အနိုင်ဂိုးအခွင့်အရေးကို လွဲချော်ခဲ့တဲ့ အသင်းဖော်ကို ကာကွယ်ပြောဆိုခဲ့တဲ့ ဒီဘရိုင်းနား

မန်ချက်စတာ စီးတီး အသင်းခေါင်းဆောင် ကယ်ဗင် ဒီဘရိုင်းနား ဟာ မနေ့ ညက လီဗာပူး အသင်းနဲ့ သရေ ကျခဲ့တဲ့ ပွဲမှာ အနိုင် ရစေမယ့် အခွင့်အရေးကောင်းကို ဆုံးရှုံးအောင် လုပ်ခဲ့တဲ့ အသင်းဖော် မာရက်ဇ် ဘက်ကနေ ကာကွယ် ပြောဆို သွားခဲ့ ပါတယ် ။

မန်စီးတီး ဟာ အမှတ်ပေး ချန်ပီယံဆု အတွက် ၁ မှတ် အကွာ ကနေ လိုက်လံ ဖိအားပေး နေတဲ့ လီဗာပူး ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ပြီး ၂ ဂိုးစီ သရေ ရလဒ် နဲ့ ပြီးဆုံး သွားခဲ့ ပါတယ် ။

စီးတီး ဟာ ပွဲအစ မှာတင် ဒီဘရိုင်းနား ရဲ့ ကန်ချက် လမ်းကြောင်းပြောင်း ဂိုးဝင်ပြီး ဦးဆောင်မှု ရယူ နိုင်ခဲ့ ပေမယ့် လီဗာပူး ဘက်က ဂျိုတာ က ပြန်လည် ချေပ သွားခဲ့ ပါတယ် ။

ပထမပိုင်း အပြီးမှာ စီးတီး က ၂-၁ နဲ့ အနိုင်ရ ထားပေမယ့် ဒုတိယပိုင်း အစမှာ မာနေး က လီဗာပူး အတွက် ချေပဂိုး ထပ်မံ သွင်းယူ သွားခဲ့ ပါတယ် ။

စီးတီး ဟာ ဒီပွဲမှာ လီဗာပူး ထက် ပိုကောင်းအောင် ကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့် နဲ့ အခွင့်အရေး ဖန်တီးမှုတွေ ပိုမို ရရှိခဲ့ ပါတယ် ။

ဒါပေမယ့် အဆုံးသတ် အားနည်းမှုတွေကြောင့် အနီးကပ်ဆုံး ပြိုင်ဘက်ကို အနိုင် မရခဲ့ပါဘူး ။ စတာလင် ရဲ့ သွင်းဂိုး ကလည်း လူကျွံဘော အဖြစ် သတ်မှတ် ခံခဲ့ရ ပါတယ် ။

ပွဲပြီးခါနီးမှာတော့ မာရက်ဇ် ဟာ တောင်ပံ ကနေ အတွင်းကို ဆွဲဝင်လာပြီး ဂိုးရနိုင်လောက်တဲ့ အခွင့်အရေး ကို ပိုင်ဆိုင် ခဲ့ပေမယ့် အဲလစ်ဆင် ဘက်ကာ ရဲ့ အပေါ် ကနေ ကျော်သွင်းဖို့ ဆုံးဖြတ် ခဲ့ရာမှာ ကန်ချက်များသွား ခဲ့ပြီး ဂိုးဘားပေါ် ကနေ ထွက်သွားခဲ့ရ ပါတယ် ။

ပွဲအပြီးမှာတော့ ဒီကန်ချက် နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ် လာခဲ့ပေမယ့် ဒီဘရိုင်းနား ကတော့ အသင်းဖော် ကို အပြစ်မတင် ကြဖို့ ကာကွယ် ပြောဆို သွားခဲ့ ပါတယ် ။

“မာရက်ဇ် က ဂိုးသမားကို ကျော်သွင်းဖို့ ဆုံးဖြတ်ခဲ့ ပါတယ် ။ ဒီဂိုးသာ ဝင်သွားခဲ့ရင် တကယ်ကို လှပတဲ့ ဂိုး ဖြစ်လာမှာပါ ၊ ကံမကောင်းချင်တော့ အဲ့ဒါက ဂိုးမဝင် သွားခဲ့ ပါဘူး ။

ကျွန်တော်တို့ ကစားတာ တကယ်ကောင်းခဲ့ပြီး ပွဲကိုလည်း အသာစီး ရယူနိုင်ခဲ့ ပါတယ်”

“အနိုင်တော့ မရလိုက်ပါဘူး ၊ ဒါပေမယ့် ဘောလုံးမှာ ဒါမျိုးက ဖြစ်နေကျ ပါပဲ ။ အခု ကျွန်တော်တို့ ရှေ့ဆက်ပြီး သွားကြရ ဦးမှာပါ” လို့ ဒီဘရိုင်းနား က ပြောဆို သွားခဲ့ ပါတယ် ။

မန်စီးတီ ဟာ ဒီ သရေ ပွဲကြောင့် ၃၁ ပွဲ ကစားအပြီးမှာ လီဗာပူး ထက် ၁ မှတ် အသာနဲ့ အမှတ်ပေး ဇယား ကို ဆက်လက် ဦးဆောင်နေပြီး အမှားခံလို့ မရတဲ့ အားပြိုင်မှု အဖြစ် ဆက်လက် ရှိနေ စေခဲ့ ပါတယ် ။

မန်စီးတီး ဟာ လာမယ့် ကြားရက်မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ အဖြစ် စပိန် ကလပ် အက်သလက်တီကို မက်ဒရစ် ကို ဝမ်ဒါ မက်ထရိုပိုလီတန်နို ကွင်းကြီးမှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး အဲ့ဒိနောက် မှာတော့ လီဗာပူး နဲ့ FA Cup ဆီမီးဖိုင်နယ် ပွဲကို ဝင်ဘာလေ ကွင်းကြီးထဲမှာ ယှဉ်ပြိုင် ကစားသွားရ မှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR