Paul Merson လာပါပြီ . . .ပရီးမီးယားလိဂ် ရဲ့ အကျိတ်အနယ် နဲ့ အရေးအပါဆုံး ရက်သတ္တပတ်အတွက် ပေါလ်မာဆင် ဘယ်လို ခန့်မှန်းထားသလဲ ?

ပန်းဝင်ဖို့ တဖြည်းဖြည်း နီးကပ်လာချိန် မှာတော့ ပရီးမီးယားလိဂ် ရဲ့ ၂၀၂၁-၂၀၂၂ ရာသီဟာ ပီပီ ပြင်ပြင် ရုပ်လုံး ပေါ်လာခဲ့ ပါပြီ ။

ချန်ပီယံဆု အတွက် မန်စီးတီး နဲ့ လီဗာပူး တို့ အမှားမခံ ယှဉ်လု ကြရတော့မှာ ဖြစ်ပြီး အဆင့် ၄ နေရာ ကိုတော့ စပါး နဲ့ အာဆင်နယ် တို့ ထိပ်တိုက် ဖြေရှင်းရတဲ့ အထိ ဖြစ်လာတော့မှာပါ ။

ချဲလ်ဆီး ကတော့ အဆင့် ၃ ကိုပဲ ဆက်ထိန်းသွား လောက်ပြီး မန်ချက်စတာ ယူနိုက်တက် ကတော့ ကံကောင်းရင် ယူရိုပါလိဂ် ၊ ပုံမှန် ဆိုရင် ကွန်းဖရန့်လိဂ် ၊ ကံဆိုးရင်တော့ ဒီနှစ် အာဆင်နယ်လို ဖြစ်သွား နိုင်ပါတယ် ။

ဒီတပတ် မှာတော့ ချန်ပီယံဆု ကို အမှားမခံ အပြိုင်လုကြမယ့် ၂ သင်း ထိပ်တိုက် တွေ့ကြပါပြီ ။ ဒါတင်မက ပါဘူး ၊ တန်းဆင်းဇုန်ထဲ ဝင်တော့မယ့် အဲဗာတန် နဲ့ အခြေပျက် နေတဲ့ မန်ယူနိုက်တက် တို့ရဲ့ ပွဲ ၊ မန်ချက်စတာ ၂ သင်းကို ဒုက္ခပေးထားတဲ့ ဆောက်သမ်တန် နဲ့ ချဲလ်ဆီး တို့ပွဲ ၊ ပုံစံကောင်းတွေ ရနေတဲ့ ပဲလေ့စ် နဲ့ လက်စတာ ၊ ဗီလာ နဲ့ စပါး တို့ရဲ့ ပွဲတွေ ကလည်း ပရိသတ်တွေရဲ့ စနေ – တနင်္ဂနွေတွေ ကို အဓိပ္ပါယ် ပြည့်၀ နေစေမှာပါ ။

ဒါကြောင့် ဒီတပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲတွေ အတွက် ပေါလ်မာဆင် ရဲ့ ခန့်မှန်းချက်တွေကို လေ့လာ ကြည့်လိုက်ကြရအောင် . . . .

၁ ။ အဲဗာတန် – မန်ချက်စတာ ယူနိုက်တက်

ဘန်လေ ကို ရှုံးလိုက်တာက အဲဗာတန် ကို အတော်လေး အထိနာစေပါတယ် ။ အခု သူတို့ တန်းဆင်းဇုန် နဲ့ အတော်လေးကို နီးကပ် သွားပါပြီ ။ ဒီပွဲကို ဖလားဖိုင်နယ်လို ဖရန့်လမ်းပတ် ကစားရတော့မှာပါ ။

မန်ချက်စတာ ယူနိုက်တက် ကတော့ ဖမ်းဆုပ်လို့ မရတဲ့ လေ လိုပါပဲ ။ ဘာကိုမှ ခန့်မှန်းလို့ မရအောင် ဖြစ်နေပါတယ် ။ ခရစ္စတီယာနို ရိုနယ်ဒို မရှိရင် ကစားပိုကောင်းတယ် ဆိုတဲ့ အယူအဆ တွေကို လက်စတာ နဲ့ ပွဲက မှားယွင်းကြောင်း သက်သေပြ သွားခဲ့ ပါတယ် ။ ကံကောင်းလို့ သူတို့ မရှုံးခဲ့တာပါ ။

၂ သင်းစလုံးက အလုံးစုံပျက်စီးမှုကို ဦးတည်နေကြတာပါ ၊ မနိုင်လို့ မဖြစ်ဘူးဆိုတဲ့ အတွေးတွေနဲ့ ကစားပြီး အပတ်တိုင်း အမှတ်တွေ လျော့နေကြတဲ့အသင်းတွေ ပါ ။ ဒီ ၂ သင်းမှာ အဲဗာတန် က ပိုပြီး အခြေအနေဆိုး ပါတယ် ။ ဒါကြောင့် သူတို့ မဖြစ်မနေ အနိုင် ကစားသွားမှာပါ ။

မာဆင် က အဲဗာတန် ၂ – ၁ မန်ယူနိုက်တက် လို့ ခန့်မှန်းခဲ့ ပါတယ် ။

၂ ။ ဆောက်သမ်တန် – ချဲလ်ဆီး

ချဲလ်ဆီး အတွက် အတော်လေး ခက်ခဲတဲ့ ရက်သတ္တပတ် ပါပဲ ။ ဘရန့်ဖိုဒ့် ၊ ရီးရဲမက်ဒရစ် တို့ ကို ၂ ပွဲဆက် ရှုံးခဲ့ပြီး ၇ ဂိုးအထိ ပေးလိုက်ရတာက ချဲလ်ဆီးမှ ဟုတ်ရဲ့လားလို့တောင် ထင်မိချင်စရာ ကောင်းခဲ့ ပါတယ် ။

အခု ဆောက်သမ်တန် ကလည်း သူတို့ကို ထပ်ပြီး ခက်ခဲ စေဦးမှာပါ ။

ဟတ်ဆန်ဟော့ ရဲ့ အသင်းဟာ ဒီရာသီမှာ မန်ချက်စတာ ၂ သင်းကို ကောင်းကောင်း ဒုက္ခပေးထားပါတယ် ။ ချဲလ်ဆီး ရဲ့ အဆင့် ရပ်တည်မှုက သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းပါဘူး ၊ အခု သူတို့ ( ချဲလ်ဆီး ကစားသမားတွေ ) ရဲ့ အတွေးတွေ ကလည်း ဘာနေဗျူးမှာ ကစားမယ့် ချန်ပီယံလိဂ် ဒုတိယ အကျော့ ကိုပဲ ရောက်နေဖို့ များပါတယ် ။

ဆောက်သမ်တန် နိုင်ဖို့ အလားအလာ နည်းသလို ချဲလ်ဆီး နိုင်မယ်ဆိုရင်လည်း ဂိုးပြတ်မှာ မဟုတ်ပါဘူး ။ သရေဆိုရင်လည်း ဘာမှ မဖြစ်နိုင်တဲ့ ပွဲမျိုးပါ ။

မာဆင် ရဲ့ ခန့်မှန်းချက် ၊ ဆောက်သမ်တန် ၁ – ၁ ချဲလ်ဆီး ဖြစ်ပါတယ် ။

၃ ။ အာဆင်နယ် – ဘရိုက်တန်

ပဲလေ့စ် ကို မထင်မှတ်ဘဲ ရှုံးသွားတာက အာဆင်နယ် ရဲ့ အဆင့် ၄ ပြိုင်ပွဲက အားသာချက်တွေကို ဖယ်ပစ်လိုက် သလိုပါပဲ ။ သူတို့ ၂ ပွဲဆက် အမှားမခံ လောက်ပါဘူး ။

