လီဗာပူး ဟာ အင်္ဂလန် ဘောလုံးသမိုင်းကြောင်း တစ်ခုလုံးရဲ့ ထာဝရ အကောင်းဆုံး အသင်း ဖြစ်ဖို့ အခွင့်အရေး ရှိနေပြီလို့ ချီးကျူး လိုက်တဲ့ ရီယို ဖာဒီနန်

 

ဗီလာ ရီးရဲ ကို ပထမ အကျော့ 2-0 နဲ့ အနိုင်ယူပြလိုက်ချိန်မှာတော့ လီဗာပူး ရဲ့ ဖလား 4 လုံး အိပ်မက်တွေ ဟာ နီးစပ်သထက် ပိုပြီး နီးစပ်လာခဲ့ပါပြီ။

ဧည့်သည် ဗီလာ ရီးရဲ ဟာ ပထမပိုင်း တစ်ခုလုံး ပုံစံမျိုးစုံ နဲ့ ထိုးဖောက်နေတဲ့ လီဗာပူး တိုက်စစ်ကို တောင့်ခံနိုင်ခဲ့ပေမယ့် ၊ ဒုတိယပိုင်း ပြန်စလို့ 10 မီးနစ် အတွင်းမှာပဲ 2 ဂိုး ဆက်တိုက် ပေးလိုက်ရကာ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။ လီဗာပူး ဟာ ပရီးမီးယားလိဂ် မှာလဲ ကစားဖို့ ပွဲတွေ ကျန်နေဆဲ ဖြစ်တဲ့ အတွက် 2 ဂိုး ရပြီး ကတည်းက တိုက်စစ်ကို အားထည့် ကစားခြင်း မရှိပဲ ဘောလုံး ပိုင်ဆိုင်မှု ကိုသာ အဓိကထား ကစားသွားခဲ့ ပါတယ်။

ယူဗင်တပ် ၊ ဘိုင်ယန် မြူးနစ် တို့ကို နောက်ကောက်ချပြခဲ့တဲ့ ဗီလာ ရီးရဲ ဟာ ဒီညမှာတော့ လီဗာပူး ဂိုးပေါက် ကို တစ်ကြိမ် တစ်ခါမှ တည့်မတ်အောင် ကန်သွင်းနိုင်ခြင်း မရှိပဲ နဲ့ကို အရှုံးပေးသွားရတာ ဖြစ်ပါတယ်။

ဥရောပ ဘောလုံး သမိုင်းမှာတော့ ယူနိုက်တက် ၊ ဘာစီလိုနာ ၊ အင်တာ မီလန် ၊ ဘိုင်ယန် မြူးနစ် ၊ ဆဲလ်တစ် ၊ အိုင်းယက်စ် အသင်းတွေဟာ ချန်ပီယံလိဂ် ဖလား အပါအဝင် ဖလား 3 လုံး တစ်ပြိုင်နက် ဆွတ်ခူးနိုင်တဲ့ ဘောလုံးရာသီမျိုးတွေ ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ သို့သော် လက်ရှိ လီဗာပူး ဟာ ကာရာဘောင် ဖလားကို သိမ်းပိုက် ထားပြီးပြီ ဖြစ်လို့ ၊ ဖလား 4 လုံး အထိ မျှော်လင့်ချက် ရှိနေတာပါ။

အက်ဖ်အေ ဖလားမှာ ဗိုလ်လုပွဲ တက်ရောက်ထားနိုင်ပြီ ဖြစ်သလို ၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်ဖို့လဲ အခြေနေကောင်းတွေ ပိုင်ဆိုင်သွားခဲ့ပါပြီ။ ဒါ့အပြင် ပရီးမီးယားလိဂ် မှာလဲ မန်စီးတီး နဲ့ အကြိတ်အနယ် နွှဲနေကြဆဲ ဖြစ်ပါတယ်။

ယူနိုက်တက် ကစားသမားဟောင်း ရီယို ဖာဒီနန် ကတော့ ကလော့ပ် ရဲ့ အသင်းသာ ဖလားတွေ အားလုံး သိမ်းပိုက် သွားမယ် ဆိုရင် အင်္ဂလန် ရဲ့ ထာဝရ အကောင်းဆုံး ဘောလုံး အသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို အငြင်းပွားဖွယ်ရာ မရှိ ပိုင်ဆိုင်သွားပြီလို့ အခုလို မှတ်ချက် ပေးသွားခဲ့ ပါတယ်။

“ သူတို့မှာ ရည်မှန်းချက် က အကြီးကြီး ရှိနေပါပြီ။ ဒါကို စွမ်းဆောင်ပြနိုင်မယ် ဆိုရင် ထာဝရ အကောင်းဆုံး အသင်း ဖြစ်သွားပါပြီ။ သူတို့ဟာ ဒီနိုင်ငံ အတွင်း ထွက်ပေါ်ခဲ့တဲ့ အအောင်မြင်ဆုံး အသင်းတွေ အားလုံး ရဲ့ အထက်မှာ ရပ်တည်သွားတော့မှာပါ။

တကယ်ပဲ ရအောင် စွမ်းဆောင်ပြမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ပဟေဋိတွေ ကို တစ်ခုချင်း ဖြေချပြနေသလိုပါပဲ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

လီဗာပူး နောက်ခံလူဟောင်း ဖြစ်သူ အင်းနရစ် ကတော့ “ လီဗာပူး ဟာ ဖလား 4 လုံး စလုံးကို သိမ်းပိုက်ပြနိုင်မှာပါ။ လုံး၀ မဖြစ်နိုင်ဘူးဆိုပေမယ့် ၊ အခု သူတို့ဘက်မှာ ဖြစ်နိုင်တဲ့ 1% က ရှိထားနှင့်ပြီလေ။

သူတို့ ကစားတဲ့ တစ်ပွဲချင်းစီကို သေချာ ကြည့်လိုက်ရုံနဲ့တင် ကျနော်ကတော့ လုပ်ပြနိုင်မယ် ဆိုတာ ယုံကြည်တယ်ဗျာ။ လက်ရှိ လီဗာပူး လို အသင်းမျိုးကို တစ်ခါမှ မမြင်ဖူးပါဘူး။ ကစားသမားတွေ ကိုယ်တိုင်က ယုံကြည်မှု အပြည့်နဲ့ လုပ်ပြမယ် ဆိုတဲ့ ပုံစံတွေ ကစားနေကြတာပါ” လို့ ချီးကျူးသွားခဲ့ ပါတယ်။

တစ်ချိန်တည်းမှာ လီဗာပူး တိုက်စစ်မှုးဟောင်း မိုက်ကယ် အိုဝင်ကလဲ “ ဖလား 4 လုံး ဆွတ်ခူးဖို့ မဖြစ်နိုင်ဘူး လို့ တွေးထားကြတာမို့လား ၊ အခုတော့ အားလုံးက ဖြစ်နိုင်ချေတွေ ရှိနေပြီ ပြောနေကြပါပြီ” လို့ ထောက်ပြသွားခဲ့ ပါတယ်။

လီဗာပူး နည်းပြ ကလော့ပ် ကတော့ ဒီပွဲမှာ သူ့ ကစားသမားတွေ စွမ်းဆောင်ပြသွားတဲ့ အပေါ် “ အရမ်း ကောင်းမွန်တဲ့ ပွဲတစ်ပွဲ ပါပဲ။ ပထမပိုင်း ကို ပိုကြိုက်ပါတယ်။ ဂိုး မသွင်းတာလေးပဲ အပြစ်ရှာစရာ ရှိတာပါ။

ဒုတိယပိုင်းမှာတော့ ပွဲကို စောစောစီးစီး အသာစီး ယူပြလိုက်တယ်လေ။ နှစ်ဂိုး စလုံးက အလန်းတွေချည်းပါပဲ။ တတိယဂိုး သွင်းချင်ပေမယ့် ၊ လက်ရှိ အနေအထား အရ ပွဲကို ထိန်းချုပ်ထားတာ က ပိုပြီး အဓိပ္ပါယ်ရှိတာမို့ အဲဒီ အတိုင်း လုပ်ဆောင်ခဲ့တာပါ။

ပြိုင်ဘက်ကို လေးစားမှု အပြည့် ပြသထားတယ် ၊ ဒါကြောင့် ခံစစ်ကို ကိုယ် ကစားနေကြ ပုံစံအတိုင်းပဲ ကစားခဲ့တာပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SPORTS MYANMAR