လာမယ့် နွေရာသီမှာ မန်စီးတီး ကြယ်ပွင့်ကို ခေါ်ယူနိုင်ရန် ရေပန်းအစားဆုံး ဖြစ်နေတဲ့ အာဆင်နယ် အသင်း

 

အာဆင်နယ် အသင်းဟာ ဂါဘရီယဲလ် ဂျီးဆပ် ကို ခေါ်ယူနိုင်ရေးမှာ ရေပန်း အစားဆုံး အသင်း ဖြစ်နေပြီး မန်စီးတီး စတားဟာ လာမယ့်နွေရာသီမှာ အသင်းက ထွက်ခွာဖို့ လမ်းဖွင့်ထားတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အူဘာမီယန်း ကို ဘာစီလိုနာ အသင်းထံ ထွက်ခွာခွင့် ပြုခဲ့ပေမယ့် သူ့နေရာ အစားထိုးဖို့ တိုက်စစ်မှူး ခေါ်ယူ နိုင်ခဲ့ခြင်း မရှိပါဘူး ။ ဒါ့အပြင် လာကာဇက် နဲ့ အန်ကီးတီးယား တို့ဟာလည်း ရာသီကုန်မှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ဂန်းနားတို့ တိုက်စစ် အင်အား ဖြည့်တင်းဖို့ မဖြစ်မနေ လိုအပ်နေတာ ဖြစ်ပါတယ် ။

 

အာဆင်နယ် အသင်းရဲ့တိုက်စစ် ပစ်မှတ်တွေ အဖြစ်ကယ်ဗက်လီဝင် ၊ အိုင်ဆက် ၊ ဂျိုနသန်ဒေးဗစ် ၊ မာတီနက်ဇ် ၊ ဒါဝင် နူညက်ဇ် နဲ့ ရက်ရှ်ဖိုဒ့် တို့ သတင်းတွေ ထွက်ခဲ့ပါတယ် ။ အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ အာဆင်နယ် အသင်းဟာ ဂျီးဆပ် ကို ခေါ်ယူဖို့ ပစ်မှတ် ထားနေတယ်လို့ သိရပါတယ် ။

အာဆင်နယ် နည်းပြ အာတေတာ ဟာ မန်စီးတီး အသင်းမှာတုန်းက ဂျီးဆပ် နဲ့လက်တွဲ ခဲ့ဖူးပြီး ဘရာဇီးသားကို ခေါ်ယူနိုင်ရေး ဆက်သွယ် စုံစမ်း နေပါတယ် ။ အာဆင်နယ် အသင်း နည်းစနစ် ဒါရိုက်တာ အီဒူး ဟာ ဂျီးဆပ် ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေး စကားပြောဆိုနေတာ လအတန်ကြာ ရှိနေပြီလို့လည်း သိရပါတယ် ။

ဂျီးဆပ် ဟာ မန်စီးတီး အသင်း အတွက် ပွဲပေါင်း ၂၂၉ ပွဲ ကစား ၈၉ ဂိုး သွင်းယူ ပေးထားပြီး ပရီးမီးယားလိဂ် ဖလား ၃ ကြိမ် ၊ ခါရာဘောင်းဖလား ၃ ကြိမ် ၊ အက်ဖ်အေ ဖလား ၁ ကြိမ် ရယူ ထားနိုင်ပါတယ် ။

 

ဒါပေမယ့် ဘရာဇီး လက်ရွေးစင် ဂျီးဆပ်ဟာ ဒီရာသီမှာ မန်စီးတီး အသင်း အတွက် လိဂ်ပွဲ ၁၆ ပွဲသာ ပွဲထွက် ကစားခွင့် ရရှိ ထားပြီး ၃ ဂိုးသာ သွင်းယူ ထားနိုင်ပါတယ် ။ မန်စီးတီး အသင်းဟာ လာမယ့် နွေရာသီမှာ ဟာလန်း ကို ခေါ်ယူသွားဖို့ ရှိနေတာကြောင့် ဂျီးဆပ် အတွက် ပွဲထွက် ကစားခွင့် ပိုမို နည်းပါး လာဖို့ ရှိနေပါတယ် ။

ဒါကြောင့် ဘရာဇီးသား ဟာ လာမယ့် နွေရာသီမှာ အာဆင်နယ် အသင်းသာ ကမ်းလှမ်းလာပါက ပြောင်းရွှေ့ကစားဖို့ ဆန္ဒ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ် နေပါတယ် ။

 

အာဆင်နယ် နဲ့ မန်စီးတီး ကြားမှာ ဆွေးနွေး ညှိနှိုင်းမှု တစ်စုံတစ်ရာ ပြုလုပ်ရခြင်း မရှိသေးပေမယ့် ဂန်းနားတို့ဟာ ဘရာဇီးသားကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်နေတာ ဖြစ်ပါတယ် ။

 

SM