လက်ရှိ ချန်ပီယံတို့ လက်စားချေခံလိုက်ရတဲ့ ချဲလ်ဆီး ၁ – ၃ ရီးရဲလ်မက်ဒရစ် ပွဲမှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက်

မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့် ပထမ အကျော့ ပွဲစဉ် တပွဲမှာ လက်ရှိ ချန်ပီယံ ချဲလ်ဆီး အသင်း ဟာ ရီးရဲလ်မက်ဒရစ် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ၁ – ၃ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ် ။ ထိုပွဲမှ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက်ကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

၁ ။ အင်အားကြီး ကလပ် ၂သင်းကို ဟက်ထရစ် ၂ပွဲဆက် သွင်းခဲ့တဲ့ ဘန်ဇီမာ

ပွဲမစခင်ကတည်းက ဘန်ဇီမာရဲ့ ကောင်းကြောင်းကို လူတိုင်းက တွင်တွင် ပြောဆိုခဲ့ကြသည့်တိုင် ၊ ချဲလ်ဆီး ခံစစ် ဟာ ၄င်းကို ပွဲချိန် အတွင်း တောက်လျှောက် အလွတ်ပေးခဲ့တာကြောင့် ၊ အခုလို ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံခဲ့ရတာ ဆန်းကြယ်ခြင်း မရှိပါဘူး ။ ဘန်ဇီမာ ဟာ အပိုင် ဂိုးသွင်းခွင့် ရတဲ့ ၄ကြိမ်မှာ ၃ကြိမ်ကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် ပီအက်စ်ဂျီ အသင်းကို ဟက်ထရစ် သွင်းခဲ့အပြီး ၊ အခုတခါ လက်ရှိ ချန်ပီယံကိုပါ သူတို့ရဲ့ အိမ်ကွင်း ရှေ့မှောက် ဟက်ထရစ်နဲ့ အရှက်ခွဲနိုင်ခဲ့တာ ဟာ ဘန်ဇီမာရဲ့ Ballon D’Or ဆွတ်ခူးနိုင်မယ့် အရည်အချင်းကို ကွက်ကွက်ကွင်းကွင်း ပြသလို့ နေပါတယ် ။ ချဲလ်ဆီး ဟာလည်း ၄င်းနဲ့ တွေ့မှပဲ ကလပ် သမိုင်းတလျှောက် ချန်ပီယံလိဂ်မှာ ကစားသမား တယောက်ကို ပထမဆုံး ဟက်ထရစ် သွင်းခွင့်ပြုလိုက်ရပြီ ဖြစ်ပါတယ် ။

၂ ။ နည်းစနစ် ချဉ်းကပ်ပုံ မှားယွင်းခဲ့ပြန်တဲ့ တူချယ်

ပြီးခဲ့တဲ့ စနေနေ့ က အနောက်လန်ဒန်ဒါဘီ ဂိုးပြတ်ရှုံးပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ်ရဲ့ နည်းစနစ် အမှားများစွာ တွေ့ခဲ့ရသလို ၊ မနေ့ည က ပွဲမှာလည်း ၄င်းဟာ အမှား တချို့ကို မပြင်ဆင်နိုင်ခဲ့ပဲ ၊ မှားပြီးရင်း မှားခဲ့ပါတယ် ။ အထူးသဖြင့် မနေ့ညက ပွဲရဲ့ ပထမပိုင်း အတွင်း ညာအခြမ်း ခံစစ်မှာ ဟာကွက် အကြီးကြီး ဖြစ်ခဲ့ပါတယ် ။

ပြေးအားနှုန်းကောင်းတဲ့ ဗီနီဆီးယပ်စ် ဂျူနီယာကို ခရစ်တန်ဆန် တယောက် ဘယ်လိုမှ မထိန်းနိုင်ခဲ့သလို ၊ ရိစ်ဂျိမ်းစ် ဟာလည်း တိုက်စစ် အရမ်း လိုက်ပါလွန်းခဲ့တာကြောင့် ၊ တန်ပြန်တိုက်စစ်တွေမှာ မကြာခဏဆိုသလို ညာခြမ်းကနေ ထိုးနှက်ခံခဲ့ရပါတယ် ။

အလားတူ ကွင်းလယ် တိုက်ပွဲမှာလည်း ကန်တေ – ဂျော်ဂျင်ဟို အတွဲဟာ မနှစ်ကလို မဟုတ်ပဲ ၊ မောဟိုက်နေတဲ့ပုံ ၊ ယုံကြည်မှု ပျောက်ဆုံးနေတဲ့ပုံ ပေါ်ခဲ့ပြီး ၊ လေးကွေးပေးမယ့် အတွေ့အကြုံရင့်တဲ့ ရီးရဲလ် ကွင်းလယ် အင်အားစုကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး ။

၃ ။ တော်ရုံ မပေါ့ဆတတ်တဲ့ အက်ဒိုဝါ့ဒ် မန်ဒီထံရဲ့ ပေးဆပ်မှု ကြီးမားခဲ့တဲ့ အမှား

ပြီးခဲ့တဲ့ ရာသီ ချဲလ်ဆီးတို့ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးခဲ့ရာမှာ အက်ဒိုဝါ့ဒ် မန်ဒီ ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပေမယ့် ၊ ဒီရာသီမှာတော့ ၄င်းဟာ ချဲလ်ဆီးကို ကွာတားဖိုင်နယ် အဆင့်ကပဲ လက်ပြ နှုတ်ဆက်ရစေနိုင်တဲ့ တရားခံ တဦး ဖြစ်လာပါတယ် ။

တော်ရုံတန်ရုံ အမှား ကျူးလွန်လေ့မရှိပေမယ့် ၊ ၁ – ၂ ဖြစ်နေချိန် ၊ ဒုတိယပိုင်း အတွင်း နည်းစနစ် အပြောင်းအလဲ ၊ လူစားလဲမှု ၂ခု ပြုလုပ်ပြီး ချေပဂိုး ပြန်ရဖို့ ကြိုးစားချိန်မှာပဲ မန်ဒီ ဟာ ချိန်သားကိုက် ဒီအမှားကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ် ။

တတိယဂိုး ပေးခဲ့ရအပြီးမှာ ချဲလ်ဆီး အသင်းသား အများစုရဲ့ မျက်နှာမှာ ယုံကြည်မှု ကြီးကြီးမားမား ကျဆင်းသွားတဲ့ပုံ ပေါ်ခဲ့ပါတယ် ။ တဖက်မှာ ချဲလ်ဆီးကို အကြိမ်ကြိမ် ကယ်တင်ခဲ့ဖူးတဲ့ မန်ဒီကို ဒီအမှားမှာမှ အပြစ်တင်မယ်ဆိုရင်လည်း ဒါက မျှတမှု ရှိချင်မှ ရှိပါလိမ့်မယ် ။

၄ ။ စတမ်းဖို့ဒ်ဘရစ်ခ်ျ အပြန်ခရီး လှပခဲ့တဲ့ ကော်တွိုက်စ်

ချဲလ်ဆီး ပရိသတ်တွေရဲ့ သစ္ဖာဖောက်လို့ သတ်မှတ်ခံထားရသူ ဘယ်လ်ဂျီယမ် လက်ရွေးစင် ဂိုးသမား သီဘောက် ကော်တွိုက်စ် ဟာ မနေ့ည က ပွဲမှာ ပွဲအစအဆုံး အိမ်ရှင် ပရိသတ်တွေထံမှ နွေးထွေးပျူငှာခြင်း မရှိတဲ့ ကြိုဆိုမှုကို ခံခဲ့ရသည့်တိုင် ၊ အာရုံ မထွေပြားပဲ ၊ အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့ပါတယ် ။

ပထမပိုင်း ပြီးခါနီး ပေးခဲ့ရတဲ့ ချေပဂိုးကို ကာကွယ်နိုင်လုနီးပါး ဖြစ်ခဲ့ပေမယ့် ၊ ကော်တွိုက်စ် ဟာ အက်ဇ်ပီလီကွီတာရဲ့ အားပါ ပြင်းထန်ပြီး ထောင့်ကျတဲ့ ကန်ချက် တကြိမ် ၊ ရိစ်ဂျိမ်းစ်ရဲ့ ခြိမ်းခြောက်မှု ၂ကြိမ်ကို အထူး လက်စွမ်းပြ ကာကွယ်သွားခဲ့ပြီး ၊ စတမ်းဖို့ဒ်ဘရစ်ခ်ျကနေ ခေါင်းမော့ရင်ကော့ပြီး ပြန်နိုင်ခဲ့ပါတယ် ။

၅ ။ လူကာကူကို ကျော်ပြီး ဘာကြောင့် နေရာ ရနေလဲ ဆိုတာ ပြသသွားခဲ့ပြန်တဲ့ ဟာဗက်ဇ်

မနေ့ည က ပွဲမှာ ချဲလ်ဆီး အသင်း အတွင်း အားရဖွယ် စွမ်းဆောင်ပြနိုင်ခဲ့တဲ့ ကစားသမား အနည်းအကျဉ်းသာ ရှိခဲ့ပြီး ၊ ထိုအထဲမှာ ချေပဂိုး တဂိုး သွင်းယူခဲ့တဲ့ ကိုင်ဟာဗက်ဇ်လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ ဟာဗက်ဇ် ဟာ နောက်ဆုံး ပွဲထွက်ခွင့် ရခဲ့တဲ့ ၆ပွဲမှာ ၅ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ဒါ့အပြင် ယင်း ဂျာမန် လက်ရွေးစင် ဟာ အခွင့်အရေး ဖြုန်းတီးမှု နည်းခဲ့သလို ၊ လုပ်အားနှုန်း အပြည့်နဲ့ အကောင်းဆုံး ပေးဆပ်နိုင်ခဲ့ပါတယ် ။ တဖက်မှာ လူကာကူကတော့ လူစားဝင်ပြီး အပိုင် ခေါင်းတိုက်ခွင့် ၂ခုကို စိတ်ပျက်ဖွယ် ဖြုန်းတီးပစ်ခဲ့ပါတယ် ။

SPORTS MYANMAR