အမှတ်ပေးဖလားကို စိန်ခေါ်သွားနိုင်ဖို့ အတွက် အာဆင်နယ်တို့ အတုယူရမယ့် ပရီးမီးယားလိဂ်ပြိုင်ဘက်ကို ပြောပြသွားခဲ့တဲ့ ကာရေဂါ

ဂျေမီကာရေဂါက အာဆင်နယ် အနေနဲ့ မန်ချက်စတာစီးတီး လီဗာပူး တို့လို အသင်းတွေနဲ့ အပြိုင် အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ဖို့ အတွက် ဗာဂျယ်ဗန်ဒိုက် နဲ့ အလီဆွန် တို့လို အသင်းအပေါ် သက်ရောက်မှု များစွာ ပေးနိုင်မယ့် ကစားသမားမျိုးတွေကို ခေါ်ယူသွားဖို့ လိုအပ်တယ်လို့ ဆိုလိုက်ပါတယ်။

ရာသီအစမှာ ၃ ပွဲဆက် ရှုံးနိမ့်ကာ ဆိုးရွားတဲ့ တာထွက်နဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ဂန်းနား တို့ဟာ လက်ရှိ အချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး အဆင့် ၅ နေရာက တစ်ပွဲပို ကစားထားခဲ့တဲ့ တော့တင်ဟမ်ကို ၃ မှတ် ဖြတ်ထားနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့ အတွက် အခြေအနေကောင်းကို ပိုင်ဆိုင်နေပါတယ်။

မြောက်လန်ဒန် ကလပ်ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဘန်ဝိုက် ရမ်ဒဲလ် မာတင်အိုဒီဂတ် တာဗာရက်စ် လိုကွန်ဂါ စတဲ့ လူငယ်ခြေတက် ကစားသမားတွေကို ငွေကြေးများစွာ သုံးစွဲကာ ခေါ်ယူခဲ့ပါတယ်။ ကာရေဂါက စီးတီး လီဗာပူး တို့နဲ့ ကွာဟမှုကို လျော့ချသွားဖို့ အတွက် ဆိုရင် ဂန်းနား တို့အနေနဲ့ ယာဂန်ကလော့ အသင်းရဲ့ လမ်းစဉ်ကို လိုက်သင့်တယ်လို့ ယုံကြည် နေပါတယ်။

လီဗာပူး အသင်းဟာ ဗန်ဒိုက် နဲ့ အလီဆွန် တို့ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ အပြင် နောက်တစ်နှစ်မှာ ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့ပါတယ်။ လီဗာပူး ဂန္တ၀င် ကာရေဂါက အာဆင်နယ် အနေနဲ့ အသင်းကို နောက် level တက်သွားစေနိုင်တဲ့ ဒီလို ကစားသမားမျိုးတွေကို ခေါ်ယူသွားဖို့ လိုအပ်တယ်လို့ ဆိုသွားပါတယ်။

ကာရေဂါက “အာဆင်နယ် အနေနဲ့ အဆင့် ၄ နေရာကို ရဖို့ လိုအပ်ပါတယ်။ လီဗာပူးမှာ ယာဂန်ကလော့ လုပ်ခဲ့တာတွေနဲ့ နှိုင်းယှဉ်လိုက်တဲ့ အခါမှာ အာဆင်နယ်ဟာ ရော်နယ်ဒို ကို မရနိုင်သလို ဟယ်ရီကိန်း ကိုလည်း မရနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ အာဆင်နယ် အတွက် လာမည့် ကစားသမား ခေါ်ယူမှု ၂ ခု ၃ ခုဟာ လီဗာပူးကို နောက် level ကို တက်သွားစေခဲ့တဲ့ အလီဆွန်လို ကစားသမားမျိုး ဖြစ်ရပါမယ်။ ဗန်ဒိုက်လို ကစားသမားမျိုး ဖြစ်ရပါမယ်။

Top 4 နေရာ အတွက် တိုက်ပွဲ၀င်နေရာကနေ မန်ချက်စတာစီးတီး လီဗာပူး ချဲလ်ဆီး တို့နဲ့ ယှဉ်ပြိုင်သွားနိုင်ဖို့ အတွက် ဆိုရင် ဒါဟာ အာဆင်နယ်တို့ နောက်ထပ် လုပ်သွားရမယ့် အရာ ဖြစ်ပါတယ်။” လို့ သုံးသပ်သွားပါတယ်။

ဂယ်ရီနဗီးကတော့ အဆင့် ၄ နေရာ ရရှိခြင်းကသာ အာဆင်နယ် တို့ ရနိုင်တဲ့ အကောင်းဆုံး အရာ ဖြစ်တယ်လို့ သူ့ရဲ့ ယူဆချက်ကို ပြောပြသွားခဲ့ပါတယ်။

နဗီးက “ကျွန်တော်ကတော့ မီခေးအာတီတာဟာ ကောင်းမွန်တဲ့ နည်းပြတစ်ဦးလို့ ထင်ပါတယ်။ ကျွန်တော် အခု စိတ်၀င်စားတာကတော့ အာဆင်နယ်တို့ ဒီရာသီမှာ top 4 ၀င်နိုင်မလား ဆိုတာ ပါပဲ။ ကျွန်တော်ကတော့ ဒါဟာ ၅၀/၅၀ အနေအထားပဲ ရှိနေသေးတယ်လို့ ထင်ပါတယ်။ top 4 race ဟာ အဝေးကြီး သွားဖို့ ကျန်ပါသေးတယ်။ ဒါပေမယ့် သူတို့ top 4 ၀င်ခဲ့မယ် ဆိုရင် ဒါဟာ သူတို့ ရနိုင်တဲ့ အကောင်းဆုံး အရာ ဖြစ်ပါတယ်။

ကျွန်တော်လို့ လိဂ်မှာ ပက်ဂွာဒီယိုလာ ယာဂန်ကလော့ ချဲလ်ဆီး မန်ယူနိုက်တက်တို့ ရှိနေတာကြောင့် အာဆင်နယ်တို့ ဘယ်နေရာကို သွားနိုင်မှာလဲ? သူတို့ဟာ ဒီအသင်းတွေကို ယှဉ်ပြိုင်သွားနိုင်မှာ မဟုတ်ပါဘူး။ အာတီတာဟာ ထူးချွန်တဲ့ နည်းပြပါ။ သူဟာ အသင်းသားတွေဆီက အကောင်းဆုံး အရည်အသွေးကို ထုတ်ယူပေးနေတာကို မြင်ရတာ ကျွန်တော် တကယ်နှစ်သက်ပါတယ်။ သူ ဘယ်လို ကစားချင်သလဲ ဆိုတာ ကျွန်တော်တို့ အတိအကျ သိနေရပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM