ် ခွဲယူခဲ့ကြပါတယ်။

၁~title race မှာ အသာစီး ရနေဆဲ မန်စီးတီး
ဂွာဒီယိုလာဟာ လီဗာပူးလို အသင်းတောင် ထိန်းချုပ်နိုင်ရန် ရုန်းကန်ခဲ့ရတဲ့ machine ကို ဖန်တီးခဲ့ပါတယ်။ ပွဲအစပိုင်းမှာ တာထွက်ကောင်းခဲ့တဲ့ မန်စီးတီးဟာ ဒီဘရိုင်းနားရဲ့ သွင်းဂိုးနဲ့ ဆုပြန်လည် ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဂျိုတာဟာ ချေပဂိုးကို လျှင်လျှင်မြန်မြန် ပြန်လည် သွင်းယူခဲ့ပြီး မန်စီးတီးတို့ အမှတ်ပေးဖလားကို ပိုင်ဆိုင်ဖို့ နီးစပ်သွားခဲ့မှုကို ပြန်လည် ချေဖျက်ခဲ့ပါတယ်။

ဂျီဆုရဲ့ သွင်းဂိုးကို မာနေးက ဒုတိယပိုင်းအစမှာ ပြန်လည် ချေပခဲ့တဲ့ အချိန်မှာလည်း ဒီလိုမျိုး ပါပဲ။ လီဗာပူးဟာ မန်စီးတီးကို တစ်ချို့ ပွဲချိန်တွေမှာ သရေရမှတ်အတွက် အတော်လေး အလုပ်ပေးခဲ့ပေမယ့်လည်း လက်ရှိအနေအထား အရ မန်စီးတီးဟာ အမှတ်ပေးဖလားကို နောက်ဆုံး ၅ ရာသီမှာ ၄ ကြိမ် ဆွတ်ခူးနိုင်ဖို့ တဆင့် နီးစပ်လာပြီလို့ ဆိုနိုင်ပါတယ်။

၂~ကွင်းလယ်ပိုင်း အားပြိုင်မှု ရှုံးနိမ့်ခဲ့တဲ့ လီဗာပူး
ဟန်ဒါဆန် တီယာဂို ဖာဘင်ညို တို့ဟာ လီဗာပူးရဲ့ အကောင်းဆုံး ကွင်းလယ် အတွဲ ဖြစ်ပေမယ့် ပွဲချိန်အများစုမှာ မန်စီးတီးရဲ့ ကွင်းလယ်ကို ယှဉ်ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အထူးသဖြင့် ဖာဘင်ညိ်ုဟာ စီးတီးကွင်းလယ်ရဲ့ ဖိအားပေးမှုတွေအောက်မှာ ဘောလုံးပျက်မှု များနေခဲ့သလို pass တွေကလည်း ပွဲပြီးခါနီးထိ လွဲချော်နေဆဲ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ လီဗာပူးကွင်းလယ်ပိုင်းက တိုးတက်လာခဲ့ပေမယ့်လည်း ပထမပိုင်းမှာတော့ တီယာဂိုကလွဲပြီး ဟန်ဒါဆန် နဲ့ ဖာဘင်ညို တို့ ၂ ဦးစလုံး ရုန်းကန်နေရပြီး စီးတီးဟာ ပွဲကို အသာစီး ကစားသွားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးကွင်းလယ်ပိုင်းက အချိန်အဆက် မိနေတဲ့ အခါ စီးတီးခံစစ်ကို ခြိမ်းခြောက်နိုင်တယ်ဆိုတာကို မြင်တွေ့ခဲ့ရပေမယ့် ဒါမျိုးက သိပ်ပြီး မများခဲ့ပါဘူး။ ခြုံပြီးပြောရမယ် ဆိုရင်တော့ မန်စီးတီးရဲ့ ရိုဒရီ ဘာနာဒို ဒီဘရိုင်းနား တို့က အသာစီး ရသွားခဲ့ပါတယ်။

၃~အလီဆွန်ရဲ့ အထူး လက်စွမ်းပြခဲ့မှု
အလီဆွန်သာ မရှိဘူးဆိုရင် လီဗာပူးတို့ အတော်လေးကို ဒုက္ခရောက်မှာပါ။ လီဗာပူးရဲ့ high line ကစားပုံဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကတည်းက အတော်လေးကို အားနည်းချက်တွေ ရှိနေပြီး အလီဆွန်ရဲ့ one v one လက်စွမ်းပြမှုတွေကြောင့်သာ clean sheet တွေ အများအပြား ရခဲ့တာပါ။ ဒီပွဲမှာ ဆိုရင်လည်း မန်စီးတီးရဲ့ အချိန်ကိုက် လူကျွံထောင်ချောက်ကို ဖောက်ထွက်မှုတွေဟာ တအားကို တိကျခဲ့ပြီး ပထမပိုင်းမှာ စီးတီးတို့ အခွင့်အရေးတွေ အကြိမ်ကြိမ် ရခဲ့ပါတယ်။

အလီဆွန်ဟာ စီးတီးရဲ့ အပိုင်ကန်ချက်တွေကို အကြိမ်များစွာ ကာကွယ်ပေးခဲ့ရပြီး အစောပိုင်းက ဖိုဒန်ရဲ့ ကန်ချက်ကို အကောင်းဆုံး ကာကွယ်ခဲ့တာကို ကြည့်ရင် အလီဆွန်ရဲ့ အရေးပါမှုကို သိနိုင်ပါတယ်။ ဘရာဇီး ဂိုးသမား အနေနဲ့ သူပေးလိုက်ရတဲ့ဂိုးတွေ အတွက် ဘာမှ မတက်နိုင်ခဲ့ပါဘူး။ တစ်ခါတစ်ရံ မှာတော့ သူ့ရှေ့က သူတွေရဲ့ အကူအညီကို ဒီထက် အနည်းငယ် ပိုမို လိုအပ်ပါတယ်။

 

၄~ပက်ရဲ့ ယုံကြည်မှုကို ပြန်လည် ပေးဆပ်ခဲ့တဲ့ ဂျီဆု
ဒီရာသီရဲ့ ပွဲစဉ် အများစုမှာ မန်စီးတီးဟာ တိုက်စစ်မှုး စစ်စစ်မပါတဲ့ ရှုပ်ထွေးလှတဲ့ system နဲ့ ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။ title race အတွက် အဆုံးအဖြတ် ဖြစ်သွားစေနိုင်တဲ့ ပွဲကြီးပွဲကောင်းမှာတော့ မန်စီးတီးဟာ ဂျီဆုကို အထောင်တိုက်စစ်မှာ ဦးဆောင်စေပြီး လီဗာပူးရဲ့ အင်ပြည့်အားပြည့် နောက်တန်းနဲ့ ရင်ဆိုင်စေခဲ့ပါတယ်။ ပက်ရဲ့ ယုံကြည်မှုဟာ တကယ့်ကို အလုပ်ဖြစ်ခဲ့ပြီး ဘရာဇီးသားဟာ ပွဲချိန်အစောပိုင်းမှာကတည်းက သူ့ရဲ့ ပြိုင်ဘက်တွေကို တွေးစရာတွေ အများကြီးပေးခဲ့ပြီး ၃၇ မိနစ်မှာ ဆုပြန်ရခဲ့ပါတယ်။

ဂျီဆုဟာ ကန်ဆယ်လိုရဲ့ ဖြတ်တင်ဘောကို လီဗာပူးရဲ့ လူကျွံထောင်ချက်ကို အကောင်းဆုံး ကျော်ဖြတ်ခဲ့ပြီး အလီဆွန်နဲ့ အတွေ့မှာ အကောင်းဆုံး အဆုံးသတ် ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဂျီဆု အနေနဲ့ ပွဲချိန် ၁ နာရီကျော်မှာ လီဗာပူးရဲ့ နောက်တန်းကို လိမ်ခေါက်ကျော်ဖြတ်ကာ ကန်သွင်းယူခဲ့ပေမယ့် လီဗာပူး နောက်တန်းက ဂိုးစည်းကနေ ဖျက်ထုတ်ခဲ့လို့သာ နောက်တစ်ဂိုး မရခဲ့တာပါ။

၅~လီဗာပူးရဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်
လီဗာပူးဟာ ပွဲကြီးပွဲကောင်းတွေမှာ အနည်းဆုံးတော့ ပြိုင်ဘက်ကို သူတင်ကိုယ်တင် ယှဉ်ပြိုင်နိုင်တဲ့ စွမ်းဆောင်ရည်ကို အမြဲတမ်းလိုလို ပြသနိုင်လေ့ ရှိပါတယ်။ မန်စီးတီးလို ကမ္ဘာ့အကောင်းဆုံး အသင်း ဆိုရင်တောင် ဒီလိုမျိုး ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ လီဗာပူးဟာ ပထမပိုင်းမှာ မန်စီးတီးကို ကြောက်ရွံ့နေဟန် ရှိနေတယ်လို့ ပရိတ်သတ်တွေ ခံစားမိကြမှာ ဖြစ်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် သမိုင်းရဲ့ အကြီးကြယ်ဆုံး ပွဲတစ်ပွဲ ဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် လီဗာပူးဟာ ဒုတိယပိုင်းမှာတော့ သူတို့ရဲ့ ကိုယ်ပိုင် ကစားဟန်ကို ပြသကာ စီးတီးကို အကောင်းဆုံး တုန့်ပြန် ကစားသွားခဲ့ပါတယ်။ ပထမပိုင်းမှာသာ လီဗာပူးတို့ ဒီလိုမျိုး ကစားသွားခဲ့မယ်ဆိုရင် ပွဲရဲ့ ရလဒ်ဟာ ဘယ်လိုမျိုး ဖြစ်သွားနိုင်မလဲ ဆိုတာတော့ စိတ်၀င်စားရာ ဖြစ်ပါတယ်။ ဒီပွဲမှာ သရေတစ်မှတ်စီ ခွဲယူခဲ့ကြတာကြောင့် လက်ကျန် ၇ ပွဲ အလိုမှာ လီဗာပူး အနေနဲ့ ပွဲတိုင်း အနိုင်ရမယ်ဆိုရင်တောင် မန်စီးတီးရဲ့ ခြေချော်မှုကို လိုအပ်နေပါတယ်။

၆~ခြေစွမ်းပြနေခဲ့ပေမယ့် အရန်ခုံ ရောက်ခဲ့သူများ
ဇန်နဝါရီမှာ လီဗာပူးကို ရောက်လာခဲ့ပြီးနောက် ချက်ချင်းဆိုသလို ခြေစွမ်းပြနေတဲ့ လူး၀စ်ဒီယက်ဟာ ဒီပွဲစဉ်မှာတော့ အရန်ခုံမှာသာ ထိုင်ခဲ့ရပါတယ်။ ကိုလံဘီယာ စတားဟာ သူရောက်လာကတည်းက လီဗာပူးရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပြီး သူဟာ စီးတီးနောက်တန်းကို ကောင်းစွာ ဒုက္ခပေးနိုင်မယ့် သူလို့ လူတွေ ယူဆခဲ့ပေမယ့်လည်း မန်နေဂျာကတော့ အခြား အိုင်ဒီယာတွေ ရှိနေဟန်ပါပဲ။

အိမ်ရှင်အသင်းဘက်ကလည်း ဒီလိုမျိုး ပါပဲ။ ပက်ဟာ ပုံစံကောင်း ရနေတဲ့ မာရက်ဇ် နဲ့ ပေါင်သန်း ၁၀၀ တန် ဂရီလစ်ခ်ျ တို့ကို အရန်ခုံမှာ ထိုင်ခိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီလို ကစားသမားတွေ ရှိနေတာကြောင့် နည်းပြ အတွက် ဗျူဟာတွေ အပြောင်းအလဲ လုပ်ရာမှာ တကယ့်ကို လွယ်ကူစေပါတယ်။

SM