အဲဗာတန် စတား တဦးကို ခေါ်ယူဖို့ ချဲလ်ဆီး အသင်းထံ တိုက်တွန်းလိုက်တဲ့ ဆာဟာ

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ပေါင်သန်း ၂၀၀ကျော် သုံးစွဲကာ ၊ ထိပ်တန်း ကစားသမား ၆ဦးခန့် ခေါ်ယူ အားဖြည့်ခဲ့သလို ၊ ဒီရာသီမှာလည်း ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ နဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ကို ခေါ်ယူခဲ့ပါတယ် ။

ဒီလို ငွေကြေး အလုံးအရင်းနဲ့ လိုချင်တဲ့ ကစားသမားတွေကို ထင်တိုင်းကြဲ ခေါ်ယူဖို့ ဆိုတာ လာမယ့် နှစ်တွေမှာ ချဲလ်ဆီး အဖို့ အလားအလာ နည်းသွားဖို့ ရှိနေပါတယ် ။ အထူးသဖြင့် ပိုင်ရှင်အသစ် အပြောင်းအလဲ ဖြစ်လာတော့မယ့် တပြိုင်နက် ငွေကြေး သုံးစွဲမှု ၊ ငွေအဝင်အထွက်ကို ချဲလ်ဆီးတို့ သေသေချာချာ ချင့်ချိန်ဖို့ လိုအပ်လာတော့မှာ ဖြစ်ပါတယ် ။

ဒီတော့ ကြေးအရမ်းမြင့်မားတဲ့ ကစားသမားတွေကို ချဲလ်ဆီးတို့ ခေါ်ယူဖို့ ရှားပါးလာနိုင်ပြီး ၊ ကြေးအတော်အသင့်ရှိမယ့် ကလပ်နဲ့လည်း အံဝင်မယ့် ကစားသမား အချို့ကို ချဲလ်ဆီးတို့ လာမယ့် နွေရာသီမှာ ပစ်မှတ်ထားလာနိုင်ပါတယ် ။ ချဲလ်ဆီးရဲ့ အဝယ်စာရင်းမှာ ခံစစ်မှူးနဲ့ တိုက်စစ်မှူး တနေရာစီတော့ အနည်းဆုံး ပါလာဖို့ များနေပါတယ် ။

အဲဗာတန် တိုက်စစ်မှူးဟောင်း လူးဝစ် ဆာဟာ ကတော့ တိုက်စစ် အင်အား ဖြည့်တင်းဖို့ အတွက် တန်းမဆင်းရဖို့ တိုက်ပွဲဝင်နေရတဲ့ ၄င်းရဲ့ အသင်းဟောင်း အဲဗာတန်မှ အသက် ၂၄နှစ် အရွယ် ၊ ဘရာဇီး လက်ရွေးစင် တိုက်စစ်မှူး ရစ်ချာလီဆင်ဟာ ချဲလ်ဆီး အပါအဝင် ပရီးမီးယားလိဂ် အင်အားကြီး အသင်းတွေနဲ့ လိုက်ဖက်မှု ရှိကြောင်း အခုလိုပဲ သုံးသပ်ခဲ့ပါတယ် ။

BoyleSports နဲ့ တွေ့ဆုံခဲ့ရာမှာ ဆာဟာ က ” ရစ်ချာလီဆင်ကို မလိုချင်တဲ့ အသင်းကြီး မရှိလောက်ဘူးလို့ ကျွန်တော် ထင်ပါတယ် ။ သူဟာ စပါယ်ရှယ် ကစားသမား တယောက် ဖြစ်ပြီး ၊ ဘယ်ခံစစ်ကစားသမားကမှ သူနဲ့ မရင်ဆိုင်လိုကြပါဘူး ။ သူဟာ ပြိုင်ဖက်ခံစစ် အတွက် အမြဲတမ်း အန္တရာယ် တခုလိုပါပဲ ။ ”

” ချဲလ်ဆီး ၊ လီဗာပူး … နေပါဦး ။ လီဗာပူး မဟုတ်ဘူး ။ စတာပါ ။ သေချာတာကတော့ ထိပ်တန်း ပရီးမီးယားလိဂ် ကလပ် တသင်းသင်းဟာ သူ့ကို အလစ်သုတ်ဖို့ စောင့်ကြည့်နေမှာပါပဲ ။ ကျွန်တော်ကတော့ အဲဗာတန်ဖက်က သူ့ကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ထိပ်တန်း စတား တဦး ဖြစ်လို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အဲဗာတန် ဟာ တန်းဆင်းဇုန် တိုက်ပွဲဝင်နေရသလို ၊ ချဲလ်ဆီး ဟာလည်း အဆင့် ၃ နေရာ ၊ ချန်ပီယံလိဂ် ဝင်ခွင့် တနေရာကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေဆဲ ဖြစ်ပါတယ် ။ ချဲလ်ဆီး နည်းပြ တူချယ် ကတော့ ပြီးခဲ့တဲ့ အပတ် အတွင်း ၂ပွဲဆက် ရှုံးခဲ့ပေမယ့် ၄င်းတို့ အဆင့် ၃ နေရာ ရနိုင်မယ်လို့ ယုံကြည်ကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ” လုံးဝ ယုံကြည်ပါတယ် ။ ဒါပေမယ့် ထိပ်ဆုံး ၄သင်း စာရင်း ဝင်ဖို့ ဆိုတာ ဒီအတိုင်း အလကားနေရင်း ရမှာ မဟုတ်ပါဘူး ။ ကျွန်တော် ကိုယ်တိုင်လည်း ဒီလိုပဲ ခံယူထားပါတယ် ။ ဘာလို့လဲ ဆိုတော့ ဒီလိဂ် ဟာ အရမ်း ကြီးမားတဲ့ ၊ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လိဂ်ဖြစ်လို့ပါပဲ ။ ”

” လက်ရှိ ကျွန်တော်တို့ အခြေအနေ ဘယ်လိုရှိနေလဲ ဆိုတာ ကျွန်တော်တို့ ကောင်းကောင်း သိပါတယ် ။ ဒီတရာသီလုံး ဘယ်လို ရုန်းကန် ကျော်ဖြတ်လာရသလဲ ဆိုတာ ၊ ဘယ်လို အရာတွေက ကျွန်တော်တို့ကို ရုန်းကန်ရစေခဲ့တာကို ကောင်းကောင်း သိထားပါတယ် ။ လက်ရှိ အသင်း အတွင်း ဘာမှ ဆိုးဆိုးရွားရွား မဖြစ်နေဘူးလို့လည်း ကျွန်တော် ခံစားရပါတယ် ။ ”

” ကျွန်တော်တို့သာ ပုံစံကောင်းမှာ ရှိနေမယ်ဆိုရင် ထိပ်တန်းအဆင့် ကစားဟန်နဲ့ ကစားပြနိုင်ပါတယ် ။ ဒါကို ဒီတနှစ်လုံး ကျွန်တော်တို့ တောက်လျှောက် လုပ်ပြလာခဲ့တာပါ ။ ဒါမျိုးသာ မလုပ်ပြနိုင်ရင် ကျွန်တော်တို့ဟာ ဘယ်လို အရည်အသွေးမျိုးနဲ့ ပြိုင်ဖက်ကိုမဆို ရှုံးနိုင်ပါတယ် ။ ”

” ကံဆိုးစွာနဲ့ ဒီ သာဓကမျိုးကို ပြီးခဲ့တဲ့ ၅ရက် အတွင်း မြင်ခဲ့ရပါတယ် ။ ဒါက ဘာမှ ဆိုးဆိုးရွားရွား ကိစ္စတော့ မဟုတ်ပါဘူး ။ သတိပေးခေါင်းလောင်းသက်သက်သာ ဖြစ်ပါတယ် ။ အဆင့် ၃ နေရာမှာ ရပ်တည်ဖို့ ဆက်လက် တိုက်ပွဲဝင်ရတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဖက်က ဘာရှက်စရာမှ မလိုပါဘူး ။ ”

” အဆုံးမှာတော့ ဒါဟာ ခက်ခဲတဲ့ ပြိုင်ပွဲ ဖြစ်ပြီး ၊ ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ အတွက် ယုံကြည်မှု ရှိသလားဆိုရင် ကျွန်တော့ရဲ့ အဖြေက yes ပါပဲ ။ ကျွန်တော် ဟာ အသင်းသားတွေ အပေါ် ၊ ကလပ် အပေါ်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR