သူအနှစ်သက်ဆုံး မန်စီးတီး ကစားသမားဟာ လီဗာပူးကို အီတီဟတ်မှာ ချေမှုန်းပစ်လိမ့်မယ်လို့ ဆိုလိုက်တဲ့ အဂွေးရိုး

မန်ချက်စတာစီးတီး တိုက်စစ်မှုးဟောင်း ဖြစ်သူ ဆာဂျီယိုအဂွေးရိုးက ပက်ဂွာဒီယိုလာ အနေနဲ့ လာမည့် တနင်္ဂနွေနေ့ လီဗာပူးနဲ့ အီတီဟတ်မှာ ကစားသွားမယ့် အမှတ်ပေးဖလား အတွက် အရေးပါလှတဲ့ ပွဲစဉ်မှာ ဖီးလ်ဖိုဒန်ကို ပွဲထွက် ကစားသမား စာရင်းမှာ ထည့်သွင်း အသုံးပြုသွားရန် တိုက်တွန်း သွားခဲ့ပါတယ်။ မန်စီးတီး ဂန္တ၀င် အဂွေးရိုးက အင်္ဂလန် စတား ဖိုဒန်ဟာ လက်ရှိမှာ သူအနှစ်သက်ဆုံး ကစားသမား ဖြစ်တယ်လို့ ထုတ်ဖော် ခဲ့ပါတယ်။

ဖိုဒန်ဟာ ပြီးခဲ့တဲ့ ကြားရက်က အက်သလက်တီကိုမက်ဒရစ်ကို မန်စီးတီးတို့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အရန်ခုံကနေသာ ပွဲထွက်ခွင့် ရခဲ့တာကြောင့် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖိုဒန်ဟာ လူစား၀င်လာခဲ့ပြီးနောက် ဒီဘရိုင်းနား အတွက် အကောင်းဆုံး ဖန်တီးမှု လုပ်ပေးခဲ့ကာ မန်စီးတီးကို ကွာတားဖိုင်နယ် ပထမအကျော့မှာ ၁-၀ နဲ့ အနိုင်ရစေခဲ့ပါတယ်။

ဂွာဒီယိုလာ အနေနဲ့ လာမည့် တနင်္ဂနွေနေ့ လီဗာပူးနဲ့ ပွဲစဉ်မှာ ဖိုဒန်ကို ပွဲထွက် ကစားသမား စာရင်းမှာ အသုံးပြုသွားမလား ဆိုတာ မသိရပေမယ့် အဂွေးရိုး ကတော့ အဆိုပါ ပွဲစဉ်မှာ ဖိုဒန်ကို ပွဲထွက်ခွင့် ရစေချင်နေကာ အင်္ဂလန်စတားဟာ လက်ရှိမှာ စီးတီး အတွက် အရေးပါလှတဲ့ ကစားသမား တစ်ဦး ဖြစ်နေပြီလို့ ယုံကြည်နေပါတယ်။

ဒီပွဲစဉ်ဟာ အမှတ်ပေးဖလား ချန်ပီယံ ဖြစ်လာမယ့် အသင်းကို အဆုံးအဖြတ် ပေးသွားနိုင်တဲ့ ပွဲတစ်ပွဲ ဖြစ်လာဖို့ ရှိနေပြီး ဒီနှစ်သင်းကြား ရမှတ် ကွာဟမှုက တစ်မှတ်သာ ရှိနေပါတယ်။

အဂွေးရိုးက “ကျွန်တော့်ရဲ့ အနှစ်သက်ဆုံး ကစားသမား ဖြစ်တဲ့ ဖီးလ်ဖိုဒန်ဟာ သူ လုပ်ပြနေကြ အတိုင်းပဲ အက်သလက်တီကိုမက်ဒရစ် နဲ့ ပွဲစဉ်မှာလည်း ပွဲကို အပြောင်းအလဲ ဖြစ်စေခဲ့ ပါတယ်။ မန်စီးတီး အသင်းတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ပက် အနေနဲ့ ဖိုဒန်ကို ဒီထက် ပိုမို ပွဲထွက်ခွင့် ပေးသင့် ပါတယ်။

ဒီကောင်လေးဟာ ပြိုင်ဘက်တွေကို ချေမှုန်း ပစ်နိုင်စွမ်း ရှိတဲ့သူပါ။ ကျွန်တော် မန်စီးတီးမှာ ကစားခဲ့တုန်းကလည်း ဒါကို ပြောခဲ့ဖူးပါတယ်။ အခု ကျွန်တော် ဘောလုံး မကစားတော့ပါဘူး။ ကျွန်တော် ဒါကို ထပ်ပြီး ပြောနိုင်ပါတယ်။ တစ်နေ့နေ့မှာ ခင်ဗျားတို့ အနေနဲ့ ဘယ်ကစားသမားကို ကျွန်တော် အကြိုက်ဆုံးလဲလို့ မေးလာခဲ့မယ် ဆိုရင် ဒါဟာ ဖိုဒန်လို့ ကျွန်တော် ပြောသွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ပက်ဂွာဒီယိုလာက လွန်ခဲ့တဲ့ ဇန်နဝါရီလက လီဗာပူးဟာ title race မှာ သူတို့ရဲ့နောက် ၁၄ မှတ် ပြတ်ကျန်ခဲ့တာဟာ အတုအယောင်သာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ပက်က အဲဒီအချိန်တုန်းက စီးတီးဟာ လီဗာပူးထက် ၂ ပွဲ ပိုကစားထားခဲ့တာကြောင့် ဒီလို ဖြစ်ခဲ့တာလို့ ဆိုလိုက်ပြီး အမှန်တကယ်တော့ ကွာဟချက်ဟာ ဒီထက် ပိုမို ကျဉ်းမြောင်းတယ်လို့ ပြောသွားပါတယ်။

ပက်က “၁၄ မှတ် ကွာဟခဲ့တယ် ဆိုတာ အတုအယောင်လို့ ကျွန်တော် ခင်ဗျားတို့ကို ပြောချင်ပါတယ်။ ခင်ဗျားတို့ အထင်မှားနေကြတာပါ။ ကျွန်တော်တို့ဟာ အဲဒီတုန်းက နှစ်ပွဲပို ကစားထားခဲ့ပါတယ်။ ဒါဟာ အတုပါ။” လို့ ဆိုခဲ့ပါတယ်။

SM