လက်ရှိမှာ ဘရိုက်တန် က အာဆင်နယ် ရဲ့ ပြိုင်ဘက် မဟုတ်သလို အာဆင်နယ် ကလည်း ခြေစွမ်း အတက် ဘက်မှာ ရှိနေတာပါ ။ ပဲလေ့စ် နဲ့ ပွဲမှာ ပုံစံကောင်း မရဘဲ ခဏခဏ အဖောက်ခံခဲ့ ရတဲ့ နူနို တာဗာရက်စ် ရဲ့ နေရာကိုသာ အာတီတာ သေချာ ပြင်နိုင်ခဲ့မယ် ဆိုရင် ဒီပွဲက အာဆင်နယ် အတွက် ၃ မှတ် ပြေးမလွတ်တဲ့ ပွဲမျိုး ဖြစ်လာ နိုင်ပါတယ် ။

မာဆင် ရဲ့ ခန့်မှန်းချက် – အာဆင်နယ် ၂ – ၀ ဘရိုက်တန်

၄ ။ အက်စတွန် ဗီလာ – တော့တင်ဟမ် ဟော့စပါး

တကယ်လို့ အာဆင်နယ် သာ ပြီးခဲ့တဲ့ တနင်္လာတုန်းက ပဲလေ့စ် ကို နိုင်သွားခဲ့မယ် ဆိုရင် ဒီပွဲကို စပါးတို့ အနိုင် ရအောင် ကစားဖို့ တွန်းအား ဖြစ်လာစေမှာပါ ။ ဒါပေမယ့် အခုချိန် မှာတော့ အခြေအနေတွေ က မတူတော့ ပါဘူး ။ စပါး ဟာ ဦးဆောင်ရပြီ ဆိုရင် ထထ ဖောက်တတ်တဲ့ အစဉ်အလာတွေ ရှိပါတယ် ။ ဒါကြောင့် ဒီပွဲမှာ သူတို့ကို ယုံကြည်ဖို့ ခက်မှာပါ ။

ဗီလာ ရဲ့ လူအင်အားက စပါး ကို ကောင်းကောင်း ယှဉ်နိုင်ပါတယ် ။ သူတို့ ပုံစံကောင်းပြဖို့ ၊ အချိတ်အဆက် မိဖို့ပဲ လိုအပ်တာပါ ။ စပါး ဘက်မှာတော့ ဟယ်ရီကိန်း က ၂၀၂၂ ထဲ မှာ ပုံစံကောင်းတွေ ပြနေပါတယ် ။ သူ့ကို အဓိက ထိန်းချုပ်ဖို့ စတီဗင် ဂျရတ် ကြိုးစားရမှာပါ ။

စပါး နိုင်သွားရင်တော့ အာဆင်နယ် အတွက် ပိုပြီး ကြမ်းတမ်းတဲ့ လမ်းကို လျောက်ရတော့မှာပါ ။ ဒါပေမယ့် စပါး က ဒီလိုမျိုး မဖြစ်စေတဲ့ အစဉ်အလာတွေ ရှိခဲ့ဖူးပါတယ် ။ သရေကျသွားဖို့ များတယ်လို့ပဲ ပြောရမှာပါ ။

မာဆင် ရဲ့ ခန့်မှန်းချက် ကတော့ ဗီလာ ၁-၁ စပါး ပဲ ဖြစ်ပါတယ် ။

၅ ။ မန်ချက်စတာ စီးတီး – လီဗာပူး

စီးတီး နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲမှာ အက်သလက်တီကို မက်ဒရစ် တို့ ဘောလုံး ဘယ်နှကြိမ် ထိခဲ့သလဲဆိုတာ ကျွန်တော် မမှတ်မိတော့ ပါဘူး ။ ဒါပေမယ့် ဒီလောက် လွှမ်းမိုးထား နိုင်တာတောင်မှ အက်သလက်တီကို မက်ဒရစ် က စီးတီး ခံစစ်လိုင်း ကို တကယ်ကောင်းတဲ့ ချိုးဖောက်မှု ၂ ကြိမ် လုပ်နိုင်ခဲ့ ပါတယ် ။ တကယ်လို့သာ ဒါက လီဗာပူး ဖြစ်ခဲ့မယ် ဆိုရင် အဲ့ဒိ ၂ ကြိမ်စလုံး ဂိုးတွေ ဖြစ်သွားမှာပဲလို့ ကျွန်တော် တွေးမိခဲ့ ပါတယ် ။

 

စီးတီး ဟာ ဒီလိုမျိုး အပြည့်အ၀ နီးပါး လွှမ်းမိုးထားနိုင်တဲ့ ပွဲမျိုးမှာ တောင်မှ နောက်တန်းမှာ လစ်ကွက် ဟာကွက် ဆိုတာမျိုး ရှိတတ်ပါတယ် ။ ဒါပေမယ့်လည်း ဒီလို ရှားပါးတဲ့ အခွင့်အရေးမျိုးက လီဗာပူးလို အသင်းမျိုးမှသာ အကောင်းဆုံး အသုံးချနိုင်မယ့် အခွင့်အရေးမျိုးပါ ။ အခု သူတို့ အဲ့ဒိလို အသင်းမျိုးနဲ့ ရင်ဆိုင် ရပါတော့မယ် ။
ဒီပွဲကို ၂ သင်းစလုံး နိုင်ချင် နေပါတယ် ၊ နည်းပြ ၂ ယောက်စလုံးကလည်း သရေ ဆိုတဲ့ ရလဒ် ကို လက်ခံချင် ကြမှာ မဟုတ်ပါဘူး ။ ဒါကြောင့် သူတပြန် ကိုယ်တပြန် ဂိုးတွေ သွင်းကြမယ်လို့ ထင်ပါတယ် ။ ပထမ အကျော့ တုန်းကလိုမျိုးပေါ့ ။

လီဗာပူး ဘက်မှာ ဆာလာ ၊ မာနေး နဲ့ ဒီယာ့ဇ် တို့ ပွဲထွက်လာမယ်လို့ ကျွန်တော် ကြားမိပါတယ် ။ ဒီယာ့ဇ် ရဲ့ အလျှင်အမြန် အသားကျမှုဟာ ဖာမီနို ကို နောက်ဘက် နည်းနည်း ရောက်သွားစေခဲ့ ပါတယ် ။

ဂျိုတာ ကို အရန်ထားပြီး ဝှက်ဖဲအဖြစ် သုံးမယ့် အစီအစဉ် ကိုလည်း ကျွန်တော် သဘောကျမိပါတယ် ။

စီးတီး ကတော့ ထုံးစံ အတိုင်း False-9 ကို မဖြစ်မနေ ခင်းကျင်းရမှာပါ ။ ဒါပေမယ့် ဘယ်သူက အဲ့ဒိ နေရာမှာ ကစားမလဲဆိုတာကို ကျွန်တော် မသိပါဘူး ။ အက်သလက်တီကို နဲ့ ပွဲမှာ စတာလင် ကစားခဲ့ပြီး ပုံစံပျောက်ခဲ့ ပါတယ် ။

တကယ်လို့ ဖိုဒန် ကို ထည့်ကစားမယ် ဆိုရင်တော့ သူတို့ ဝှက်ဖဲကောင်း တချပ်ကို လက်လွှတ်ရမှာပါ ။

ဒါပေမယ့် စီးတီး ဟာ နေရာစုံက ဂိုးသွင်းနိုင်တာကြောင့် False-9 မှာ ဘယ်သူထားမယ် ဆိုတာက ကြီးမားတဲ့ ပြဿနာ ဖြစ်မယ်လို့ မထင်မိပါဘူး ။

ပေါလ်မာဆင် ရဲ့ ခန့်မှန်းချက် ကတော့ မန်စီးတီး ၂ – ၂ လီဗာပူးပဲ ဖြစ်ပါတယ် ။

အခြားပွဲစဉ် ခန့်မှန်းချက်များ –

 

၆ ။ နယူးကာဆယ် ၁-၂ ဝုဗ်

 

၇ ။ ဝက်ဖိုဒ့် ၂-၂ လိဒ်ယူနိုက်တက်

 

၈ ။ လက်စတာ ၂ – ၂ ခရစ္စတယ် ပဲလေ့စ်

 

၉ ။ နောဝှစ်ချ် ၁ – ၁ ဘန်လေ

 

၁၀ ။ ဘရန့်ဖိုဒ့် ၁ – ၀ ဝက်စ်ဟမ်း

 

SPORTS MYANMAR