2019 ချန်ပီယံလိဂ် ဖလားကြီးကို လီဗာပူး ဆွတ်ခူးနိုင်ဖို့ အတွက် ကူညီပေးခဲ့တဲ့ ဘင်ဖီကာ

Pedro Merques ဟာ ဘင်ဖီကာ ပရဝုဏ် အတွင်း ကစားသမားတွေ နဲ့ ဝန်းထမ်းတွေကို အရေးအပေါ် အစည်းအဝေး တစ်ရပ် ခေါ်ယူလိုက်ပါတယ်။ အချိန်အားဖြင့် ကြည့်မယ် ဆိုရင် 2019 ခုနှစ် မေလ မှာ ဖြစ်ပြီး ၊ ဘင်ဖီကာ ရုံးခန်း အတွင်းမှာလဲ နည်းစနစ် ဒါရိုတ်တာ Pedro Merques က အရေးကြီး အကြောင်းအရာ တစ်ခုခုကို ပြောတော့မယ် ဆိုတာ အကဲခတ်မိနေကြပါတယ်။

“ ကဲ ကိုယ့်လူတို့ ဒီနေ့တော့ သတင်းကောင်းလဲ ပြောစရာရှိတယ် ၊ သတင်းဆိုးလဲ ပါတယ်။

သတင်းဆိုးက ဒီတစ်ပတ် တနင်္ဂနွေနေ့ က မင်းတို့ အတွက် အားလပ်ရက် ဖြစ်မှာ မဟုတ်ပါဘူး ၊ လုပ်စရာ အလုပ်တွေ ပေါ်လာပါတယ်။ ဒါပေမယ့် သတင်းကောင်းကြီး တစ်ခုက ငါတို့ဟာ ဘ၀ မှာ တစ်ကြိမ်တစ်ခါပဲ ရနိုင်တဲ့ အခွင့်အရေးမျိုးကို ဆုပ်ကိုင်မိနေပြီ။

လာမယ့် စနေနဲ့ ရောက်တာ နဲ့ ဥရောပ ရဲ့ အကောင်းဆုံးအသင်းကြီး တစ်သင်းနဲ့ မင်းတို့ ကို ကစားခွင့်ပေးဖို့ စီစဉ်ထားလိုက်ပါပြီ။ အဲဒီတော့ အဆင်သင့်ဖြစ်အောင် ပြင်ထားကြဖို့ ငါကိုယ်တိုင် လေးလေးနက်နက် တောင်းဆိုပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

တကယ်တော့ Pedro Merques ဟာ သူ့ရဲ့ သူငယ်ချင်း ဖြစ်တဲ့ လီဗာပူး မှာ အလုပ်လုပ် ကိုင်နေသူ ဂျူလီယံ ဝါ့ဒ် ရဲ့ အပူကပ်တာ ကို ခံထားရတာ ဖြစ်ပါတယ်။
လီဗာပူး ဟာ စပါး နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားဖို့ ပြင်ဆင်နေတဲ့ အချိန်မျိုးပါ။
ဒါပေမယ့် ပရီးမီးယားလိဂ် ရာသီပိတ် ပွဲစဉ် နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အကြား 3 ပတ် ကြီးတောင် ခြားနေတာ ဆိုတော့ အသင်းရဲ့ ရစ်သမ် ပျက်သွားမှာ စိုးရိမ်နေကြပါတယ်။

ယခင် နှစ်က ကစားထားတဲ့ ကိဗ် က ချန်ပီယံလိဂ် ဗိုလ်လုပွဲ အတွေ့အကြုံ အရ လီဗာပူး ဟာ အဲဒီ သင်ခန်းစာကို ကောင်းကောင်း သဘောပေါက်ထားပြီး ၊ ရီးရဲ မက်ဒရစ် ကို အကောင်းဆုံး တုန့်ပြန် ကစားပြဖို့ လိုချက်တွေ ရှိနေတာမျိုးကို နောက်တစ်ကြိမ် အဖြစ်မခံနိုင်တော့ပါဘူး။

