‘ ရီးရဲလ်မက်ဒရစ်ရဲ့ comeback တွေကို ခင်ဗျား တားဆီးလို့ မရပါဘူး ‘ – ဂါဘရီရယ် ဂျေဆုစ်

 

ယနေ့ညမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တပွဲ စတင် ကစားဖို့ ရှိနေပြီး ၊ ပြီးခဲ့တဲ့ ရာသီရဲ့ finalist ဖြစ်တဲ့ မန်စီးတီး အသင်း ဟာ ၁၃ကြိမ် ချန်ပီယံ ရီးရဲလ်မက်ဒရစ် အသင်းကို အိမ်ကွင်း အီတီဟတ်မှာ လက်ခံ ကစားမှာ ဖြစ်ပါတယ် ။ ဒီ ၂သင်းဟာ ချန်ပီယံလိဂ်ရဲ့ ရှုံးထွက်အဆင့်မှာ ၂ကြိမ် ထိပ်တိုက် တွေ့ဆုံခဲ့ဖူးပါတယ် ။

 

နောက်ဆုံး တခေါက် ထိပ်တိုက် ရင်ဆိုင်တုန်းက မန်စီးတီး ဟာ ၁၆သင်း အဆင့်မှာ ရီးရဲလ်မက်ဒရစ်ကို ၂ကျော့ပေါင်း ၄ -၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ် ။ ထိုစဉ်က ဘာနေဗျူးမှာ ရင်ဆိုင်ခဲ့ရတဲ့ ပထမ အကျော့မှာ မန်စီးတီး အသင်းရဲ့ ဘရာဇီး လက်ရွေးစင် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဆုစ် က ပွဲပြီးခါနီးမှာ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ် ။

တဖက်မှာ ရီးရဲလ်မက်ဒရစ် အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ နာမည်ကြီးခဲ့တဲ့ ပီအက်စ်ဂျီနဲ့ လက်ရှိ ချန်ပီယံ ချဲလ်ဆီးတို့ကို ၂ကျော့ပေါင်း အရှုံး အနေအထားကနေ နောက်ကလိုက်ကစားပြီး ၊ အနိုင်ရကာ ၊ ဒီအဆင့်ကို ရောက်လာခဲ့တာ ဖြစ်ပါတယ် ။

 

စပိန် သတင်း ဌာန မာကာနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဂါဘရီရ် ဂျေဆုစ် က ချန်ပီယံလိဂ် အအောင်မြင်ဆုံး ရီးရဲလ်မက်ဒရစ်ရဲ့ အရှေ့ ၂ဆင့်မှ comeback တွေကို ဘယ်လိုမှ ရပ်တန့်ဖို့ မဖြစ်နိုင်ကြောင်း ချီးကျူးခဲ့ပေမယ့် ၊ ၄င်းတို့ကတော့ ရီးရဲလ်မက်ဒရစ်ကို ရပ်တန့်နိုင်ဖို့ ယုံကြည်နေကြောင်း ဆိုခဲ့ပါတယ် ။

 

ဂျေဆုစ် က ” ခင်ဗျား ဒါကို ရပ်တန့်လို့ မရပါဘူး ။ ရီးရဲလ်မက်ဒရစ် ဟာ ကလပ် အနေနဲ့ သာမက ၊ ကစားသမား အားလုံးနီးပါး ချန်ပီယံလိဂ်ရဲ့ ရှုံးထွက်အဆင့်တွေမှာ ပြိုင်ဖက်တွေကို အချိန်မရွေး ဖြုတ်ချနိုင်စွမ်း ရှိပါတယ် ။ ဒါကို သတိထားဖို့ အရေးကြီးပေမယ့် ၊ ကျွန်တော်တို့ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပါတယ် ။ ”

