ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာ ခြေစွမ်း သာမန် အဆင့်သာ ရှိခဲ့တဲ့ ချဲလ်ဆီး ကြယ်ပွင့် ၂ဦးရဲ့ အမည်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ ကယ်ရန် ကာနေး

ချဲလ်ဆီး အသင်း ဟာ တမြန်နေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့ပွဲမှာ ရီးရဲလ်မက်ဒရစ် အသင်းကို တိုက်စစ်မှူး ကာရင် ဘန်ဇီမာရဲ့ ဟက်ထရစ်ကြောင့် ၁ – ၃ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီး ၊ လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ အလားအလာ အလွန့်အလွန် နည်းသွားပြီး ဖြစ်ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး ဟာ ရီးရဲလ်မက်ဒရစ်ကို အဖက်ဖက်က မယှဉ်နိုင်ခဲ့ရုံသာမက ၊ ခံစစ်က အမှား အချို့ ကျူးလွန်ခဲ့သလို ၊ တိုက်စစ်ကလည်း အဆုံးသတ် သေချာမှု မရှိခဲ့တာကြောင့် ၊ သရေ ရလဒ် အထိ ရယူဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် ၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ကို လက်လွတ်စပယ် ဖြုန်းတီးပစ်ခဲ့ပါတယ် ။

ချဲလ်ဆီး အမျိုးသမီး ကွင်းလယ်လူဟောင်း ကယ်ရန် ကာနေး က ရီးရဲလ်မက်ဒရစ် အသင်း ဟာ ထိုပွဲမှာ ချဲလ်ဆီးထက် အစစ အရာရာ ရှေ့ပြေး ဖြစ်ခဲ့ပေမယ့် ၊ အက်ဒိုဝါ့ဒ် မန်ဒီနဲ့ ရိုမီလူ လူကာကူတို့ဟာ သီဘောက် ကော်တွိုက်စ်နဲ့ ကာရင် ဘန်ဇီမာတို့နဲ့ ယှဉ်လိုက်ရင် ၊ သာမန် အဆင့်သာ ရှိခဲ့ကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

BBC 5 Live’s Football Daily နဲ့ တွေ့ဆုံခဲ့ရာမှာ ကာနေး က ” ကျွန်မတို့ဟာ ပြီးခဲ့တဲ့ စနေနေ့က ဘရန်းဖို့ဒ် အသင်းရဲ့ ကြိုးစားမှုနဲ့ စွမ်းဆောင်ရည် အပေါ် ချီးမွမ်း ထောပနာ ပြုခဲ့ကြပါတယ် ။ ဒါပေမယ့် ဒီ ရှုံးပွဲဟာ ချဲလ်ဆီး အတွက် ခြေချော်မှု တခုမျှသာ ဖြစ်မယ်လို့ ကျွန်မ ထင်ခဲ့တာပါ ။ နိုင်ငံတကာပွဲတွေ အပြီး ကစားရတဲ့ ပထမဆုံး ပွဲတွေမှာ ချဲလ်ဆီးတို့ ခြေချော်တတ်တာ အားလုံး သိကြပါတယ် ။ ”

” ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာတော့ သူတို့ ခံစစ်ကို ပိုပြီး ကျစ်လျစ်အောင် ၊ ပိုပြီး ထိုးဖောက်ရ ခက်ခဲအောင် ၊ အင်အား ပိုတောင့်တင်းအောင် ပြင်ဆင်လာမယ်လို့ ကျွန်မ ထင်ခဲ့တာပါ ။ ဒါပေမယ့် တကယ်တမ်းမှာ ဘရန်းဖို့ဒ်နဲ့ ပွဲက ချဉ်းကပ်မှုနဲ့ ဘာမှ မကွာခြားခဲ့ပါဘူး ။ ”

” ခံစစ်မှာ နေရာလွတ်တွေ အရမ်း ကြီးမားခဲ့ပြီး ၊ ဘောလုံး ပေးပို့ပုံ ၊ လှုပ်ရှားပုံ ၊ နေရာ လှည့်ကစားပုံတွေမှာ ဟာကွက် အများကြီး ရှိခဲ့ပါတယ် ။ မက်ဒရစ် ဟာ ချဲလ်ဆီးကို တစစီ ဆုပ်ဖြဲခဲ့ပြီး ၊ ဒါမျိုး ကျွန်မ မမြင်တာ အတော်ကြာခဲ့ပါပြီ ။ သူတို့ဟာ ခံစစ်ကို အထူး ကျစ်လျစ်အောင် တည်ဆောက်ထားခဲ့တာကြောင့် ၊ ချဲလ်ဆီးကို သာမန်အဆင့် ဖြစ်စေခဲ့ပါတယ် ။ ”

” ဒီပွဲမတိုင်ခင် ရီးရဲလ်မက်ဒရစ်နဲ့ ပတ်သက်ပြီး ကာရင် ဘန်ဇီမာ ၊ သီဘောက် ကော်တွိုက်စ်တို့ အကြောင်း လူပြောများခဲ့ပါတယ် ။ ဒီ ၂ဦးကို တဖက်က ကြည့်ပြီး ၊ နောက်တဖက်မှာ ချဲလ်ဆီးက အက်ဒိုဝါ့ဒ် မန်ဒီနဲ့ လူစားဝင်လာတဲ့ ရိုမီလူ လူကာကူတို့ကို ကြည့်ကာ နှိုင်းယှဉ်လိုက်ရင် ဘယ်လောက်ထိ စွမ်းဆောင်ရည် ကွာဟခဲ့လဲ ဆိုတာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ် ။ ”

” ဒီလို ကြီးကျယ်တဲ့ အခိုက်အတန့်တွေမှာ Big game players တွေ လိုအပ်တယ် ဆိုတာ လူတွေ ပြောကြလေ့ရှိပါတယ် ။ ဒီပွဲမှာ ဒီ ၂သင်း အကြားက ခြေစွမ်း အဆင့်အတန်း အရမ်း ကွာခြားခဲ့ပါတယ် ။ တကယ်တော့ အပေါ်က ကစားသမား ၂ယောက်ပဲ ခြေစွမ်း သာမန် အဆင့် ရှိခဲ့တာ မဟုတ်ပါဘူး ။ သူတို့ကိုပဲ ကျွန်မဖက်က တည်ပြီး မဝေဖန်ချင်ပါဘူး ။ ”

” မက်ဒရစ်ကသာ ဒီပွဲမှာ ချဲလ်ဆီးထက် အစစ အရာရာ သာခဲ့တာပါ ။ အထူးသဖြင့် ပထမပိုင်းမှာပေါ့ ။ ခင်ဗျား ဟာ ဒီလိုပွဲမျိုးမှာ ခံစစ်ကို ပိုကျစ်လျစ်အောင် တည်ဆောက်ပြီး ၊ ကွင်းလယ်မှာ မကြာခဏ ဖြတ်ထုတ် ရှင်းလင်းမှုတွေ ၊ ဖိအာပေးမှုတွေ ပိုလုပ်ဖို့ လိုပါတယ် ။ ဒီ ရှုံးပွဲဟာ လူကာကူ တဦးတည်း အပေါ် မူတည်ခဲ့တာမျိုး မဟုတ်ပါဘူး ။ ”

” ဒီပွဲကို ကြည့်ခြင်းအားဖြင့် ချဲလ်ဆီးမှာ နည်းနည်း မူမမှန်တာတွေ ရှိနေတာကို သတိထားမိပါတယ် ။ ဟုတ်ပါတယ် ။ ဒီမတိုင်ခင်ကတည်းက သူတို့မှာ ကွင်းတွင်းကွင်းပြင် ပြဿနာမျိုးစုံ ရှိနေခဲ့တာပါ ။ ဒါတွေကို သူတို့ကို ပြီးခဲ့တဲ့ တလလုံး ကျော်ဖြတ်ပြနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် ဒီနေ့လို ပွဲမျိုးမှာ သူတို့ ခံစစ်ကို ပိုကောင်းကောင်း ကစားနိုင်ခဲ့သင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR