Title race ရဲ့ လက်ကျန် ၇ ပွဲအလိုမှာ လီဗာပူးက မန်စီးတီးထက် ဘာကြောင့် ပွဲပိုချောင်နေသလဲဆိုတာ ရှင်းပြလိုက်တဲ့ ဂယ်ရီနဗီး

ဂယ်ရီနဗီးက လီဗာပူးဟာ စိတ်ပျက်စရာကောင်းလောက်အောင် ဆိုးရွားနေတဲ့ မန်ချက်စတာယူနိုက်တက် အဲဗာတန် တို့နဲ့ ကစားရမယ့် ပွဲတွေ ရှိနေတာကြောင့် ပြိုင်ဘက် မန်ချက်စတာစီးတီးထက် လက်ကျန် ပွဲတွေမှာ ပိုချောင်နေတယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အီတီဟတ်မှာ မန်စီးတီးကို နောက်ကနေ ၂ ကြိမ်တိုင်တိုင် လိုက်ကစားကာ ချေပဂိုးတွေ သွင်းယူခဲ့ပြီး သရေတစ်မှတ် ရယူခဲ့ကာ လက်ကျန် ၇ ပွဲအလိုမှာ ပက်ဂွာဒီယိုလာရဲ့ အသင်းနဲ့ တစ်မှတ် ကွာဟနေမှုကို ဆက်ထိန်းကာ ဖိအားပေးလျက် ရှိနေပါတယ်။

လူတော်တော်များများ ကတော့ လက်ကျန် ပွဲစဉ်တွေမှာ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရမှာ မဟုတ်တဲ့ မန်စီးတီးရဲ့ ပွဲစဉ်တွေက ပိုချောင်နေတယ်လို့ ယူဆနေကြပေမယ့်လည်း နဗီးကတော့ လက်ရှိမှာ ဆိုးရွားနေတဲ့ ပုံစံကို ပြသနေတဲ့ သူ့အသင်းဟောင်း ယူနိုက်တက် နဲ့ တန်းမဆင်းရဖို့ အသဲအသန် ရုန်းကန် နေရတဲ့ လမ်းပတ်ရဲ့ အဲဗာတန် တို့ကြောင့် တကယ်တော့ လီဗာပူးရဲ့ လက်ကျန်ပွဲတွေက ပိုချောင်နေတယ်လို့ ဆိုလိုက်ပါတယ်။

နဗီးက “ကျွန်တော်တို့ဟာ မန်စီးတီးရဲ့ လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ကြည့်ပြီး သူတို့ဟာ လီဗာပူးထက် ပိုပြီး ပွဲချောင်တယ်လို့ ထင်နေကြပါတယ်။ ဒါပေမယ့် တကယ်တော့ ကျွန်တော်တို့ဟာ သမိုင်းကြောင်းတွေကို အခြေခံပြီး စဉ်းစားလို့ ဖြစ်ပါတယ်။ မာဆေးဆိုက်ဒါဘီ နဲ့ မန်ချက်စတာယူနိုက်တက် နဲ့ ကစားရမယ့် ပွဲစဉ်တွေဟာ ပုံမှန်အားဖြင့် အခြား ရာသီတွေမှာ ဆိုရင်တော့ အတော်လေး ခက်ခဲမယ့် ပွဲစဉ်တွေ ဖြစ်ပါတယ်။

ရိုးရိုးသားသား ပြောသွားရမယ် ဆိုရင် ဒီနှစ်သင်းဟာ လက်ရှိအချိန်မှာ အတော်လေးကို ဆိုးရွားနေကြပါတယ်။ ဒါ့ကြောင့် ဒီနှစ်သင်းဟာ စီးတီးတို့ လက်ကျန်ပွဲစဉ်တွေမှာ ကစားရမယ့် အသင်းတွေထက် ပိုမို လွယ်ကူ နိုင်ပါတယ်။ ၀က်ဖို့ဒ်ဟာ တန်းမဆင်းရဖို့ အတွက် အစွမ်းကုန် တိုက်ပွဲ၀င်နေပြီး လိဒ်ယူနိုက်တက် ကလည်း ဒီလိဂ်မှာ တင်ကျန်ရစ်ဖို့ အတွက် ရမှတ်တွေ လိုအပ်နေပါသေးတယ်။ နယူးကာဆယ် ဆိုလည်း အများကြီး တိုးတက်လာပါတယ်။

ကျွန်တော်တို့ လီဗာပူးရဲ့ လက်ကျန် ပွဲစဉ်တွေကို ကြည့်လိုက်တဲ့ အခါမှာ တော့တင်ဟမ်ကလွဲပြီး ကျန်အသင်းတွေဟာ သိပ်ပြီး မကျပ်လှပါဘူး။ လူတွေက ဒါဟာ ပိုမို ခက်ခဲတဲ့ run-in လို့ ထင်နေကြပေမယ့် ဒီလို မဟုတ်ပါဘူး။” လို့ ဆိုသွားပါတယ်။

ဆက်လက်ပြီး နဗီးက “ကျွန်တော့် အနေနဲ့ ၀က်ဟမ်းကို အဝေးကွင်းမှာ ကစားရမှာထက်စာရင် မန်ယူနိုက်တက် နဲ့ အဲဗာတန် တို့ကို အိမ်ကွင်းမှာ ပိုပြီးတော့ ကစားချင်ပါတယ်။ လူတွေက လီဗာပူး vs မန်ယူနိုက်တက် တို့ရဲ့ တွေ့ဆုံမှုကို သမိုင်းကြောင်းတွေ စိတ်ခံစားမှုပိုင်း ဆိုင်ရာတွေနဲ့ ချိန်ပြီး ပြောနေကြတာပါ။ ခင်ဗျားတို့ ပြီးခဲ့တဲ့ မန်ယူနိုက်တက်ရဲ့ ပွဲစဉ်တွေကို ကြည့်ဖြစ်ခဲ့ကြသလား? ခင်ဗျားအနေနဲ့ ဒါတွေကို ထည့်ပြီးတောင် မပြောနိုင်ပါဘူး။” လို့ ဆိုသွားပါတယ်။

ဂယ်ရီနဗီးက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပွဲစဉ်မှာ မန်စီးတီး နဲ့ လီဗာပူး တို့ဟာ အရမ်းကို ကောင်းလွန်းခဲ့ကြပြီး တကယ့် ရဲရင့်မှုကို ပြသခဲ့ကြတယ်လို့ ဆိုလိုက်ပါတယ်။

“လီဗာပူးတို့ well done ပါ။ စီးတီးကတော့ ပထမပိုင်းမှာ တအားကို ကောင်းခဲ့ပါတယ်။ ဒီပွဲမှာ အရည်အသွေးတွေ အပြင် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေလည်း မြင်တွေ့ခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာ နှစ်သင်းစလုံးဟာ ပြိုင်ဘက်တွေရဲ့ တန်ပြန်တိုက်စစ်တွေ အကြောင်းကို စဉ်းစားကာ အနည်းငယ် တုန်လှုပ်ခဲ့ကြပြီး တစ်ဦးနဲ့ တစ်ဦး လဲကျအောင် လုပ်ခဲ့ကြပါတယ်။

ဒါပေမယ့် နှစ်သင်းစလုံးဟာ တအားကို ကောင်းတဲ့ အသင်းတွေပါ။ သူတို့နဲ့ ပက်သက်ပြီး ကျွန်တော် အကြိုက်ဆုံးကတော့ ခံစစ်ပိုင်း အမြင်အရ ဖြစ်ပါတယ်။ သူတို့ ဘယ်လိုများ လုပ်ခဲ့ကြသလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူတို့ဟာ ပွဲပြီးဖို့ ၁၀ မိနစ် အလိုမှာ high line တွေ အပြိုင် ကစားသွားခဲ့ကြပါတယ်။ အကောင်းဆုံး passer တွေ အကောင်းဆုံး runner တွေ ရှိနေတဲ့ ကမ္ဘာ့အကောင်းဆုံး အသင်းနဲ့ ရင်ဆိုင်ရမှာ သူတို့ရဲ့ ဒီလို လုပ်ခဲ့တဲ့ ရဲရင့်မှုဟာ မယုံနိုင်စရာပါပဲ။” လို့ နဗီးက ချီးကျူးသွားခဲ့ပါတယ်။

SM