အလွန်ဆိုရဲ့ ဂိုးကို လက်ထိဘော အဖြစ် ပယ်ဖျက်ခဲ့တဲ့ ကွင်းလယ်ဒိုင်ကို ‘ သတ္တိကင်းမဲ့သူ ‘ လို့ ခေါင်းစဉ်တပ် ဝေဖန်လိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့မှာ ရီးရဲလ်မက်ဒရစ် အသင်းကို ဘာနေဗျူးကွင်းမှာ ၂ – ၃ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် ၊ ၂ကျော့ပေါင်း ရလဒ် အရ ၅ – ၄ နဲ့ အရေးနိမ့်ခဲ့တာကြောင့် ၊ ဒီအဆင့်ကနေပဲ လက်ပြနှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး ဟာ ပွဲချိန် မိနစ် ၈၀ မတိုင်ခင် အထိ ၃ဂိုးပြတ် ရလဒ်နဲ့ ဦးဆောင်နေခဲ့ပေမယ့် ၊ ပွဲပြီးခါနီးက ရိုဒရိုင်ဂိုရဲ့ ချေပဂိုး ၊ အချိန်ပို ပြန်အစ ၅မိနစ်က ဘန်ဇီမာရဲ့ ခေါင်းတိုက်ဂိုးတွေကြောင့် မျှော်လင့်ထားတဲ့ epic comeback အိပ်မက်လည်း ပျက်ပြယ်ခဲ့ရပါတယ် ။

တဖက်မှာ ချဲလ်ဆီး ဟာ ပွဲချိန် ၆၂ မိနစ်မှာ ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆိုဆီက သွင်းဂိုး တဂိုး ရခဲ့ပေမယ့် ၊ VAR မှ လက်ထိဘော အဖြစ် ပယ်ချခဲ့ပါတယ် ။ ဒီ ဆုံးဖြတ်ချက်မှာ ပိုလန်လူမျိုး ကွင်းလယ်ဒိုင် ဇီမွန် မာစီညက် ဟာ ကိုယ်တိုင်ကိုယ်ကျ ဗီဒီယို အနှေးပြကွက် မကြည့်ခဲ့သလို ၊ ဒါဟာ ရှင်းလင်းပြတ်သားတဲ့ လက်ထိဘောလည်း မဖြစ်ခဲ့ပါဘူး ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ယင်း ကွင်းလယ်ဒိုင်ကို သတ္တိကင်းမဲ့သူလို့ ခေါင်းစဉ်တပ် ဝေဖန်ရင်း ၊ ပွဲအပြီး လက်ဆွဲနှုတ်ဆက်တဲ့ အချိန် အန်ဆယ်လော့တီနဲ့ အားပါးတရ ရယ်မောခဲ့တဲ့ ယင်းဒိုင်ကို အခုလိုပဲ ပြင်းပြင်းထန်ထန် ထိုးနှက် တိုက်ခိုက်ခဲ့ပါတယ် ။

တူချယ် က ” ကွင်းလယ်ဒိုင်ဟာ ကျွန်တော့ရဲ့ လုပ်ဖော်ကိုင်ဖက်ကောင်း တဦးဖြစ်တဲ့ ကာလို အန်ဆယ်လော့တီနဲ့ အတူ ပွဲအပြီးမှာ စကားပြောရင်း ရယ်မောပျော်ရွှင်နေတာကို မြင်ရလို့ ကျွန်တော် အရမ်း စိတ်ပျက်မိပါတယ် ။ ကာလို ဟာ လူကြီးသူကောင်းဆန်တဲ့ ပုဂ္ဂိုလ် တဦး ဆိုတာ ကျွန်တော် သိပါတယ် ။ ”

” ပွဲအပြီး လက်ဆွဲနှုတ်ဆက်ဖို့ သွားတော့ ကွင်းလယ်ဒိုင်ဟာ ပြိုင်ဖက် နည်းပြနဲ့ အားပါးတရ ရယ်မောနေခဲ့တာကို မြင်ခဲ့ရပါတယ် ။ ပွဲချိန် ၁၂၆မိနစ်လောက် အထိ ၂ဖက် အသင်းသားတွေ အားကြိုးမာန်တက် ပေးဆပ်ကစား ၊ ဖြတ်သန်းခဲ့ပြီးနောက် ၊ ကွင်းလယ်ဒိုင် တယောက် အနေနဲ့ ဒီလို လုပ်ရပ်မျိုး လုပ်နေတာက မှားယွင်းတယ်လို့ ကျွန်တော် မြင်ပါတယ် ။ ”

” ဒီနေ့မှာမှ ကျွန်တော်တို့ အသင်းဟာ ကွင်းလယ်ဒိုင်တွေဆီက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ခံခဲ့ရတာ မဟုတ်ပါဘူး ။ အချိန်တိုင်းလိုလို ဒီအတိုင်း ဖြစ်နေတာပါ ။ ဒါကလည်း ကျွန်တော်ဟာ ခဏခဏ ဒိုင်တွေနဲ့ ပြဿနာ တက်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ။ ”

” ဒါပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်တဲ့အခါ ၊ ခင်ဗျား ဟာ ကွင်းလယ်ဒိုင်တိုင်းကို သတ္တိရှိတဲ့ ၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်ပေးဖို့ မျှော်မှန်းထားလို့ မရပါဘူး ။ ဒါမျိုး ၂ကျော့လုံးက တချို့သော အသေးအဖွဲ ဆုံးဖြတ်ချက်တွေမှာ သူတို့ရဲ့ မူမမှန်တဲ့ အပြုအမူတွေ ခံစားခဲ့မိပါတယ် ။ ”

” မားကို့စ်ရဲ့ ဂိုးကို ကျွန်တော် သေသေချာချာ မတွေ့ခဲ့ပါဘူး ။ ဒါပေမယ့် ကျွန်တော် က သူ့ကို ခင်ဗျား အနေနဲ့ VAR ကို ကိုယ်တိုင် လာကြည့်ပြီးမှ ဆုံးဖြတ်သင့်တယ်လို့ ပြောခဲ့ပါတယ် ။ ဒီလို မလုပ်တဲ့ အတွက် ကျွန်တော် အကြီးအကျယ် စိတ်ပျက်ခဲ့မိပါတယ် ။ ခင်ဗျားဟာ ဒီပွဲကို ကွင်းလယ်ဒိုင် အနေနဲ့ ကြီးကြပ်ခွင့်ကို ဘော့စ်တယောက်လို အပြည့်အဝ ရထားတာပါ ။ ”

” ဒီတော့ ကိုယ်ပိုင်မူ ကိုယ်ပိုင်ဟန်နဲ့ ဘယ်အရာတွေကို မှန်တယ် ၊ မှားတယ် ဆုံးဖြတ်ခွင့် ရှိပါတယ် ။ အနည်းဆုံးတော့ ဒီဂိုးမှာ သူ ကိုယ်တိုင် VAR သွားကြည့်ပြီး ၊ ပြတ်သားတဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ချသင့်တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ပွဲပြီးမှ ဒါကို သူ ဘာကြောင့် ဒီလို ဆုံးဖြတ်ချက်မျိုး ချခဲ့တယ် ဆိုတာကို ပြန်ဖြေရှင်းသင့်ပါတယ် ။ ”

” ဒါက ကျွန်တော့ရဲ့ ထင်မြင်ချက်သက်သက်ပါပဲ ။ နောက်ပြီး အချိန်ပို ဒုတိယပိုင်းမှာ ကျွန်တော်တို့ နာကျင်အချိန်ပို နည်းနည်း ပိုရသင့်တယ်လို့ ထင်ပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကစားခဲ့ရတာ ဘယ်နှမိနစ်မှ မရခဲ့တာကြောင့်ပါ ။ တဖက်မှာလည်း ဒီလောက် တောင်းဆိုတာက များကောင်းများနိုင်ပါတယ် ။ အခွင့်အရေးက ကျွန်တော်တို့ လက်ထဲမှာ ရှိခဲ့ပေမယ့် ၊ ကံဆိုးစွာနဲ့ မလုပ်ဆောင်နိုင်ခဲ့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR