Rumour : တနှစ်လုပ်ခ ပေါင် ၆သန်း လိုချင်တာကြောင့် ရူဒီဂါကို ခေါ်ယူဖို့ ဘာစီလိုနာတို့ အကြပ်ရိုက်နေ

ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ အပတ် ဗုဒ္ဓဟူးနေ့မှာ ချဲလ်ဆီး အသင်း နောက်ခံလူ အန်တိုနီယို ရူဒီဂါရဲ့ အေးဂျင့် ဖြစ်သူနဲ့ အပြောင်းအရွှေ့ ကိစ္စ အတွက် လူပုဂ္ဂိုလ်ချင်း သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့တယ် ဆိုတဲ့ သတင်းတွေ ပြန့်နှံ့ခဲ့ပြီးနောက် ၊ ယင်းဂျာမန်သားကို ရာသီအကုန်မှာ အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက သတင်းပြေးလာခဲ့ပါတယ် ။

ချဲလ်ဆီး အသင်း ဟာ လောလောဆယ်မှာ sanctions ကြောင့် ရူဒီဂါနဲ့ ခရစ်တန်ဆန်တို့ရဲ့ အေးဂျင့်တွေနဲ့ စာချုပ်သစ် ကိစ္စ ဆွေးနွေးခွင့် မရထားတာကြောင့် ၊ ဘာစီလိုနာ ဟာ ယင်း ဥရောပ ချန်ပီယံ ခံစစ်မှူး ၂ဦးကို အရင် လက်ဦးမှု ရအောင် ခေါ်ယူနိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေခြင်း ဖြစ်ပါတယ် ။

ခရစ်တန်ဆန် ကတော့ ချဲလ်ဆီး ကနေ ပြောင်းရွှေ့ဖို့ သေချာသလောက် ဖြစ်နေပေမယ့် ၊ ရူဒီဂါ ကတော့ ချဲလ်ဆီးမှာ ပျော်ရွှင်နေဆဲ ဖြစ်ပုံပေါ်ပြီး ၊ အသင်းပိုင်ရှင်သစ်သာ အတည်တကျ ဖြစ်လာမယ် ၊ နောက်ပိုင်း စာချုပ်သစ် အတွက် လိုအပ်တဲ့ လစာ ပမာဏ ညှိနှိုင်းလို့ အဆင်ပြေမယ် ဆိုရင် ဘာစီလိုနာတို့ အကြပ်တွေ့သွားနိုင်ပါတယ် ။

လက်ရှိမှာ ယင်း ဂျာမန် လက်ရွေးစင် ဟာ ချဲလ်ဆီး အသင်းမှာ တပတ်လုပ်ခ ပေါင်တသိန်း ရရှိနေပြီး ၊ လစာ ၂ဆ အထိ တိုးတောင်းမှုကြောင့် ၄င်းရဲ့ မိခင် ကလပ် ချဲလ်ဆီးပင် sanctions အကျမခံရစဉ်က စာချုပ်သစ် ဆွေးနွေးမှု အဆင်မပြေ ဖြစ်ခဲ့ပါသေးတယ် ။

မနေ့က စပိန် သတင်းစာ Sports ရဲ့ ဖော်ပြချက် တခု အရ ရူဒီဂါသာ ချဲလ်ဆီးကနေ စပိန်မြေသို့ ပြောင်းရွှေ့ဖြစ်ခဲ့ပါက ၊ တနှစ်လုပ်ခ ပေါင် ၆သန်း အပြင် နောက်ထပ် အပိုဆုကြေးတွေပါ ထပ်မံ တောင်းဆိုမှာ ဖြစ်တာကြောင့် ၊ ဘာစီလိုနာဖက်က ယင်းပမာဏကို ပေးချေဖို့ မတတ်နိုင်ဘူးလို့ သိရပါတယ် ။

ပြီးခဲ့တဲ့e အပတ်က ဘာစီလိုနာ တာဝန်ရှိသူတွေနဲ့ ရူဒီဂါရဲ့ အေးဂျင့် ဖြစ်သူတို့ တွေ့ဆုံခဲ့ရာမှာလည်း ၊ လစာ ကိစ္စ ဟာ ထိပ်ဆုံးက ပြောဆို ဆွေးနွေးစရာ ဖြစ်ခဲ့မှာ သေချာပါတယ် ။ ဘာဆာဖက်ကတော့ ရူဒီဂါကို ယင်းပမာဏထက် နည်းပါးတဲ့ လစာမျိုး လျှော့ပြီး တောင်းဆိုဖို့ မျှော်လင့်နေဆဲ ဖြစ်ကြောင်း ယင်းသတင်းကပဲ ဆိုပါတယ် ။

ရူဒီဂါ ဟာ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ဘရန်းဖို့ဒ်နဲ့ ပွဲမှာ ပင်နယ်တီ ဧရိယာ ပြင်ပ ခပ်လှမ်းလှမ်းကနေ screamer ဂိုးသွင်းခဲ့ပြီးနောက် ၊ အသင်းဖော်တွေ ၊ နည်းပြ အဖွဲ့ဝင်တွေနဲ့ ပျော်ပျော်ပါးပါး အောင်ပွဲခံခဲ့တာကြောင့် ၊ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ်ကပင် ရူဒီဂါ ဟာ ချဲလ်ဆီးမှာ ဘယ်လောက်ထိ ပျော်နေတဲ့ အကြောင်း ပွဲအပြီးမှာ တုန့်ပြန်ခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီး ဟာ ယင်း စီနီယာ ခံစစ်မှူး ၂ဦးလုံးကို လက်လွှတ်ရဖို့ တနေ့တခြား ပိုပို နီးလာပေမယ့် ၊ သက်တော်ရှည် သစ္စာစောင့်သိတဲ့ လက်ရှိ ကလပ် အသင်းခေါင်းဆောင် ဝါရင့် စပိန် နောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာကိုတော့ စာချုပ်ပါ အချက်အလက် ဖြစ်တဲ့ ပွဲအရေအတွက် အပေါ် မူတည်ပြီး တနှစ် သက်တမ်းတိုးခွင့်ကို အသက်သွင်းထားကြောင်း သိရပါတယ် ။

မကြာခင် ရက်သတ္တပတ် အနည်းငယ် အတွင်း ကလပ် ပိုင်ရှင်သစ် အတည်ပြုဖြစ်ပြီးတာနဲ့ အက်ဇ်ပီလီကွီတာရဲ့ စာချုပ်သစ် ကိစ္စ တရားဝင် ဖြစ်လာဖို့ ရှိပြီး ၊ ရူဒီဂါကိုလည်း နောက်ဆုံး ကျန်ရစ်တဲ့ ရက်သတ္တပတ် အချို့မှာ စာချုပ်သစ် အတွက် လက်ကျန် မျှော်လင့်ချက် အနည်းငယ်ကို ဆက်လက် အသက်သွင်းဖို့ ကြိုးစားမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR