လာမည့်နွေရာသီမှာ မန်ယူနိုက်တက် နဲ့ ချဲလ်ဆီး ပစ်မှတ်ကို ခေါ်ယူဖို့ ကြိုးစားသွားရန် လီဗာပူးကို တိုက်တွန်းလိုက်တဲ့ ဂျွန်ဘန်း

လီဗာပူး ဂန္တ၀င် ဂျွန်ဘန်းက သူ့ရဲ့ အသင်းဟောင်း အနေနဲ့ လာမည့် နွေရာသီမှာ ၀က်ဟမ်း ကွင်းလယ်လူ ဒန်ကလန်ရိုက်စ်ကို ခေါ်ယူဖို့ ကြိုးစား သွားသင့်တယ်လို့ ယုံကြည်နေပါတယ်။ အင်္ဂလန် လက်ရွေးစင် ရိုက်စ်ဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ၀က်ဟမ်း ပထမအသင်းကို ရောက်လာခဲ့ပြီးနောက်ပိုင်း လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ်လူတွေ ထဲက တစ်ဦး အဖြစ် ရပ်တည်လျက် ရှိနေပါတယ်။

ဒီရာသီမှာလည်း ၀က်ဟမ်းရဲ့ ကွင်းလယ်မှာ အထူး ခြေစွမ်းပြနေတဲ့ ရိုက်စ်ကို မန်ယူနိုက်တက် နဲ့ ချဲလ်ဆီး တို့လို အသင်းတွေက အနီးစပ် စောင့်ကြည့်လျက် ရှိနေကြပါတယ်။ ဒါပေမယ့်လည်း လီဗာပူးမှာ ၁၀ နှစ်ကြာ ကစားပေးခဲ့တဲ့ ဘန်းက လီဗာပူး အနေနဲ့ ရိုက်စ်ကို ခေါ်ယူဖို့ ကြိုးစားမယ့် ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်သွားသင့်တယ်လို့ ဆိုလိုက်ပြီး အင်္ဂလန် စတား လီဗာပူးရဲ့ ကွင်းလယ်လူ တစ်ဦးမှာ ရှိသင့်တဲ့ အရည်အသွေးတွေ အားလုံး ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

ဘန်းက “ဒန်ကလန်ရိုက်စ်ဟာ လီဗာပူးရဲ့ ကွင်းလယ်မှာ အံ၀င်မယ့် သူပါ။ သူဟာ သန်မာတယ် လုပ်အားကောင်းပြီး အလက်ဇန်းဒါးအာနိုး နဲ့ ရောဘတ်ဆန် တို့အတွက် ကာဗာ လုပ်ပေးနိုင်တဲ့သူပါ။ ရိုက်စ်ဟာ လီဗာပူးတို့ အလိုရှိနေတဲ့ profile နဲ့ အံ၀င်ခွင်ကျ ဖြစ်မှာပါ။ သူဟာ အလုပ်ကို တအား ကြိုးစားပြီး ဖျက်ထုတ်မှု ၊ တိုက်စစ်လမ်းကြောင်း ဖျက်တောက်မှုတွေ ကောင်းကောင်း လုပ်နိုင်တဲ့ သန်မာတဲ့ ကွင်းလယ်လူ ဖြစ်ပါတယ်။ ဒါဟာ လီဗာပူးတို့ ရှာဖွေနေတဲ့ ကွင်းလယ် ကစားသမားမျိုး ဖြစ်ပါတယ်။

သူဟာ မန်စီးတီးလို အသင်းမျိုးနဲ့တော့ ကိုက်ညီမှု မရှိနိုင်ပါဘူး။ ဒါပေမယ့် သူဟာ နောက်တန်း အစွန်လူတွေ တိုက်စစ်ကို အတက် လိုက်ပါကစားနေတဲ့ အချိန်မှာ ပြိုင်ဘက်ရဲ့ တန်ပြန်တိုက်စစ်ဆင်မှုတွေကို ကောင်းစွာ ဖျက်တောက်ပစ်နိုင်တဲ့ သူပါ။ ဒါ့ကြောင့် သူဟာ လီဗာပူးနဲ့ အံ၀င်ခွင်ကျ ဖြစ်နေမှာပါ။ ဒါပေမယ့် သူဟာ ၀က်ဟမ်း ကစားသမား ဖြစ်ပါတယ်။ လီဗာပူးဟာ ရိုက်စ် အတွက် သူတို့ကို ကမ်းလှမ်းမှု မလုပ်ခဲ့ပါဘူး။ ဒ့ါကြောင့် လက်ရှိ အနေအထားက ကောလဟာလ အဆင့်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် ရိုက်သာ လီဗာပူးကို ပြောင်းလာခဲ့မယ် ဆိုရင် တအားကို ကောင်းတဲ့ ခေါ်ယူမှု ဖြစ်လာမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ရိုက်စ်ဟာ ပြီးခဲ့တဲ့ ရာသီတွေကတည်းက အသင်းကြီးတွေနဲ့ သတင်းတွေ တောက်လျှောက် ထွက်နေခဲ့သူ ဖြစ်ပြီး ၀က်ဟမ်း နည်းပြ ဒေးဗစ်မိုရက်က လာမည့် နွေရာသီမှာ ရိုက်စ်ကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ ပေါင်သန်း ၁၅၀ နီးပါး အသုံးပြုသွားဖို့ လိုအပ်မယ်လို့ ဆိုထားခဲ့ပါတယ်။

မိုရက်က “ပထမဦးဆုံး ပြောချင်တာကတော့ သူဟာ ရောင်းဖို့ မဟုတ်ပါဘူး။ အကယ်၍ ခင်ဗျားဘက်က စိတ်၀င်စားတယ်ဆိုရင် စျေးချိုမှာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နွေရာသီက သတ်မှတ်ခဲ့တဲ့ ပေါင်သန်း ၁၀၀ ဆိုတာ စျေးချိုနေပါတယ်။ အခု ပေါင်သန်း ၁၅၀ က အနည်းဆုံး ဖြစ်မှာပါ။ ဒါပေမယ့် သူဟာ ရောင်းဖို့ မဟုတ်ပါဘူး။ ကျွန်တော် သိသလောက်ကတော့ ဒီစျေးနဲ့ ပက်သက်ပြီး စဉ်းစားသွားမယ့် ကလပ်က အနည်းငယ်သာ ရှိနေပါတယ်။” လို့ ပြောသွားပါတယ်။

SM