ဒါကြောင့် ကြားရက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေတဲ့ အတောအတွင်းမှာ သူတို့ နဲ့ ခြေစမ်းပွဲ ကစားပေးနိုင်မယ့် အသင်းမျိုးကို ဥရောပ တစ်ခွင် လိုက်လံ ချိတ်ဆက်ကြည့်ခဲ့ပါတယ်။ ဒီလို ချိတ်ဆက်တဲ့ နေရာမှာ တစ်ချို့ အသင်းတွေက စပါးနဲ့ ဆက်ဆံရေးကောင်းတာကြောင့် နည်းစနစ်ပိုင်း ဆိုင်ရာ အချက်အလက်တွေ သတင်းပေါက်ကြားတာမျိုးတွေ ဖြစ်သွားနိုင်သလို ၊ တစ်ချို့ အသင်းက ကစားသမားတွေ က စပါး ကစားသမားတွေ နဲ့ ရင်းနှီးမှု ရှိတာကိုလဲ သတိကြီးကြီး ထားရပါတယ်။

ကံဆိုးတာက ရာသီကုန်ချိန် ဖြစ်နေပြီမို့ အသင်းအများစု ဟာ အားလပ်ရက် ခရီးတွေ သွားနေကြပြီ ဖြစ်လို့ လီဗာပူး ရဲ့ ကမ်းလှမ်းမှု ကို လက်ခံပေးဖို့ မဖြစ်နိုင်ကြတော့ပါဘူး။

အဲဒီ အချိန်မှာ ဂျူလီယံ ဝါ့ဒ် ဟာ သူ့ရဲ့ သူငယ်ချင်း ဦးဆောင် လည်ပတ်နေတဲ့ ဘင်ဖီကာ ကို ဆက်သွယ်ကာ ၊ စပါး ရဲ့ ကစားကွက် ၊ ကစားဟန် အတိုင်း ခြေစမ်းပွဲ ကစားပေးဖို့ ဖြစ်နိုင်မလား လို့ မေးကြည့်ခဲ့ရာကနေ ၊ တံခါးပိတ် ခြေစမ်းပွဲ ကစားဖို့ ဖန်တီး လာခဲ့တာ ဖြစ်ပါတယ်။

ဘင်ဖီကာ ဘက်ကတော့ အသင်းကြီး က ပြိုင်ပွဲ ကစားနေဆဲ ဖြစ်တာကြောင့် ၊ ပွဲစဉ်တွေ ပြီးခါနီး ဖြစ်တဲ့ ဘင်ဖီကာ B လူငယ် အသင်းကို စေလွှတ်ခဲ့ပါတယ်။

“ ကျနော်ဖြင့် ချာတိတ်တွေ ကို ဘယ်ပြိုင်ဘက် အသင်းကြီး နာမည်ကိုတောင် ထုတ်မပြောခဲ့ပါဘူး။ ဂျူလီယံဝါ့ဒ် နဲ့ ဆွေးနွေးတော့ ဒီအကြောင်းအရာကို ထိန်ချန်ထားဖို့ သူကလဲ တောင်းဆိုပါတယ်။

ပေါ်တူဂီ မှာ က လွယ်တာ မဟုတ်ဘူးဗျ။ သတင်းက အချိန်ပြည့် ပေါက်ကြားနေသလို ၊ မီဒီယာတွေ ရဲ့ ထက်မှာလဲ အမျိုးမျိုးဖွကြတာပါ။

စဉ်းစားကြည့်ပေ့ါဗျာ …ကျနော်တို့ လူငယ်လေးတွေက ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီး ကစားတော့မယ့် လီဗာပူး နဲ့ ခြေစမ်းပွဲ ကစားရမယ် ဆိုတဲ့ သတင်းမျိုးဟာ ဘယ်လောက် အထိ အုန်းအုန်းထသွားနိုင်မလဲ ဆိုတာ…..။ ဒါပေမယ့် Marbella ကို ခရီး မထွက်ခင် အချိန်ထိ သတင်းကို သေချာ ထိန်းထားနိုင်ခဲ့ပါတယ်” လို့ ဆက်လက် ပြောပြသွားခဲ့ ပါတယ်။

လီဗာပူး စီနီယာ အသင်းကြီးရဲ့ Operation မန်နေဂျာ Ray Haugham က ဘင်ဖီကာ လူငယ် အသင်း ခရီးစဉ် အတွက် လိုအပ်တဲ့ စီစဉ်မှုတွေ အားလုံးကို အဆင်ပြေပြေ ဖြစ်အောင် စီမံ ခန့်ခွဲနိုုင်ခဲ့ ပါတယ်။

“ လီဗာပူး က ကျနော်တို့ လိုသမျှ အကုန် လုပ်ပေးတာပါ။ ခြေစမ်းပွဲ ကစားပြီး Marbella မှာပဲ အပန်းဖြေချင်သေးတယ် ဆိုရင် နောက်ထပ် ရက်တိုးတွေပါ နေခွင့်ပေးထားပါတယ်။ ပြီးရင် Training Camp အသေးစားလေးကိုတောင် သီးသန့် ငှားပေးခဲ့တာပါ။ ဒါပေမယ့် ကျနော်တို့ကလဲ ကြာသပတေးနေ့ ထွက်လာပြီး ၊ တနင်္ဂနွေနေ့မှာ ချက်ခြင်း ပြန်ခဲ့ပါတယ်” လို့ ရှင်းပြသွားခဲ့ ပါတယ်။

စပိန် က Marbella ကို ရောက်ရှိလာချိန်မှာတော့ B အသင်းနည်းပြ Renato Pavia ၊ နည်းစနစ် ဒါရိုတ်တာ Pedro Marques နဲ့ နည်းပြ အဖွဲ့ဝင်တွေ ဟာ လီဗာပူး လက်ထောက်နည်းပြ ပက်လင်ဒါ ၊ Video Analysts ဖြစ်သူ Greg Mathieson, Mark LayLand တို့ နဲ့ အစည်းအဝေး လုပ်ခဲ့ပါတယ်။

လီဗာပူး ဘက်က စပါး က ဗိုလ်လုပွဲမှာ ခင်းကျင်းလာနိုင်တဲ့ ပုံစံတွေကို သေချာရှင်းပြပြီး ၊ ဘင်ဖီကာ ချာတိတ်တွေ က စပါး ရဲ့ ကစားဟန် အတိုင်း လိုက်ပြီး ကစားပေးရမှာပါ။ တစ်ချိန်တည်းမှာပဲ ပြိုင်ဆိုင်မှု ရှိတဲ့ ပုံစံမျိုး ဖြစ်စေချင်တဲ့ အတွက် ဘင်ဖီကာ ဘက်က ကစားချင်တဲ့ ပုံစံတစ်ချို့ကိုလဲ ထည့်သွင်း ကစားဖို့ ခွင့်ပြုခဲ့ပါတယ်။

အဲဒီ ခြေစမ်းပွဲဟာ 2-0 ရလာဒ် နဲ့ ပြီးဆုံး သွားခဲ့သလို ၊ မကြာခင်မှာ ယှဉ်ပြိုင် ကစားသွားတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလဲ အလားတူ ရလာဒ်မျိုး နဲ့ပဲ လီဗာပူး က စပါး ကို 2-0 နဲ့ အနိုင်ရကာ ဗိုလ်စွဲ သွားခဲ့ ပါတယ်။

ဘင်ဖီကာ လူငယ်လေးတွေကို ကတော့ လီဗာပူး ဗိုလ်စွဲသွားချိန်မှာ သူတို့ တစ်ထောင့် တစ်နေရာကနေ ပါဝင် ကူညီပေးခဲ့ကြတဲ့ မှတ်တမ်းတွေ ၊ လီဗာပူး ကစားသမားကြီးတွေ က ပေးတဲ့ ဂျာစီတွေ ၊ ဖိနပ် တွေ နဲ့ ဓါတ်ပုံတွေ ရိုတ်ကာ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ထုတ်ကြွားခဲ့ကြပါတယ်။

ဒါ့ကြောင့် မနက်ဖြန်မှာ လီဗာပူး နဲ့ ရင်ဆိုင် ကစားမယ့် ဘင်ဖီကာ အသင်းဟာ မကြာသေးသော ကာလ တစ်ခုက မာဆေးဆိုဒ် ကို ချန်ပီယံလိဂ် ဖလားကြီး ရောက်ရှိလာအောင် ကန့်လန့်ကာ နောက်ကွယ်ကနေ ကူညီပေးခဲ့ဖူးတဲ့ ပြိုင်ဘက် အသင်းမျိုးလို့ လီဗာပူး ပရိသတ်တွေ မှတ်တမ်း တင်ထားရတော့မှာ ဖြစ်ပါတယ်။

SM