‘ ၁၀ပွဲဆိုတာ အများကြီးပါ ‘ – အဲဗာတန်ကို တန်းမဆင်းရအောင် လုပ်ပေးနိုင်စွမ်း ရှိတယ်လို့ ယုံကြည်နေတဲ့ လမ်းပတ်

မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၁မှ ပွဲတပွဲမှာ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာ အတွက် ကြိုးစားနေတဲ့ ဝက်စ်ဟမ်း အသင်းနဲ့ တန်းမဆင်းရဖို့ ကြိုးစားနေတဲ့ အဲဗာတန် အသင်းတို့ ထိပ်တိုက် တွေ့ဆုံခဲ့ရာ ၊ အိမ်ရှင် ဝက်စ်ဟမ်းမှ ၂ – ၁ နဲ့ အနိုင်ရခဲ့ပြီး ၊ Top 4 မျှော်လင့်ချက်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာ အိမ်ရှင်ဖက်က ပထမပိုင်းမှာ နောက်ခံလူ အာရွန် ခရက်စ်ဝဲလ်ရဲ့ တိုက်ရိုက် ဖရီးကစ်ဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ၊ ဧည့်သည်တို့ ဒုတိယပိုင်း အစ ၈မိနစ်မှာ နောက်ခံလူ မေဆင် ဟိုးလ်ဂိတ်ရဲ့ သွင်းဂိုးနဲ့ ချေပဂိုး ပြန်ရခဲ့ပြီး ၊ နောက် ၆မိနစ် အကြာမှာ ရခဲ့တဲ့ တောင်ပံ ကစားသမား ဂျရော့ဒ် ဘိုဝမ်ရဲ့ သွင်းဂိုးနဲ့ hammers တို့ အနိုင်ရခဲ့ပါတယ် ။

ဒီရလဒ်ကြောင့် လောလောဆယ်မှာ အဲဗာတန် ဟာ တန်းဆင်းဇုန်နဲ့ အနီးကပ်ဆုံး အဆင့် ၁၇ နေရာမှာ ဝက်ဖို့ဒ်ထက် ၃မှတ် အသာစီး ရထားပြီး ၊ ပွဲကျန်တွေ အပါအဝင် ရာသီပြီးဆုံးဖို့ ၁၀ပွဲ အထိ ကစားဖို့ ကျန်ရှိနေပါသေးတယ် ။ လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ အဆင့် ၁၉ နေရာက ဘန်လေ အသင်းနဲ့ အဲဗာတန်တို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ် ။

မနေ့က ပွဲအပြီး BBC Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ လမ်းပတ် က သူ ကိုင်တွယ်ခဲ့တဲ့ အရှေ့ပွဲတွေမှာ နိုင်ပွဲထက် ရှုံးပွဲ ပိုများနေပေမယ့် ၊ လက်ကျန် ၁၀ပွဲ ကစားဖို့ ရှိနေသေးတာကြောင့် ဝက်စ်ဟမ်းနဲ့ ပွဲက ကစားပုံ အတိုင်းသာ ဆက်ကစားမယ်ဆိုရင် ၄င်းတို့ ပရီးမီးယားလိဂ်မှာ ဆက်လက် တင်ကျန်နိုင်မယ်လို့ ယုံကြည်ကြောင်း ဖွင့်ဟခဲ့ပါတယ် ။

လမ်းပတ် က ” ၁၀ပွဲဆိုတာ အများကြီးပါ ။ ကံတရားသာ ဆက်ကျန်နေမယ် ၊ ဒီနေ့ပွဲက ကစားပုံ အတိုင်းသာ လက်ကျန်ပွဲတွေကို ဆက်ကစားနေမယ် ၊ ကိုယ်ယုံကြည်တဲ့ လမ်းအတိုင်းသာ ဆက်လျှောက်မယ် ဆိုရင် ကျွန်တော်တို့ အိုကေ အဆင်ပြေမှာ ကျွန်တော် ရဲရဲကြီး ယုံပါတယ် ။ ”

” ဒါကို အခုပြောနေလို့ ဘာမှ အဓိပ္ပာယ် မရှိဘူး ဆိုတာ ကျွန်တော် သိပါတယ် ။ ကျွန်တော်တို့ အနေနဲ့ ကိုယ့်ကိုယ်ကိုသာ ဆက်လက် အာရုံစိုက်ဖို့ လိုပါတယ် ။ လာမယ့် ကြားရက်မှာ ကစားမယ့် ပွဲက တကယ် ကြီးမားပါတယ် ။ ဘာလို့လဲ ဆိုတော့ တန်းမဆင်းရဖို့ ကြိုးစားနေတဲ့ ဘန်လေ အသင်းနဲ့ ဖြစ်လို့ပါ ။ ”

” အဲဒီပွဲပြီးတာနဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ကျွန်တော်တို့ ရင်ဆိုင်ရမှာပါ ။ ခင်ဗျားဟာ ကစားတဲ့ ပွဲတွေကို အနိုင်ရချင်ပါတယ် ။ ဒီနေ့ပွဲက ကျွန်တော့ အတွက် နှစ်လိုဖွယ်တော့ မကောင်းခဲ့ပါဘူး ။ ဒီနေ့ ရှုံးပွဲမျိုးဟာ ခင်ဗျားဖက်က အပြည့်အဝ မပေးဆပ်လို့ ၊ အမှားများလို့ ရှုံးရတဲ့ ပွဲမဟုတ်ပါဘူး ။ ”

” ဒီလို ရှုံးပွဲမျိုး ကျွန်တော် ဒီကို စရောက်ကတည်းက ကြုံလာတာ ၂ကြိမ် ၊ ၃ကြိမ်လောက် ရှိပါပြီ ။ လက်ရှိ ဝက်စ်ဟမ်း အသင်းကို ကြည့်ပါ ။ သူတို့ဟာ လွန်ခဲ့တဲ့ ၂နှစ် ၊ ၃နှစ်လောက်က တန်းဆင်းရမယ့် အရေးနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ် ။ အဲဒီနောက် သူတို့ဟာ ဒီ အဖြစ်အပျက်ကို မေ့ပစ်ပြီး ၊ အသင်းကို ပြန်လည် ထူထောင် အားဖြည့်ခဲ့ပါတယ် ။ ”

” အဲဗာတန် ဟာ ကြီးကျယ်တဲ့ သမိုင်းကြောင်းနဲ့ ပရိသတ်ထုကို ပိုင်ဆိုင်ထားတာပါ ။ လောလောဆယ်မှာ ကျွန်တော်တို့ဟာ ဒီ ကြပ်တည်းတဲ့ ကာလကို အမြန်ဆုံး ကျော်ဖြတ်နိုင်ဖို့ ကြိုးစားနေရပါတယ် ။ ကျွန်တော် အပါအဝင် အသင်းသားတွေဟာ အရာရာ ပေးဆပ်နေကြပါတယ် ။ ”

” နောက် ၁၀ပွဲမှာ ဒီလို ပုံစံမျိုး ဆက်လက် ပြသနိုင်မယ်ဆို ကျွန်တော်တို့ အဆင်ပြေမယ် ဆိုတာ အဲဗာတန် ပရိသတ်တွေလည်း သိထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR