လက်ရှိ ရီးရဲလ်မက်ဒရစ် အသင်းမှ ဘယ်ကစားသမားကို အလိုရှိသလဲ ဆိုတဲ့ အမေး အပေါ် တုန့်ပြန် ဖြေကြားခဲ့တဲ့ တူချယ်

ပြီးခဲ့တဲ့ စနေနေ့ည က အမှတ်ပေးပြိုင်ပွဲမှာ တန်းတက် ဘရန်းဖို့ဒ် အသင်းကို ၁ – ၄ ရလဒ်နဲ့ အရေးနိမ့်ခဲ့တဲ့ ချဲလ်ဆီး အသင်း ဟာ ယနေ့ညမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် စပိန် လာလီဂါရဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ရီးရဲလ်မက်ဒရစ် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဧည့်ခံ ကစားသွားဖို့ ရှိနေပါတယ် ။

ဒီ ၂သင်း ဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ ထိပ်တိုက် ရင်ဆိုင်ခဲ့ဖူးကြပြီး ၊ ထိုစဉ်က ချဲလ်ဆီး ဟာ ရီးရဲလ်မက်ဒရစ်ကို ၂ကျော့ပေါင်း ရလဒ် ၃ – ၁ နဲ့ အနိုင်ရခဲ့သလို ၊ ဖိုင်နယ်မှာလည်း ဗိုလ်စွဲထားတာကြောင့် လက်ရှိ ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိထားတာ ဖြစ်ပါတယ် ။

ဒီရာသီမှာတော့ ရီးရဲလ်မက်ဒရစ် ဟာ မနှစ်ကထက် သိသိသာသာ တိုးတက်လာတယ်လို့ ဆိုရမှာ ဖြစ်ပြီး ၊ ကစားသမား အပြောင်းအလဲ အများကြီး မရှိပေမယ့် ၊ ရှိရင်းစွဲ ကစားသမား အချို့ ပိုပြီး ခြေစွမ်းပြလာနိုင်တာကို တွေ့ရပါတယ် ။ လက်ရှိ ရီးရဲလ်မက်ဒရစ် အကြောင်း ပြောပါဆိုရင် ၊ ပြင်သစ် ဂိုးသွင်းစက် ကာရင် ဘန်ဇီမာကို ထည့်မပြောလို့ မဖြစ်ပါဘူး ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ဟာ ရီးရဲလ်မက်ဒရစ်ထံမှ ဘယ်ကစားသမားကို ခေါ်ချင်လဲ ဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီး တုန့်ပြန်ခဲ့ရာ ၊ ဘန်ဇီမာ ၊ တိုနီ ကရူးစ် ၊ လူကာ မိုဒရစ် ၊ ကတ်စ်မဲရိုးတို့ရဲ့ အမည်တွေကို ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ် ။

တူချယ် က ” ခင်ဗျားတို့ ဒီလို မေးခွန်းတွေ မေးရတာ ကြိုက်ကြတယ် မဟုတ်လား ? ကျွန်တော့ရဲ့ လုပ်ဖော်ကိုင်ဖက် တယောက်ကလည်း ဒီလို မေးခွန်းနဲ့ သိပ်မကွာခြားတဲ့ မေးခွန်းမျိုး မေးဖူးပါတယ် ။ ပြိုင်ဖက် အသင်းက ဘယ်ကစားသမားမျိုးနဲ့ မရင်ဆိုင်ချင်သလဲ ဆိုတာပါ ။ ”

” ဟိုတယောက် ၊ ဒီတယောက် နာမည်တွေ ပြောပြီး ၊ ရောယောင်တာမျိုး ဖြစ်မှာစိုးလို့ ၊ အရင်ဆုံး ကျွန်တော့ အနေနဲ့ ကာရင် ဘန်ဇီမာကို ပေးနိုင်သမျှ လေးစားမှု ၊ ချီးကျူးမှု အားလုံး ပေးလိုပါတယ် ။ လွန်ခဲ့တဲ့ ၂နှစ်လောက်က သူဟာ လူတွေရဲ့ ချီးမွမ်းမှုကို သိပ်မရတဲ့ တိုက်စစ်မှူးမျိုး ဖြစ်ခဲ့ပါတယ် ။ ”

” အခုတော့ အဲလို မဟုတ်တော့ပါဘူး ။ အခုအချိန် သူ ပိုင်ဆိုင်နေတဲ့ ခြေစွမ်း ၊ မှတ်တမ်း ၊ အောင်မြင်မှု အားလုံး ဟာ သူနဲ့ အပြည့်အဝ ထိုက်တန်မှု ရှိပါတယ် ။ ရီးရဲလ်မက်ဒရစ်မှာ နံပါတ် ၉ တိုက်စစ်မှူး နေရာကို သူ ယူထားတာ ဘယ်နှနှစ်တောင်ရှိနေပြီလဲ ? ဒါကို ကြည့်ခြင်းအားဖြင့် သူဟာ ဘယ်လို အရည်အသွေးမျိုးနဲ့ ကစားသမားလဲ ဆိုတာ ပေါ်လွင်နေပါတယ် ။ ”

” နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း သူဟာ တဦးတည်းနဲ့ အသင်းကို ဒီအဆင့် ရောက်အောင် ဆွဲခေါ်နိုင်ခဲ့ပါတယ် ။ အခုဆို သူဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အသင်းခေါင်းဆောင် တဦး အဖြစ်နဲ့ တာဝန်ယူ ကစားပေးနေပါပြီ ။ ဒါက အရမ်း အထင်ကြီးစရာကောင်းပါတယ် ။ ”

” El Classico ရှုံးပွဲကို ကြည့်ရင် သူမပါတဲ့ ရီးရဲလ်မက်ဒရစ် ဟာ အသက်မဲခဲ့တာကို တွေ့ရမှာပါ ။ လက်ရှိမှာ သူဟာ တဦးတည်း ထိုးထောင် ကောင်းမွန်နေတဲ့ ကစားသမား ဖြစ်နေပါတယ် ။ ဒါပေမယ့် သူ့တယောက်တည်းကို ချီးကျူးလိုက်မယ်ဆိုရင် တိုနီ ကရူးစ် ၊ လူကာ မိုဒရစ် ၊ ကတ်စ်မဲရိုး အစရှိတဲ့ ကစားသမားမျိုးတွေ အတွက် မျှတမှု ရှိမှာ မဟုတ်ပါဘူး ။ ”

” ရီးရဲလ်မက်ဒရစ် အသင်း ဒီနေ့ ဒီအချိန် အထိ အောင်မြင်နေရခြင်း ဟာ ဒီလို ကြီးကျယ်တဲ့ အရည်အသွေးမျိုးတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေ ရှိနေလို့ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR