လူးဝစ် ဒီယက်ဇ် ကို ဟာသ လုပ်သွားတဲ့ ကလော့ပ်

လီဗာပူး ဟာ မနက်ဖြန်ညမှာ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပထမ အကျော့ ပွဲစဉ် အဖြစ် ပေါ်တူဂီ ကလပ် ဘင်ဖီကာ အသင်းကို အဝေးကွင်းကို သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ လက်ရှိ လီဗာပူး အသင်းမှာ ပေါ်တူဂီ ကလပ် နဲ့ အရင်းနှီးဆုံး က ဇန်နဝါရီ အပြောင်းအရွှေ့ ကာလကမှ ပေါ်တို ကနေ ပြောင်းရွှေ့ လာခဲ့တဲ့ ကိုလံဘီယာ တောင်ပံ ကစားသမား လူးဝစ် ဒီယက်ဇ် ဖြစ်ပါတယ်။

ဒီယက်ဇ် ဟာ ပေါ်တူဂီ လိဂ်မှာ 2 နှစ်ခွဲ ဝန်းကျင် ကျင်လည်ခဲ့သူ ဖြစ်တာကြောင့် လက်ရှိ ဘင်ဖီကာ အသင်းရဲ့ အခြေအနေကို နားလည် သဘောပေါက်ထားဆုံးသော လီဗာပူး ဘောလုံးသမားလို့ ပြောလို့ ရပါတယ်။

ဒီညမှာ ပြုလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲ မှာတော့ သတင်းထောက်တွေ က ဒီယက်ဇ် ဆီကနေ ဘင်ဖီကာ အကြောင်းတွေ မေးဖြစ်သေးလားလို့ မေးခဲ့ရာ ၊ ကလော့ပ် ကတော့ အခုလိုပဲ ဟာသဆန်ဆန် တုန့်ပြန်သွားခဲ့ ပါတယ်။

“ ဒီယက်ဇ် က ဘင်ဖီကာ အကြောင်းကို 10 မီးနစ်လောက် ကြိုးစားပြီး ရှင်းပြသွားပါတယ် ဒါပေမယ့် တစ်လုံးမှ ကျနော်က နားမလည်လိုက်ပါဘူး” လို့ ဖြေကြားသွားခဲ့ ပါတယ်။

ဆက်လက်ပြီး ဂျာမန် သားကြီး က – “ ကျနော့်တို့မှာ ဗစ်တာ မားတို့စ် ၊ ပက်လင်ဒါ ၊ ဒီယိုဂို ဂျော်တာ တို့လို ပေါ်တူဂီ ဘောလုံး လောကအကြောင်း သိထားတဲ့ သူတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ က ပုံမှန် လုပ်ရိုး လုပ်စဉ် အတိုင်းပဲ အစည်းအဝေး လုပ်ခဲ့တာပါ။

သူတို့ အသင်းမှာ အရည်အသွေးရော ၊ အတွေ့ကြုံပါ ပေါင်းစပ်ထားတာ တွေ့ရပါတယ်။ စိတ်ဝင်စား စရာကောင်းတဲ့ စိန်ခေါ်မှုမျိုး ဖြစ်မှာပါ။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲ ဆိုမှတော့ ဒီအတိုင်းပဲ ဖြစ်ရမယ်လေ။ ကျနော် ကတော့ ဒီပွဲမျိုး ကစားရမှာ ကျေနပ်ပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ဘင်ဖီကာ တိုက်စစ်ကို ဦးဆောင်လာမယ့် ဒါဝင် နူနက် ဟာ လီဗာပူး ခံစစ်ကို အဓိက ခြိမ်းခြောက် လာနိုင်တဲ့သူ ဖြစ်ပြီး ၊ ပြည်တွင်းလိဂ် ပြိုင်ပွဲမှာ စုစုပေါင်း 21 ဂိုး အထိ သွင်းယူထားသလို ၊ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလဲ 4 ဂိုး အထိ သွင်းထားပါတယ်။

ကလော့ပ် ကတော့ “ သူ့ တစ်ယောက် ထဲကို သတိထားရမှာတော့ မဟုတ်ပါဘူး ၊ သူတို့ တစ်သင်းလုံးကိုက ကောင်းတာပါ။ ပင်ကိုယ် ပါရမီတွေ အများကြီး ရှိတဲ့ အသင်းမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် သူကလဲ ကစားသမားကောင်းပါ။ ဥရုဂွေး က နေ ထွက်ပေါ်လာမယ့် နောက်ထပ် တိုက်စစ်မှုးကောင်း တစ်ယောက်ပေါ့ဗျာ။

သူဟာ လက်ရွေးစင် အသင်းမှာတော့ ကာဗာနီ ၊ ဆွာရက် တို့ နဲ့ အတူတူ တွဲ ကစားလားတော့ မသိပါဘူး ။ ဒါပေမယ့် ဂိုးတွေ အများကြီး သွင်းထားတာတော့ သတိထားမိပါတယ်။ အေဂျက် နဲ့ ပွဲမှာ သူ သွင်းလိုက်တဲ့ ဂိုးကတော့ တန်ဖိုးကြီးလွန်းတဲ့ ဂိုးလို့ ပြောလို့ ရပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ ဘင်ဖီကာ က သူ့ကို ထုတ်သုံးမထားပါဘူး အဲဒီတော့ မနက်ဖြန်ညမှာ ကစားမယ့် ပွဲမှာ သူဟာ ဂိုးသွင်းလိမ့်မယ်လို့ ကျနော်တို့ဘက်က မျှော်လင့်ထားပါတယ်။

အခြား ကစားသမားတွေ အကြောင်း ပြောရရင် ဂျူလီယံ ဝီဂယ် အကြောင်းတော့ ကျနော် က ကောင်းကောင်း သိပါတယ်။ ပြီးရင် ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိနေတဲ့ ဗာတွန်ဂမ် ၊ အော်တာမန်ဒီ တု့ိကိုရောပေါ့” လို့ ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး ဟာ ဒီပွဲ ကစားမီ ပြုလုပ်တဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ကစားသမား အစုံအလင် ပူးပေါင်းနိုင်ခဲ့တာကြောင့် ၊ ဒဏ်ရာ ပြသနာ ကင်းရှင်းနေပါတယ်။ တံကောက်ကြော ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဖြစ်တဲ့ အာနိုး ဟာ ဒီပွဲမှာ ပါဝင် ကစားပေးဖွယ် ရှိနေပါတယ်။

SM