အာဆင်နယ် အသင်း က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ အပေါ် တုန့်ပြန် ပြောကြားလာတဲ့ ​ဂျေဇု

 

မန်စီးတီး တိုက်စစ် ကစားသမား ဖြစ်တဲ့ ဂျေဇု က အာဆင်နယ် အသင်းနဲ့ အပြောင်းအရွှေ့ကောလဟလတွေ အပေါ် စဉ်းစားနေမှာ မဟုတ်ကြောင်း ဆိုလိုက်ပြီး လက်ရှိ အသင်းနဲ့ အတူ ဆုဖလား အောင်မြင်မှု ရယူ နိုင်ရေးကိုပဲ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ် ။

အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂျေဇု ဟာ ဒီရာသီမှာ မန်စီးတီး အတွက် ပရီးမီးယားလိဂ်ပွဲ ၁၇ ပွဲသာ ပွဲထွက် ကစားခွင့် ရထားပြီး ချန်ပီယံလိဂ် မှာ ၁ ပွဲသာ ပွဲထွက် ကစားခွင့် ရထားပါတယ် ။

 

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အူဘာမီယန်း ကို ဘာစီလိုနာ အသင်းထံ ထွက်ခွာခွင့် ပြုခဲ့ပေမယ့် သူ့နေရာ အစားထိုးဖို့ တိုက်စစ်မှူး ခေါ်ယူ နိုင်ခဲ့ခြင်း မရှိပါဘူး ။ ဒါ့အပြင် လာကာဇက် နဲ့ အန်ကီးတီးယား တို့ဟာလည်း ရာသီကုန်မှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ဂန်းနားတို့ တိုက်စစ် အင်အား ဖြည့်တင်းဖို့ မဖြစ်မနေ လိုအပ်နေတာ ဖြစ်ပါတယ် ။

 

အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ အာဆင်နယ် အသင်းဟာ ဂျေဇု ကို ခေါ်ယူဖို့ ပစ်မှတ် ထားနေတယ်လို့ သိရပါတယ် ။အာဆင်နယ် နည်းပြ အာတေတာ ဟာ မန်စီးတီး အသင်းမှာတုန်းက ဂျေဇု နဲ့လက်တွဲ ခဲ့ဖူးပြီး ဘရာဇီးသားကို ခေါ်ယူနိုင်ရေး ဆက်သွယ် စုံစမ်း နေပါတယ် ။

အာဆင်နယ် အသင်း နည်းစနစ် ဒါရိုက်တာ အီဒူး ဟာ ဂျေဇု ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေး စကားပြောဆိုနေတာ လအတန်ကြာ ရှိနေပြီလို့လည်း သိရပါတယ် ။ဝက်ဖိုဒ့် နဲ့ ပွဲမှာ ပွဲထွက် ကစားခွင့် ရပြီး လေးဂိုး အထိ သွင်းယူ နိုင်ခဲ့တဲ့ ဂျေဇု ဟာ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ခုလို ပြောကြား သွားခဲ့ပါတယ် ။

” အခုအချိန်က အပြောင်းအရွှေ့အကြောင်း စဉ်းစားရမယ့် အချိန် မဟုတ်သေးပါဘူး ၊ ခင်ဗျားတို့ ကျွန်တော့်ကို ပြောချင်စေကြတယ်ဆိုတာ သိပါတယ် ၊ မှန်ပါတယ် ။ ဒါပေမယ့် အချိန်အခါ မသင့်သေးပါဘူး ၊ အခု အချိန်က ဒီရာသီရဲ့ အကောင်းဆုံး အခိုက်အတန့်ပါ ။ ”

 

” ဒီအခိုက်အတန့်ကို ကျွန်တော် နှစ်ခြိုက်စွာ ခံစားချင်ပါတယ် ၊ ပြီးရင်တော့ ပရီးမီးယားလိဂ် ဖလား ရယူဖို့ရာ အသင်းဖော်တွေနဲ့ အတူ ဆက်လက် အာရုံစိုက် တိုက်ပွဲဝင်သွားမှာပါ ၊ ဒီဖလားကို အသင်းဖော်တွေ နဲ့အတူ သုံးကြိမ် ရယူခဲ့ဖူးတော့ ဘယ်လို ခံစားရသလဲ ဆိုတာ ကောင်းကောင်းသိပါတယ် ၊ အဲ့ဒါကြောင့် ကျွန်တော် ထပ်ရယူချင်ပါတယ် ။ ”

” အင်္ဂါနေ့မှာ ရီးရဲလ် မက်ဒရစ် နဲ့ ကစားရမယ့် ခက်ခဲတဲ့ ပွဲတစ်ပွဲ ရှိပါတယ် ၊ ခက်ခဲမယ့် ပြိုင်ဘက်ပါ ၊ အဲ့ဒီပွဲကိုပဲ ကျွန်တော် အာရုံစိုက်ထားပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

 

ဂျေဇု ဟာ မန်စီးတီး အသင်း အတွက် ပွဲပေါင်း ၂၃၀ ပွဲ ကစား ၉၃ ဂိုး သွင်းယူ ပေးထားပြီး ပရီးမီးယားလိဂ် ဖလား ၃ ကြိမ် ၊ ခါရာဘောင်းဖလား ၃ ကြိမ် ၊ အက်ဖ်အေ ဖလား ၁ ကြိမ် ရယူ ထားနိုင်ပါတယ် ။

 

SM