လီဗာပူး ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောဆိုလိုက်တဲ့ ရိုနာဒို ရဲ့ မိသားစုဝင်များ

သမိုင်းကြောင်း ဆိုင်ရာ ပြိုင်ဆိုင်မှုတွေ ကို ဘေးဖယ်ထားပြီး ၊ ဘောလုံးသမား တစ်ယောက် ရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုကို အတူတူ မျှေ၀ ခံစားပေးနိုင်တဲ့ အကြောင်း လီဗာပူး နဲ့ ယူနိုက်တက် ပရိသတ်တွေ က မနေ့ညက သက်သေ ပြသွားခဲ့ပါပြီ။

လက်ရှိ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှုးကြီး ရိုနာဒို က သူ့ရဲ့ မွေးကင်းစ အမွှာနှစ်ယောက်ထဲက ယောက်ျားလေး ဖြစ်သူက လူ့လောကထဲမှာ ဝင်ရောက် ရှင်သန်နိုင်ခြင်း မရှိခဲ့တဲ့ အကြောင်း ပြီးခဲ့တဲ့ တနင်္လာနေ့ တုန်းက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ အံ့အားသင့်စရာ ကြေငြာချက်ကြောင့် ဘောလုံး လောက အသိုင်းအဝိုင်း တစ်ခုလုံးက ရိုနာဒို အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ဝိုင်းဝန်း မှတ်ချက်ပေးခဲ့ကြသလို ၊ မိသာစု နဲ့ ထပ်ခံ ခံစားရတဲ့ အကြောင်းအရင်းတွေကိုပါ ဖော်ပြခဲ့ကြပါတယ်။

အဲဒီ အကြောင်းအရင်းကြောင့်ပဲ သူဟာ မနေ့ညက ကစားခဲ့တဲ့ လီဗာပူး နဲ့ပွဲစဉ် ကို ပါဝင် ကစားပေးနိုင်ခြင်း မရှိပဲ လွဲချော်ခဲ့ပါတယ်။

သို့သော် လီဗာပူး ပရိသတ်တွေ ကတော့ ရိုနာဒို အတွက် သူ့ရဲ့ ကျောနံပါတ် 7 ကို ကိုယ်စားပြုတဲ့ ပွဲချိန် 7 မီးနစ် မှာ ဝိုင်းဝန်း လက်ခုပ်တီးပြီး အားပေးဖို့ စီစဉ်ခဲ့ပါတယ်။ တကယ်တမ်း ပွဲ စတင်ချိန်မှာလဲ လီဗာပူး ပရိသတ်တွေ နဲ့ ယူနိုက်တက် ပရိသတ်တွေ ဟာ သောင်းသောင်းဖျဖျ နဲ့ လက်ခုပ်တီးခဲ့သလို ၊ လီဗာပူး နည်းပြကြီး ယာဂန် ကလော့ပ် ကပါ ကွင်းဘေးကနေ လက်ခုပ်တီး ပေးသွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာ အန်ဖီးလ် ကွင်းထဲက လီဗာပူး ပရိသတ်တွေဟာ သူတို့ အမြဲတမ်း ဆိုနေကြ သီချင်း တစ်ပုဒ် ဖြစ်တဲ့ You ll never walk alone သီချင်း ကို သီဆိုကာ ၊ ကိုယ်ချင်းစာနာစိတ် အပြည့် နဲ့ အားပေးသွားခဲ့ပါတယ်။

ဒါဟာ အင်္ဂလန် ဘောလုံးသမိုင်းမှာ အအောင်မြင်ဆုံး ကလပ် နှစ်ခု က ပရိသတ်တွေ ပြိုင်တူ လက်ခုပ်တီးတဲ့ ပထမဆုံး အခိုက်အတန့် တစ်ခုဖြစ်ပြီး ၊ ဘောလုံး ပြိုင်ဆိုင်မှုတွေ ထက် ပိုပြီး နက်နဲတဲ့ ခံစားချက်တွေ လူသားတိုင်းမှာ ရှိနေတယ် ဆိုတာ ပြသခဲ့တဲ့ အခိုက်အတန့် တစ်ခုလဲ ဖြစ်ပါတယ်။

ရိုနာဒို ရဲ့ အစ်မ ဖြစ်သူ Elma ကတော့ သူမ ရဲ့ Instagram Story ကနေ တဆင့် “ ဒီလုပ်ရပ် အတွက် ကျေးဇူးတင်ပါတယ် လီဗာပူး။ ဒီနေ့ လီဗာပူး ပရိသတ်တွေ လုပ်ပြသွားတာကို ဘယ်တော့မှ မေ့ပစ်မှာ မဟုတ်ပါဘူး” လို့ ရေးသား သွားခဲ့ပါတယ်။

နောက်တစ် အစ်မ တစ်ယောက် ဖြစ်သူ Katia ကတော့ “ Way Beyond Football” လို့ ရေးသားခဲ့ သလို ၊

မိခင်ဖြစ်သူ Dolores Aveiro ကတော့ သမ္မာကျမ်းစာထဲက “Trust in the Lord with all your heart and lean not on your own understanding. In all your way acknowledge him and he shall direct your paths” လို့ ပြန်လည် ရေးသား သွားခဲ့ကြပါတယ်။

လီဗာပူး နည်းပြ ယာဂန် ကလော့ပ် ကတော့ ပြိုင်ဘက် ယူနိုက်တက် ကို 4-0 ရလာဒ် နဲ့ အနိုင်ရရှိခဲ့သည့်တိုင်အောင် ဒီပွဲရဲ့ အကောင်းဆုံး အခိုက်အတန့် က ပွဲချိန် 7 မီးနစ် မှာ မြင်တွေ့ခဲ့ရတာ ဖြစ်တယ်လို့ ညွှန်းဆိုသွားခဲ့ပြီး ၊ ရိုနာဒို ၊ သူ့ရဲ့ မိသားစုဝင်တွေ နဲ့ အတူ ခံစားမိတဲ့အကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SM