၃ ဂိုးပေးရတာထက် ပိုပြီး စိတ်ပျက်စရာကောင်းတဲ့ အရာကို ဘာစီလိုနာ နည်းပြ ဇာဗီ ထုတ်ဖော်ပြောဆို

ဘာစီလိုနာ အသင်းရဲ့ နည်းပြ ဇာဗီ ဟာနန်ဒက်စ် ဟာ မနေ့ညက ကစား ခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ က ပရိသတ် ဝင်ရောက်မှု နဲ့ ပတ်သက်ပြီး အံ့အားသင့် ခဲ့ရသလို အသင်း တာဝန်ရှိသူတွေ ရဲ့ လုပ်ဆောင်မှု အမှားတွေ အပေါ်လည်း ပြောဆို ဝေဖန်သွားခဲ့ ပါတယ် ။

ဧည့်သည် အသင်း ဖရန့်ဖွတ် ရဲ့ ပရိသတ် ၂ သောင်းကျော်ဟာ မနေ့ညက နူးကမ့် ကွင်းထဲမှာ ရှိနေခဲ့ပြီး အိမ်ကွင်း မှာ ကစားရတယ်လို့ မခံစား ခဲ့ရဘူးလို့ ဇာဗီ က ပြောဆို သွားခဲ့ ပါတယ် ။

 

ဘာစီလိုနာ ဟာ ပထမ အကျော့ တုန်းက ၁ ဂိုးစီ သရေကျ ခဲ့တဲ့ ဖရန့်ဖွတ် ကို အိမ်ကွင်း မှာ ဧည့်ခံ ခဲ့ပြီး ၃-၂ နဲ့ ရှုံးနိမ့် ခဲ့ပါတယ် ။ ပွဲအစ ၄ မိနစ် မှာတင် ဧည့်သည် ဂျာမန် ကလပ် က ပင်နယ်တီ ကနေ အဖွင့်ဂိုး ရသွားခဲ့ပြီး ပထမပိုင်း အပြီးမှာ ၂-၀ နဲ့ ဦးဆောင် ထားနိုင်ခဲ့ ပါတယ် ။

ချေပဂိုး အတွက် ဘာစီလိုနာ တို့ အသည်းအသန် ကြိုးစား ခဲ့ပေမယ့်လည်း ၆၇ မိနစ်မှာ တတိယဂိုး ထပ်ပေး ခဲ့ရတာကြောင့် မျှော်လင့်ချက် ကုန်ဆုံးလုနီးပါး ဖြစ်သွားခဲ့ရ ပါတယ် ။

မိနစ် ၉၀ အလွန် မှာတော့ ဘက်စကွက် နဲ့ ဒီပိုင်း တို့က ချေပဂိုး ၂ ဂိုးပြန်သွင်းခဲ့ ပေမယ့် နောက်ကျ သွားခဲ့ရ ပါပြီ ။ ပွဲအပြီး မှာတော့ ဘာစီလိုနာ ဟာ နှစ်ကျော့ပေါင်း ရလဒ် ၃-၄ နဲ့ ဖရန့်ဖွတ် ကို အရေးနိမ့်ပြီး ပြိုင်ပွဲ ကနေ နှုတ်ဆက် ထွက်ခွာ သွားခဲ့ရ ပါတယ် ။

ဇာဗီ ကတော့ နူးကမ့် ကွင်းထဲကို ဂျာမန် ပရိသတ် များစွာ ရောက်ရှိ နေမှုဟာ အိမ်ကွင်း အားသာချက် ကို ပျက်စီး စေခဲ့ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ အသင်းတာဝန်ရှိသူတွေ ကို ပြောဆို သွားခဲ့ ပါတယ် ။

 

“အိမ်ကွင်းမှာ ကစားရတယ်ဆိုတဲ့ ခံစားချက်ကို ကျွန်တော်တို့ လုံး၀ မရခဲ့ ပါဘူး ။ ဘာကြောင့် ဒီလို ဖြစ်ရတယ် ဆိုတာ ကလပ်က အဖြေရှာ နေပါတယ် ။ ကစားသမားတွေ ကလည်း ဘာကြောင့် ဒီလို ဖြစ်ရတယ် ဆိုတာကို သိချင် နေကြပါတယ်”

“ဒါဟာ ကျွန်တော်တို့ ဘက်က အတွက် အချက် မှားခဲ့တယ် ဆိုတာ သေချာပါတယ် ၊ ဒီလိုမျိုး အဖြစ်ခံလို့ မရ ပါဘူး ။ အခုပွဲက အိမ်ကွင်းမှာ ကစားရတဲ့ ပွဲထက် ကြားကွင်းမှာ ပရိသတ် ဆတူ နဲ့ ကစားရတဲ့ ဗိုလ်လုပွဲ တပွဲလို ဖြစ်သွားခဲ့ ပါတယ်” လို့ ဇာဗီ က ပြောဆိုခဲ့ ပါတယ် ။

ဘာစီလိုနာ နောက်ခံလူ အာရူဟို ကလည်း ကွင်းထဲမှာ ဂျာမန် ပရိသတ်တွေ အများကြီး ရှိနေမှု အပေါ် အံ့အားသင့် မိခဲ့ပြီး ဘာကြောင့်လဲ ဆိုတာ သိချင်မိတယ်လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောဆိုခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ ဒုတိယ အကျော့မှာ ကွင်းအပြည့် ပရိသတ်တွေ ရှိနေစေလိုကြောင်း ပရိသတ်တွေကို မေတ္တာ ရပ်ခံ ထားခဲ့ပြီး လာမကြည့် ဖြစ်တဲ့ လက်မှတ် ဝယ်ယူ ထားသူတွေကို အခြားသူတွေထံ လက်မှတ်တွေ လွှဲပြောင်းပေးဖို့ တောင်းဆို ခဲ့ပါတယ် ။

ဒါပေမယ့် ပွဲမစမီ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ဖို့ ဘာစီလိုနာ ကစားသမားတွေ ဝင်လာချိန် မှာတော့ နူးကမ့် ကွင်းအနှံ့အပြားမှာ ရှိနေတဲ့ ဖရန့်ဖွတ် ပရိသတ်တွေ ဆီက အော်ဟစ် လှောင်ပြောင်သံတွေကို ရင်ဆိုင် ခဲ့ရ ပါတယ် ။

“ပွဲကြည့်စင်ပေါ်က ကိစ္စက တကယ် စိတ်ပျက်စရာ ပါပဲ ။ တရာသီစာ လက်မှတ် ဝယ်သူတွေကို လာမကြည့် ဖြစ်ရင် လက်မှတ်တွေ ပြန်ရောင်းပေးဖို့ ကျွန်တော်တို့ တိုက်တွန်းခဲ့ ပါတယ် ။ ဒါပေမယ့် အခု ဒီလို ဖြစ်လာခဲ့တာ က တကယ့်ကို ရှက်စရာ ပါပဲ ။ ဒီကိစ္စကို ကျွန်တော် သေချာ ကိုင်တွယ် သွားပါမယ်” လို့ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ က ပြောဆိုခဲ့ ပါတယ် ။

ဇာဗီ ကတော့ အိမ်ကွင်း ပရိသတ်တွေ ကွင်းပြည့် မရှိနေမှု ဟာ အရှုံးကို ဖာထေးဖို့ လုံလောက်တဲ့ အကြောင်း ပြချက်တော့ မဟုတ်ခဲ့ဘူးလို့ ပြောဆိုပြီး အသင်းရဲ့ အမှားတွေ ၊ အားနည်းချက်တွေကို ထုတ်ဖော် ပြောပြ သွားခဲ့ ပါတယ် ။

“အိမ်ကွင်းလို့ မခံစား ခဲ့ရတာက တချက်ပါ ၊ ဒါလောက်နဲ့ အရှုံးကို ဆင်ခြေပေးလို့ မရပါဘူး ။ အဓိက ပြဿနာက ဘောလုံးမှာ ဖြစ်ခဲ့တာပါ ။ အမှားတွေ အများကြီး ကျွန်တော်တို့ လုပ်မိ ခဲ့ပါတယ် ။ ပေးလိုက်ရတဲ့ ၃ ဂိုးစလုံး ပါပဲ ။ ကစားတာလည်း မကောင်းပါဘူး ။ ဘာကြောင့် ဒါတွေ ဖြစ်ရတယ် ၊ ဒီလို အမှားတွေ လုပ် မိခဲ့တယ်ဆိုတာကို ပြန်ပြီး သုံးသပ် အဖြေရှာ သွားရမှာပါ” လို့ ဇာဗီ က ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အတွက် နောက်ထပ် ထိုးနှက်ချက် တခု ကတော့ အားထားရတဲ့ ကွင်းလယ် ကြယ်ပွင့်လေး ပက်ဒရီ ဒဏ်ရာ ရရှိ သွားခဲ့တာပဲ ဖြစ်ပါတယ် ။

ပက်ဒရီ ဟာ ကြွက်သား ဒဏ်ရာ ရရှိခဲ့ပုံရပြီး ပထမပိုင်းမှာ ဖရန်ကီ ဒီယွန် နဲ့ လူစားလဲ ခဲ့ရ ပါတယ် ။

မွန်ဒို သတင်းစာ ကတော့ ပက်ဒရီ ရဲ့ အခြေအနေဟာ ကောင်းမွန်ဖို့ အလားအလာ နည်းပါးပြီး ကြာကြာ နားရနိုင်တဲ့ ဒဏ်ရာမျိုး ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း ရေးသား သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR