ရိုနယ်ဒို ၊ ရက်ဖိုဒ့် တို့နဲ့ ပတ်သက်ပြီး မန်ယူနိုက်တက် ဘာလုပ်သင့်တယ်ဆိုတာ အကြံပေးလိုက်တဲ့ နိုရယ် ဝှီလန်

လိဒ်ယူနိုက်တက် ကစားသမားဟောင်း နိုရယ်ဝှီလန် က မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ခရစ္စတီယာနို ရိုနယ်ဒို ကို တည်ပြီး ကစားကွက်ရော အသင်းကိုပါ တည်ဆောက် သွားသင့်တယ်လို့ အကြံပြု သွားခဲ့ ပါတယ် ။

ဒါ့အပြင် ဝှီလန် က ပေါ်တူဂီသားကြီးဟာ အသင်းဟောင်းကို ပြန်လာဖို့ မဆုံးဖြတ်ခင် မှာ မန်ယူနိုက်တက် ဘယ်လောက် အထိ အခြေအနေ ဆိုးရွား နေသလဲ ဆိုတာကို ကောင်းစွာ သတိ မပြုမိခဲ့ဘူး လို့လည်း ပြောဆို သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ယူဗင်တပ် ကနေ မန်ချက်စတာ ယူနိုက်တက် ဆီ ပြန်လည် ပြောင်းရွှေ့ လာခဲ့ပြီး နည်းပြ အပြောင်းအလဲတွေ ၊ အသင်းရဲ့ ဆိုးရွားတဲ့ ပုံစံတွေ အောက်မှာ စိတ်ပျက်စရာ ရာသီတခုကို ဖြတ်သန်း နေခဲ့ရ ပါတယ် ။

ရိုနယ်ဒို ဟာ အသင်းအတွက် ဂိုးတွေ သွင်းပေး နေပေမယ့် ပုံစံကောင်း မပြနိုင်တဲ့ ပွဲတွေမှာ ဝေဖန်မှုတွေ ခံခဲ့ရပြီး အသင်းရဲ့ ပြဿနာ တခုအဖြစ်ပင် ခေါင်းစဉ်တပ် ခံခဲ့ရ ပါတယ် ။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ဟာ ရိုနယ်ဒို မပါတဲ့ ပွဲတွေ မှာ ဆိုးဆိုးရွားရွား ရလဒ်တွေ ကျဆင်း နေတာကို အချက်အလက်တွေက ဖော်ပြနေပါတယ် ။

လက်စတာ နဲ့ သရေကျ ခဲ့တဲ့ စနေနေ့က ပွဲ အပါအဝင် ဒီရာသီမှာ ရိုနယ်ဒို မပါဘဲ ယူနိုက်တက်တို့ ၉ ပွဲ ကစားခဲ့ရာမှာ ၁ ပွဲသာ နိုင်ထားပြီး ၆ ပွဲသရေကျ ကာ ၂ ပွဲ ရှုံးနိမ့် ထားခဲ့တယ်လို့ တွေ့ရှိ ခဲ့ရ ပါတယ် ။

“ပွဲတွေပြီးလို့ ရိုနယ်ဒို ရဲ့ မျက်နှာကို ကြည့်လိုက်တိုင်းမှာ စိတ်ပျက် နေတာတွေကို အမြဲလိုလို တွေ့မြင် နေရ ပါတယ် ။ ဒါမျိုး ကို အရင် အသင်းတွေမှာ တုန်းက သိပ်ပြီး မတွေ့ခဲ့ရ ပါဘူး ။

ရိုနယ်ဒို က ဆုဖလားတွေ ကို ဆက်တိုက် ရယူလာခဲ့တဲ့ ကစားသမား တယောက်ပါ ။ အခု မန်ချက်စတာ ယူနိုက်တက် က အဲ့ဒိလို အသင်းမျိုး မဟုတ်တော့ပါဘူး”

“သူ ဒီကို ပြန်ပြောင်း မလာခင် တုန်းက သူ့ရဲ့ အသင်းဟောင်းဟာ လီဗာပူး ၊ မန်ချက်စတာ စီးတီး တို့နဲ့ ဘယ်လောက်အထိ ပြတ်ကျန် နေခဲ့ပြီလဲ ဆိုတာကို သတိပြုမိ ခဲ့ပုံ မရဘူးလို့ ထင်ပါတယ် ။

ဒါတွေက သူ့ကို အခုလောက်ထိ စိတ်ပျက် နေစေခဲ့တာပါ” လို့ နိုရယ် ဝှီလန် က ရိုနယ်ဒို နဲ့ ပတ်သက်ပြီး ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး ဝှီလန် က ယူနိုက်တက် အနေနဲ့ ရိုနယ်ဒို ကို လက်လွှတ်ဖို့ ထက် အသင်းမှာ ဆက်ထားပြီး သူ့ကို ဦးတည်တဲ့ ကစားကွက်မျိုးကို ပြောင်းလဲ ကျင့်သုံးသင့်တယ်လို့လည်း အကြံပေး သွားခဲ့ ပါတယ် ။

“တကယ်လို့ ရိုနယ်ဒို သာ ထွက်သွားခဲ့မယ် ဆိုရင် အသင်းက ပိုပြီး ပျက်စီး သွားမှာပါ ။ အခုထိ သူက အသင်းရဲ့ အဓိကလူ ဖြစ်နေတုန်း ပါပဲ ။

ဘယ်အသင်းကမှ ကိုယ့်ရဲ့ အကောင်းဆုံး ကစားသမား ၊ ဂိုးအများဆုံး သွင်းတဲ့ သူကို ရောင်းရလောက်အောင် မမိုက်မဲ ပါဘူး ။ ယူနိုက်တက် အနေနဲ့ ရိုနယ်ဒို ကို ဦးတည်ပြီး အသင်းကို တည်ဆောက် သင့်တယ်လို့တောင် ကျွန်တော် တွေးထားပါတယ်” လို့ ဝှီလန် က ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး ဒီရာသီမှာ ခြေစွမ်းကောင်းတွေ ပျောက်ဆုံး နေတဲ့ မန်ယူနိုက်တက် တိုက်စစ်မှူးလေး မားကပ် ရက်ဖိုဒ့် နဲ့ ပတ်သက်ပြီးလည်း သူ့ရဲ့ အမြင်ကို ဝှီလန် က ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။

ရက်ဖိုဒ့် ဟာ ပုခုံး ခွဲစိတ်မှုကြောင့် ရာသီအစ ပွဲတွေကို လွဲချော် ခဲ့သလို ပြန်ကစားချိန် မှာလည်း အရင်နှစ်တွေ ကလို ပုံစံကောင်းတွေကို မပြသ နိုင်ဘဲ ရုန်းကန် နေခဲ့ရ ပါတယ် ။

“မန်ချက်စတာ မှာ မပျော်တဲ့ လူတွေ အများကြီး ဖြစ်နေပါပြီ ။ မားကပ် ရက်ဖိုဒ့် လည်း အပါအဝင် ပေါ့ ။ ဒါက ကျဆင်းသွားတဲ့ အသင်း တသင်းမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ကိစ္စ တခုပါပဲ ။ အမြဲတမ်း နည်းပြ တယောက် ခန့်အပ်ပြီး ၂ နှစ်လောက် ဆက်တိုက် အသားကျအောင် မကိုင်တွယ် သေးသရွေ့ ကတော့ အခုလို အခြေအနေတွေ က ဆက်ပြီး ဖြစ်နေဦးမှာပါ”

“ဒီရာသီ က ရက်ဖိုဒ့် ရဲ့ အနေအထားတွေကို ကြည့်ပြီး သူ အသင်းပြောင်းသင့်တယ် ၊ စိန်ခေါ်မှုသစ်တွေ ကို ရှာဖွေ သင့်တယ်လို့ ထင်ကြမှာပါ ၊ ကျွန်တော် ကတော့ အဲဒိလို မထင်ပါဘူး ။ သူဟာ မန်ချက်စတာသား တယောက်ပါ ။ နည်းနည်း စိတ်ရှည်ပြီး စောင့်ကြည့် ပေးသင့် ပါတယ် ။

အနည်းဆုံးတော့ နည်းပြသစ် ရောက်လာတဲ့ အခါမှာ သူ ( ရက်ဖိုဒ့် ) ဘယ်လို ဖြစ်လာမလဲ ဆိုတာကိုပေါ့” လို့ နိုရယ် ဝှီလန် က ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR