လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ သူ့ကို ဂုဏ်ယူစေခဲ့တဲ့ တစ်ဦးတည်းသော မန်ယူနိုက်စတားကို ပြောပြလိုက်တဲ့ ဂယ်ရီနဗီး

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဖြစ်သူ ဂယ်ရီနဗီးဟာ မနေ့ညက လီဗာပူးကို ရှုံးန်ိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ကလပ်ရဲ့ လူငယ်ကြယ်ပွင့် ဖြစ်သူ ဟန်နီဘယ်မက်ခ်ျဘရီ ပြသခဲ့တဲ့ စိတ်ဓာတ်ကို ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ အန်ဖီးမှာ လူး၀စ်ဒီယက် မိုဆာလား (၂ ဂိုး) ဆာဒီယိုမာနေး တို့ရဲ့ ဂိုးတွေနဲ့အတူ လီဗာပူးရဲ့ ချေမှုန်းခြင်းကို ခံခဲ့ရပြီး ဒါဟာ အိုးထရပ်ဖို့ဒ် ကလပ်ရဲ့ နောက်ထပ် ဆိုးရွားတဲ့ အဝေးကွင်း ခြေစွမ်းလည်း ဖြစ်ခဲ့ပါတယ်။

 

နဗီးဟာ ဒီပွဲစဉ် အပြီးမှာ မန်ယူနိုက်တက် ကစားသမားတွေကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ဒီရာသီရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ကို ရရှိခဲ့တဲ့ လူငယ် ကစားသမားလေး မက်ခ်ျဘရီကိုတော့ ချန်လှပ်ခဲ့ပါတယ်။ လူစား၀င်လာပြီး သိပ်မကြာမီမှာပဲ အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ လီဗာပူး အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို foul လုပ်ခဲ့တဲ့ အတွက် အဝါကတ် ပြသခြင်းကို ခံခဲ့ရပြီး နဗီးက ကစားခွင့် ရခဲ့တဲ့ မိနစ် အနည်းငယ် အတွင်းမှာတင် ယူနိုက်တက် ကွင်းလယ် တိုက်စစ်ကစားသမားလေး ပြသခဲ့တဲ့ အားထုတ်မှုကို ချီးကျူးခဲ့ပါတယ်။

နဗီးက “ရှင်းရှင်းပြောရရင် ဒီကလေးဟာ အနည်းဆုံးတော့ သူ့ရဲ့ စိတ်ဓာတ်နဲ့ အားထုတ်မှုတွေကို ပြသခဲ့ပါတယ်။ ကောင်လေးဟာ လူစား၀င်လာခဲ့ပြီးနောက် ကျန်တစ်သင်းလုံးကို ဘောလုံးကို ဘယ်လို ပြေးလွှားပြီး press လုပ်ရမလဲ ဘယ်လိုမျိုး challenge လုပ်ရမလဲ ဆိုတာ ပြသခဲ့ပါတယ်။ ကျွန်တော်ကတော့ သူ့အတွက် ဂုဏ်ယူမိပါတယ်။ ကြည့်ရတာ လီဗာပူး ကစားသမားတွေ သူ့ပတ်၀န်းကျင်မှာ ဘောလုံးတွေ ဟိုပေးဒီပေး လုပ်နေတာကို သူမကြိုက်တဲ့ ပုံစံပါပဲ။ ကျန်တစ်သင်းလုံးလည်း ဒီလို ဖြစ်ဖို့ ကျွန်တော် ဆန္ဒရှိခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

တူနီးရှား လက်ရွေးစင် ဖြစ်တဲ့ မက်ခ်ျဘရီဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် က ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အိုးထရပ်ဖို့ဒ်ရဲ့ အနာဂတ် ကြယ်ပွင့် တစ်ဦး ဖြစ်လာနိုင်သူ အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ မန်ယူနိုက်တက် စီနီယာ ကစားသမား အများစု ကတော့ အန်ဖီးမှာ လီဗာပူးရဲ့ အပြတ်အသတ် လွှမ်းမိုးခြင်းကို ခံခဲ့ရပြီး အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ကာ နဗီးက ဒါဟာ မန်ယူနိုက်တက် ပရိတ်သတ် ဘ၀အတွင်းမှာ အနိမ့်ဆုံး အခြေအနေကို ခံစားရတာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

နဗီးက “ကျွန်တော်တို့ ထင်ထားခဲ့တဲ့ အတိုင်း မန်ယူနိုက်တက် ပရိတ်သတ်တွေ ထင်ထားခဲ့တဲ့ အတိုင်းပဲ ဖြစ်ခဲ့တဲ့ ညတစ်ညပါ။ ဘယ်မန်ချက်စတာယူနိုက်တက် ပရိတ်သတ် တစ်ဦးမှ ဒီကို လာပြီး အနိုင်ရလိမ့်မယ် ဆိုပြီး ယုံကြည်နေမယ်လို့ ကျွန်တော် မထင်မိပါဘူး။ ပွဲမစခင် မိနစ် ၃၀ လောက် အလိုမှာ တစ်စုံတစ်ရာ ဖြစ်လာနိုင်သလား ဆိုပြီး ယုံကြည်မှုကို တည်ဆောက်ဖို့ ကြိုးစားခဲ့ပေမယ့် nothing ပါပဲ။ ဒီအသင်းမှာ ဘာမှ မရှိပါဘူး။

ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၂ နဲ့ ယူရိုပါလိဂ်ဖိုင်နယ်ကို တက်ရောက်နိုင်ပြီး အလားအလာကောင်းတွေကို မြင်ခဲ့ရတဲ့ အသင်းကနေ ဒီနေ့ ကျွန်တေ်ာတို့ မြင်ခဲ့ရတဲ့ အသင်း ဘယ်လိုများ ဖြစ်သွားခဲ့သလဲ ဆိုတာ ကျွန်တော် မရှင်းပြတက်အောင်ပါပဲ။ ဒါဟာ ကျွန်တော် မန်ချက်စတာယူနိုက်တက်ကို ကြည့်လာခဲ့တဲ့ ၄၂ နှစ် အတွင်းမှာ အနိမ့်ပါးဆုံး အခြေအနေ ဖြစ်ပါတယ်။ ကျွန်တော် ဒီလောက် ဆိုးရွားတဲ့ အသင်းကို တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

Top 4 နေရာအတွက် ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်ဟာ ဒီပွဲစဉ် အပြီးမှာလည်း ပွဲကျပ်တွေကို ဆက်တိုက် ကစားသွားရမှာ ဖြစ်ပြီး လာမည့် စနေနေ့မှာ အာဆင်နယ်ကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်သလို ဧပြီ ၂၈ ရက်နေ့မှာ ချဲလ်ဆီးကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ်။

SM