“သီချင်းတွေ အကျယ်ကြီး လိုက်အော်မဆိုနိုင်ဘူး ဆိုရင် အိမ်မှာပဲ နေလိုက်ပါ” ကလော့ပ်

လီဗာပူး အသင်းရဲ့ နည်းပြကြီး ယာဂန် ကလော့ပ် ကတော့ ဝက်ဖို့ဒ် နဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ဟာ အင်္ဂလန် မှာ နေ့လည်ခင်း 12.30 အချိန်ကြီး ကစားရမှာ ဖြစ်လို့ လီဗာပူး ပရိသတ်တွေ အနေနဲ့ အန်ဖီးလ်ကွင်းကြီးထဲကို ဖြစ်တဲ့နည်းနဲ့ လာရောက် ဝန်းရံပေးဖို့ တောင်းဆိုလိုက်ပါတယ်။

“ ဒီပွဲ အတွက် ကျနော်တို့ လိုချင်တာက 12.30 အချိန်မျိုးမှာတောင် အကောင်းဆုံး ဝန်းရံပေးမယ့် အန်ဖီးလ် ပရိသတ်မျိုးပါ။

ခင်ဗျား အနေနဲ့ ကွင်းထဲမှာ သီချင်းလဲ မဆိုနိုင်ဘူး ၊ လိုက်ပြီးလဲ မအော်ဟစ် နိုင်ဘူး ဆိုရင် ၊ ကျေးဇူးပြုပြီး လက်မှတ်ကို တခြား တစ်ယောက်ဆီ ပေးလိုက်ပါတယ်။ ကျနော်တို့ က ပရိသတ်တွေ ရဲ့ ဝန်းရံမှုကို အမှန်တကယ်လိုအပ်နေပါတယ်။

ကျနော့် ကစားသမားတွေဟာ ကမ္ဘာ အရပ်ရပ် ကနေ မတူညီတဲ့ ကစားကွက် နည်းစနစ်တွေ ကို ကစားပြီးမှ ပြန်လည်ရောက်ရှိလာကြမှာပါ။ ဒီနေ့ ဆိုရင် ကျနော်တို့ ဟာ လေ့ကျင့်ချိန် တစ်ချိန်ပဲ လုပ်ရပါသေးတယ်။ ဒါပေမယ့် လုပ်နိုင်သလောက်တော့ အစွမ်းကုန် ကြိုးစားသွားမှာပါ ဘာလို့လဲ ဆိုတော့ လက်ရွေးစင် အသင်းတွေက ကျနော်တို့ အသုံးပြုတဲ့ System နဲ့ လုံး၀ ကို ကွဲပြားတယ်လေ။

တစ်ချိန်တည်းမှာ စုစည်းမှုအား ကောင်းတဲ့ ဝက်ဖို့ဒ် နဲ့ ရင်ဆိုင် ကစားရမှာမို့ ၊ ပရိသတ် တစ်ယောက်ချင်းစီရဲ့ အားပေးသံတွေ လိုအပ်နေပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး ဟာ ဧပြီလ အတွင်းမှာ စုစုပေါင်း 8 ပွဲ ကစားရမှာ ဖြစ်ပြီး 3 ရက် တစ်ပွဲနှုန်း ဖြစ်တဲ့ အပြင် ၊ ဆုဖလား မျှော်လင့်ချက်တွေကိုပါ အဆုံးအဖြတ် ပေးနိုင်တာ ဖြစ်လို့ လုံးဝကို ခြေလှမ်း မမှားဖို့ လိုအပ်နေပါတယ်။

ကလော့ပ် ကိုယ်တိုင်လဲ နိုင်ငံတကာ ပွဲစဉ် ကာလ ကနေ ပြန်လည် စတင် ကစားတဲ့ အချိန်မျိူးမှာ သူ့အသင်းရဲ့ ရစ်သမ် ကို ပြန်လည် တည်ဆောက်ချင်တဲ့ အတွက် အန်ဖီးလ် ပရိသတ်တွေ လာရောက်ဝန်းရံပေးဖို့ ဖိတ်ခေါ်လိုက်တာမျိုးလဲ ဖြစ်ပါတယ်။ အဓိက အားဖြင့် ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်တွေ ၊ မန်စီးတီး နဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အဆုံးအဖြတ်ပေးမယ့် ပွဲမျိုးတွေ ကစားရတော့မှာ ဖြစ်လို ၊ ဝက်ဖို့ဒ် ကို အကောင်းဆုံး စွမ်းဆောင်ရည်တွေ နဲ့ အနိုင်ယူကာ ပုံစံကောင်း တစ်ခု ပြန်လည် တည့်မတ်ထားဖို့ ရည်ရွယ်ထားဟန် တူပါတယ်။

တစ်ချိန်တည်းမှာ ကာလရှည်ကြာစွာ သတ္တိရှိရှိ နဲ့ သူတောင်းဆိုနေတဲ့ လူစားလဲခွင့် 5 ယောက် ပေးတဲ့ စနစ်ကို ပရီးမီးယားလိဂ် က ပြောင်းလဲ သတ်မှတ်ပေးလိုက်ပါပြီ။ လာမယ့် ဘောလုံးရာသီ က စလို့ ပရီးမီးယားလိဂ် ဟာ အခြား ဥရောပ ပြိုင်ပွဲတွေ နည်းတူ 5 ယောက် လူစားလဲခွင့် ပေးတဲ့ စနစ် ကို ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။

အဲဒီ အပြောင်းအလဲ နဲ့ ပတ်သက်လို့ ကလော့ပ် ကိုယ်တိုင်က အခုလို ကြိုဆိုသွားခဲ့ ပါတယ်။

“ ဒါက လုံး၀ ကို သတင်းကောင်းကြီးပါ။ ဘောလုံး လောက အတွက်တင် မဟုတ်ပဲ ကစားသမားတွေ အတွက်ပါ အကျိုးရှိမယ့် သတင်းမျိုး ဖြစ်ပါတယ်။

ဒီကိစ္စ အပေါ် ကျနော်တို့ ဆွေးနွေးနေခဲ့တာ ကြာခဲ့ပါပြီ။ ပွဲစဉ် အရေအတွက် က လျှော့နည်းသွားဖို့ အလားအလာ မရှိတဲ့ အနေအထားမှာ ကျနော်တို့ အနေနဲ့ ကစားသမားတွေ နားချိန်ပေးနိုင်ဖို့ နည်းလမ်းတွေကို ဖြစ်နိုင်တဲ့ ရှုထောင့်တွေ ကနေ စဉ်းစားရပါယ။ ဒါဟာ ဘယ်သူ့အတွက်မှ မဟုတ်ပါဘူး။

ဘောလုံးသမားတွေ အတွက် Recovery ပိုင်းတွေ ပိုပြီး ကောင်းမွန်လာအောင် ၊ ကျနော်တို့ ကလဲ သူတို့ကို ပိုကောင်းတဲ့ ချဉ်းကပ်မှုတွေ နဲ့ အသုံးပြုနိုင်အောင် ပြောင်းလဲတာမျိုး ဖြစ်ပါတယ်။

ဒါပေမယ့် ပွဲစဉ်တွေကတော့ အပတ်စဉ်တိုင်း ရှိနေဆဲ ဖြစ်သလို ၊ တစ်ပတ်ကို 3 ပွဲလောက် ပုံမှန် ကစားနေရဦးမှာပါ။ ဘယ်ကစားနည်းမှ အဲဒီလောက် ဆက်တိုက် ကစားခိုင်းတာမျိုးလဲ မရှိပါဘူး။ ကျနော်တို့ က တကယ် ပတ်သက်ပြီး ယှဉ်ပြိုင်ကြရတဲ့သူတွေ ဆိုတော့ ကိုယ် လုပ်နိုင်သလောက်တော့ အစွမ်းကုန် လုပ်သွားမှာပါ။

အခုတော့ ပရီးမီးယားလိဂ်ရော ၊ ပရီးမီးယားလိဂ် ကလပ်တွေပါ ဒီအကြောင်းအရာ အပေါ် နားလည်သွားတဲ့ အတွက် ကျေနပ်ပါတယ်။ အထူးသဖြင့် ဘောလုံး လောက နဲ့ ကစားသမားတွေ အတွက် ပိုပြီး ပျော်မိပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SM