” မနှစ်က ကျွန်တော်တို့ ဗိုလ်လုပွဲကို တက်နိုင်ခဲ့ပြီး ၊ ကံဆိုးစွာနဲ့ အရေးနိမ့်ခဲ့ပါတယ် ။ ဒါပေမယ့် အနည်းဆုံးတော့ ဗိုလ်လုပွဲကို ရောက်ခဲ့တယ်ပေါ့ ။ “လို့ ပြောကြာခဲ့ပါတယ် ။ ဂျေဆုစ် ဟာ စနေနေ့က ဝက်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ၄ဂိုး သွင်းပြီး ၊ အရှိန်ကောင်း ရယူထားကာ ၊ ရီးရဲလ်မက်ဒရစ်ဖက်ကို ၂၀၁၉ – ၂၀၂၀ ဘောလုံးရာသီကလို ဂိုးသွင်းနိုင်ဖို့ စိုင်းပြင်းနေပါတယ် ။

 

ဂျေဆုစ် က ” ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးကို ဘာနေဗျူးမှာ ရင်ဆိုင်ရတာ အမြဲတမ်း ခက်ခဲ ပြင်းထန်ပါတယ် ။ ကျွန်တော်တို့ အဲဒီတုန်းက အနိုင်ရခဲ့ပေမယ့် ၊ အခြေအနေ ပေးရင် ၊ သူတို့လည်း အနိုင်ရခဲ့နိုင်တာပါပဲ ။ ကျွန်တော်ကတော့ ကိုယ့်ရဲ့ သွင်းဂိုးနဲ့ အသင်းကို အကူအညီ ပေးနိုင်ခဲ့လို့ ပျော်ရွှင်ခဲ့မိပါတယ် ။ ”

” ဒါပေမယ့် အခုတကြိမ် ထိပ်တိုက် တွေ့ဆုံမှုက မတူတော့ပါဘူး ။ ဗီနီဆီးယပ်စ် ဂျူနီယာ ဟာ နောက်ဆုံး တခေါက် ကျွန်တော်တို့နဲ့ ရင်ဆိုင်ခဲ့ကတည်းက ရီးရဲလ်မက်ဒရစ်မှာ ကစားနေခဲ့တယ် ဆိုပေမယ့် ၊ အခု သူဟာ အရင်ကထက် အများကြီး ပိုရင့်ကျက်လာပါပြီ ။ ကျွန်တော် ဟာ သူ့ရဲ့ အမာခံ ပရိသတ် တဦးပါ ။ ”

 

” အနာဂတ်မှာ အခုထက် သူ ပိုပြီး ခြေစွမ်း တိုးတက်ဖို့ မျှော်လင့်သလို ၊ ဆုလည်းတောင်းပေးပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့နဲ့ ရင်ဆိုင်တဲ့အခါတော့ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ရီးရဲလ်မက်ဒရစ်မှာ ဗီနီးဆီးယပ်စ် ဂျူနီယာ သာမက ၊ ရိုဒရိုင်ဂို ၊ ကတ်စ်မဲရိုး ၊ မာဆယ်လို ၊ အီဒါ မီလီတာအိုတို့လို ဘရာဇီး လက်ရွေးစင်တွေလည်း ရှိနေပါတယ် ။

ဒီ ကစားသမားတွေနဲ့ ၄င်းအကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီးလည်း ဂျေဆုစ် က ” သူတို့တွေနဲ့ ကျွန်တော့ အကြား ရင်းနှီးတဲ့ ဆက်ဆံရေးသာ ရှိပါတယ် ။ သူတို့ အားလုံးကို ကျွန်တော် အမြဲ အားပေးပါတယ် ။ ဘရာဇီးသားတွေဟာ နိုင်ငံ အသင်းမှာသာ နွေးထွေးမှု ရှိကြပေမယ့် ၊ သက်ဆိုင်ရာ ကလပ်တွေဆီ ရောက်သွားတဲ့အခါ ကိုယ့်အသင်း အတွက် အသီးသီး တိုက်ပွဲဝင်ရပါတယ် ။ ”

 

” မာဆယ်လိုနဲ့တော့ ကျွန်တော် သိပ်မရင်းနှီးပါဘူး ။ သူနဲ့ နောက်ဆုံး စကား ပြောခဲ့တာက international break ကာလတုန်းကပါ ။ ကျန်တဲ့ ဘရာဇီးသားတွေနဲ့တော့ နီးစပ်တဲ့ ပြောဆို ဆက်ဆံမှုတွေ ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

SPORTS MYANMAR