အဲဗာတန်ကို ခက်ခဲစွာနိုင်ခဲ့တဲ့ မာဆေးဆိုက်ဒါဘီရဲ့ ဒုတိယပိုင်းမှာ လီဗာပူးတို့ ဘာတွေ ခြားနားသွားခဲ့သလဲဆိုတာ ပြောပြလိုက်တဲ့ ရောဘတ်ဆန်

 

လီဗာပူးဟာ မနေ့ညက အန်ဖီးမှာ ကစားခဲ့တဲ့ မာဆေးဆိုက်ဒါဘီ ပွဲစဉ်မှာ အဲဗာတန်ကို ရောဘတ်ဆန် အိုရီဂီ တို့ရဲ့ ဂိုးတွေနဲ့ အတူ ၂-၀ နဲ့ အနိုင်ခဲ့ကာ အမှတ်ပေးဖလား အိမ်မက်ကို ဆက်လက် ရှင်သန်နေစေပါတယ်။ ရောဘတ်ဆန်က အဲဗာတန်ကို ခက်ခဲစွာ အနိုင်ရခဲ့တဲ့ ဒါဘီပွဲစဉ်မှာ စိတ်ရှည်မှုက လီဗာပူး အတွက် အဓိက ကျခဲ့တယ်လို့ ပြောလိုက်ပါတယ်။ ပွဲချိန် မိနစ် ၆၀ ကျော်တဲ့ အထိ ပွဲဟာ ၀-၀ ဖြစ်နေခဲ့တာကြောင့် ယာဂန်ကလော့ရဲ့ အသင်းအတွက် တကယ့်ကို ကစားရ ခက်ခဲတဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ကလော့ဟာ မာနေး နဲ့ ကီတာ တို့ကို ထုတ်ကာ ဒီယက် နဲ့ အိုရီဂီ တို့ကို ထည့်သွင်းကာ ကစားအားမြှင့်တင်သွားခဲ့ပြီး ရောဘတ်ဆန်က ၆၄ မိနစ် အိုရီဂီက ၈၄ မိနစ် တို့ကို အရေးပါတဲ့ ဂိုးတွေသွင်းယူကာ အနိုင် ၃ မှတ်ရအောင် လုပ်ပေးခဲ့ကြပါတယ်။ အဲဗာတန် ကလည်း တန်းဆင်းဇုန် တိုက်ပွဲကို အပြင်းအထန် ဆင်နွှဲနေရပြီး လီဗာပူးက အမှတ်ပေးဖလား တိုက်ပွဲဆင်နွှဲနေရတာကြောင့် တိုက်ပွဲ၀င်နေတဲ့ အသင်း ၂ သင်းရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု ဖြစ်ခဲ့ပါတယ်။

 

ဘန်လေတို့ အစောပိုင်းက ဝုဖ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တာကြောင့် အဲဗာတန်ဟာ ဒီပွဲစဉ်မတိုင်မီကတည်းက တန်းဆင်းဇုန်ထဲကို ကျရောက်သွားခဲ့တာ ဖြစ်ပြီး the Blues တို့ဟာ ဘန်လေထက် တစ်ပွဲလျော့ ကစားခဲ့ပေမယ့်လည်း ဒါဟာ လမ်းပတ်ရဲ့ အသင်းအတွက် တကယ့်ကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။

 

ဧည့်သည်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု သိပ်မရှိခဲ့ပေမယ့်လည်း မိနစ် ၆၀ လောက်ထိ လီဗာပူးရဲ့ တိုက်စစ်ကို ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့သလို တန်ပြန်တိုက်စစ်ကနေ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပြီး တုန့်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရောဘတ်ဆန်က လီဗာပူးဟာ ဒုတိယပိုင်းမှာ ပွဲကို ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။

ရောဘတ်ဆန်က “ဒီပွဲဟာ ကစားရတာ တအားကို ခက်ခဲခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ အကောင်းဆုံး ပုံစံကို မပြသနိုင်ခဲ့ဘဲ ကိုယ်ရဲ့ game နဲ့ ကစားသွားရမယ့် အစား သူတို့ လိုချင်တဲ့ game အတိုင်း စတင်ကစားခဲ့ပါတယ်။ ပွဲကို အကြိမ်များစွာ ရပ်နားမှုတွေ လုပ်ခဲ့ပြီး လိုအပ်တာထက် ပိုများပြားတဲ့ လူတွေဟာ ဒိုင်ကို သွားရောက် စောဒကတက်ခဲ့ကြပါတယ်။ ကျွန်တော်ဟာ တန်းဆင်းဇုန်တိုက်ပွဲ ဆင်နွှဲခဲ့ဖူးတဲ့သူ ဖြစ်တာကြောင့် သူတို့ ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်သလဲဆိုတာ ကျွန်တော် သိပါတယ်။

 

ကျွန်တော်တို့ ကိုယ့်ရဲ့ own game ကိုပဲ အာရုံစိုက်ခဲ့ရပါတယ်။ ကျွန်တော်တို့ ဘောလုံး ကစားသွားခဲ့ရပါတယ်။ ကျွန်တော်တို့ စိတ်ရှည်သည်းခံခဲ့ရပြီး အခွင့်အရေးတွေ ဖန်တီးနိုင်အောင် ကြိုးစားခဲ့တာပါ။ ကံကောင်းစွာနဲ့ ဒုတိယပိုင်းမှာ ကျွန်တော်တို့ အနိုင်ရအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ဟာ ပွဲကို အများကြီး ပိုကောင်းအောင် ထိန်းချုပ်လာနိုင်ခဲ့တယ်လို့ ထင်ပါတယ်။

 

စိတ်ရှည်မှုဟာ တကယ့်ကို အခရာကျခဲ့ပါတယ်။ သူတို့ဟာ ဒီပွဲစဉ်မတိုင်မီ တန်းဆင်းဇုန်ထဲ ရောက်သွားခဲ့တယ်ဆိုတာကို သိနေခဲ့တာကြောင့် အများကြီး အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်။ သူတို့ဟာ အမှတ်တစ်မှတ်တိုင်း အတွက် အပြင်းအထန် တိုက်ပွဲ၀င်နေတာပါ။ ပွဲက ပြိုင်ဆိုင်မှု အတော် ပြင်းထန်မယ် ဆိုတာ ကျွန်တော်တို့ သိထားခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းမှာ ကျွန်တော်တို့ ဘာမှ ဖန်တီးမှု မလုပ်နိုင်ခဲ့ပါဘူး။ ကိုယ်လုပ်ချင်တွေ မလုပ်နိုင်ခဲ့ပါဘူး။ ကံကောင်းစွာနဲ့ ဒုတိယပိုင်းမှာ အနည်းငယ် စိတ်ရှည်ရှည် ကစားခဲ့ပြီး ကျွန်တော်တို့ ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။” လို့ ဆိုသွားပါတယ်။

 

နာဘီကီတာ အစားလူစား၀င်လာခဲ့တဲ့ အိုရီဂီ ကလည်း ရောဘတ်ဆန်ရဲ့ ပထမဂိုးမှာ ပါ၀င်ပက်သက်ခဲ့သလို ပွဲပြီးဖို့ ငါးမိနစ် အလိုမှာလည်း ပွဲသိမ်းဂိုးကို ရယူပေးခဲ့ပါတယ်။ ဒါဟာ အဲဗာတန်နဲ့ ရင်ဆိုင်ခဲ့တဲ့ ၁၀ ပွဲမှာ အိုရီဂီရဲ့ ၆ ဂိုးမြောက်လည်း ဖြစ်ပါတယ်။

အိုရီဂီက “ဒါဟာ မှတ်တမ်းကောင်းပါ။ ကျွန်တော် ကွင်းထဲ ၀င်လာချိန်မှာ အသင်းရဲ့ ကစားပုံကို ဘယ်လို ကောင်းအောင် လုပ်ပေးသွားရမလဲဆိုတာ စဉ်းစားခဲ့ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ ဒါကို လိုအပ်လို့ပါ။ ဒါဟာ ခက်ခဲတဲ့ ပွဲစဉ်ပါ။ ဒါပေမယ့် ကျွန်တေ်ာတို့ အနိုင် ၃ မှတ် ရခဲ့ပြီး ဒါဟာ အရေးကြီးဆုံးအရာ ပါပဲ။”

SPORTS MYANMAR