အဆင့် ၂ ရောက်လာတဲ့ ဘာဆာ ၊ တန်းတက်လာတဲ့ လီဗာပူးအမျိုးသမီး ၊ ပရိသတ်တွေရဲ့ အသံကိုနားထောင်မယ့် ချဲလ်ဆီးပိုင်ရှင်သစ် တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ စပိန် လာလီဂါ ပွဲစဉ် မှာတော့ ဘာစီလိုနာ ဟာ ဆီဗီးလား အသင်းကို အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင် ကစားပြီး အဆင့် ၂ နေရာကို တက်လှမ်း သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အတွက် လူငယ်ကြယ်ပွင့်လေး ပက်ဒရီ က တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေး သွားခဲ့ ပါတယ် ။

လက်ရှိ မှာတော့ ဘာစီလိုနာ ၊ အက်သလက်တီကို မက်ဒရစ် နဲ့ ဆီဗီးလား တို့ဟာ ၅၇ မှတ်စီ နဲ့ အဆင့် ၂-၃-၄ နေရာတွေကို ရယူထားခဲ့ကြ ပါတယ် ။

ပရီးမီးယားလိဂ် မှာတော့ အဲဗာတန် ဟာ ဝက်စ်ဟမ်း ကို ၂-၁ နဲ့ ရှုံးနိမ့်ကာ တန်းဆင်းဇုန် နဲ့ ပိုမို နီးကပ် လာခဲ့ ပါတယ် ။

 

တော့တင်ဟမ် ဟော့စပါး ကတော့ အိမ်ကွင်းမှာ နယူးကာဆယ် ကို ကစားသမား ၅ ယောက်ရဲ့ သွင်းဂိုး ၅ ဂိုး နဲ့ အနိုင် ယူပြီး အာဆင်နယ် ပွဲ မကစားခင်မှာ အဆင့် ၄ နေရာကို သိမ်းပိုက် သွားခဲ့ ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ အင်တာမီလန် ဟာ ယူဗင်တပ် ကို အဝေးကွင်းမှာ အနိုင် ကစားပြီး ချန်ပီယံ လုပွဲထဲ ကို ပြန်လည် ဝင်ရောက်လာခဲ့ ပါတယ် ။

အဆင့် ၁ နေရာက အေစီမီလန် ကတော့ ဒီကနေ့ညမှ ကစားမှာ ဖြစ်ပြီး နာပိုလီ အမှတ်တူ နဲ့ အဆင့် ၂ ၊ အင်တာ မီလန် က အဆင့် ၃ ကနေ ၃ မှတ်အကွာ နဲ့ အကျိတ်အနယ် ဆက်လက် ယှဉ်ပြိုင် ကြဦးမှာပဲ ဖြစ်ပါတယ် ။

ပြင်သစ် လီဂူး မှာတော့ PSG ဟာ လိုးရီးရန့် အသင်းကို ၅-၁ နဲ့ အနိုင်ရပြီး နာမည်ကျော် MMN တိုက်စစ် ၃ ယောက်စလုံး ဂိုးသွင်းခဲ့ကြပါတယ် ။ ဘာပေ နဲ့ နေမာ က ၂ ဂိုးစီ ဖြစ်ပြီး မက်ဆီ က ၁ ဂိုး သွင်းယူပေးခဲ့တာပါ ။

ဒဏ်ရာတွေ ဆက်တိုက်ရပြီး နားနေရတဲ့ ခံစစ်မှူးကြီး ရာမိုစ့် ကလည်း ဒီကနေ့ ပွဲရဲ့ လူစာရင်းမှာ ပါဝင်လာခဲ့ပြီး လူစားလဲ ဝင်ရောက် ကစားသွားခဲ့ ပါတယ် ။`

စနေနေ့ တုန်းက ချဲလ်ဆီး ပရိသတ်တွေဟာ အသင်းရဲ့ ပိုင်ရှင်သစ် ဖြစ်လာနိုင်တဲ့ ရစ်ကတ် မိသားစု အပေါ် ကန့်ကွက် ဆန္ဒပြမှုတွေ ပြုလုပ် အပြီးမှာတော့ ရစ်ကတ်မိသားစု ဟာ ကလပ်ကို ဝယ်ယူဖြစ်ခဲ့ပါက –

၁ ။ အသင်းအမည် ၊ အမှတ်တံဆိပ် ၊ အသင်းအရောင်တွေကို ပရိသတ် ဆန္ဒ မပါဘဲ မပြောင်းလဲဖို့

၂ ။ စူပါလိဂ် ကို ဝင်မပါဖို့

၃ ။ အတန်းအစားခွဲခြားမှု ကို မပြုလုပ်သွားဖို့

၄ ။ အမျိုးသား နဲ့ အမျိုးသမီး အသင်းသားဟောင်းတွေ ၊ အခြားအဖွဲ့ဝင်တွေ ပါဝင်တဲ့ အကြံပေးအဖွဲ့ ကို တည်ထောင်သွားဖို့

၅ ။ စတမ်းဖိုဒ့် ဘရစ် ကို ပြန်လည်မွမ်းမံပြီး ဆက်လက် အသုံးပြုသွားဖို့ ( ဖြိုချ အသစ်မဆောက်ဘဲ )

၆ ။ ချဲလ်ဆီး အမျိုးသမီး အသင်းအပေါ် ဆက်လက် ရင်းနှီးမြှပ်နှံပြီး စတမ်းဖိုဒ့် ဘရစ်မှာ ကစားနိုင်တဲ့ အထိ ကြိုးပမ်းသွားဖို့ ဆိုတဲ့ အချက်တွေကို ထုတ်ပြန် သွားခဲ့ ပါတယ် ။

ဘရန့်ဖိုဒ့် နည်းပြ သောမတ်စ် ဖရန့် ဟာ အသင်းရဲ့ ကွင်းလယ် ကစားသမားသစ် ခရစ်ရှန် အဲရစ်ဆင် အနေနဲ့ ရာသီအကုန်မှာ ဘရန့်ဖိုဒ့် နဲ့ ဆက်ကစားဖု့ိ ဆုံးဖြတ်ပြီး စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့် ထားကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ နောက်ခံလူ အာရူဟို က ဒီအပတ်ထဲမှာ သူတို့ ( သူ နဲ့ ဘာစီလိုနာ ) ဟာ စာချုပ် ကိစ္စ နဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြကြောင်း ၊ သူဟာ ဘာစီလိုနာ ကို ချစ်မြတ်နိုး ဂုဏ်ယူပြီး နှစ်ပေါင်းများစွာ ကြာအောင် ကစားသွားလိုသူ ဖြစ်ကြောင်း ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။

ရိုးမား ဟာ ကွင်းလယ်လူ ဟင်းနရစ် မစ်ခီတာရမ် ကို စာချုပ်သစ် ချုပ်ဆိုဖို့ စိတ်ကူးလာပြီး အေးဂျင့် ဖြစ်သူ ရွိုင်းအိုလာ နဲ့ ဆက်သွယ် ဆွေးနွေး နေတယ်လို့ ကြားသိရ ပါတယ် ။

နယ်သာလန် လက်ရွေးစင် အသင်းရဲ့ နည်းပြကြီး လူးဝစ် ဗန်ဟား က သူဟာ ကပ္ပယ်အိတ် ကင်ဆာ ကို ခံစား နေရပါတယ်လို့ ဖွင့်ဟပြောဆို သွားခဲ့ ပါတယ် ။

လီဗာပူး အမျိုးသမီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ အမျိုးသမီး ချန်ပီယံရှစ် ပွဲစဉ်မှာ အဆင့် ၂ နေရာက ဘရစ်စတိုး စီးတီး အသင်းကို ၄-၂ နဲ့ အနိုင် ကစား အပြီးမှာတော့ ရာသီကုန်ဖို့ ၃ ပွဲ အလိုမှာတင် ချန်ပီယံ ဖြစ်လာခဲ့ပြီး လာမယ့်နှစ် အမျိုးသမီး စူပါလိဂ် ကို ပြန်လည် တန်းတက်လာ နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

နယူးကာဆယ် အသင်းဟာ ဘရိုက်တန် ဂိုးသမား ရောဘတ် ဆန်ချက် ကို လာမယ့် ရာသီ အတွက် ကမ်းလှမ်းဖို့ စိတ်ကူး နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ဘယ်လ်ဂျီယံ လက်ရွေးစင် နည်းပြ ရော်ဘတ်တို မာတီနက် က ချဲလ်ဆီး တိုက်စစ်မှူး လူကာကူ ဟာ လာမယ့် ရာသီ မှာ အသင်း ထပ်မံ ပြောင်းရွှေ့ဖို့ အလားအလာ ရှိနိုင်တယ်လို့ ထုတ်ဖော် သုံးသပ် သွားခဲ့ ပါတယ် ။

PSG ကတော့ အမ်ဘာပေ ကို ဆက်ထိန်းထားဖို့ အတွက် အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ဖို့ အထိ စိတ်ကူး ထားတယ်လို့ ကြားသိရ ပါတယ် ။

ဆဲလ်တစ် နဲ့ ရိန်းဂျားစ် တို့ ကစားခဲ့တဲ့ စကော့တလန် ရဲ့ နာမည်ကျော် အိုးလ်ဖမ် ဒါဘီ မှာတော့ ဆဲလ်တစ် အသင်း ဝန်ထမ်း တယောက် ဟာ ရိန်းဂျားစ် ပရိသတ်တွေ ပစ်ပေါက်တဲ့ အရာ ဝတ္ထုနဲ့ ထိခိုက်မိပြီး အရေးပေါ် ကုသမှု ပြုလုပ် ခဲ့ရတဲ့ အထိ အခြေအနေတွေ ပြင်းထန်ခဲ့ တယ်လို့ သိရပါတယ် ။

 

SPORTS MYANMAR