ရမ်စ်ဒေးလ် ထံ ပွဲထွက် ဂိုးသမားနေရာ ဆုံးရှုံးလိုက်ရမှု ၊ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ရင်ဖွင့် ပြောကြားလာတဲ့ လီနို

လီနို က ဒီရာသီမှာ ပွဲထွက် ဂိုးသမားနေရာကို အသစ် ရောက်လာတဲ့ ဂိုးသမား အာရွန် ရမ်စ်ဒေးလ် ထံ ပေးအပ်လိုက်ရမှုဟာ သူ့အတွက် ခါးသီးတဲ့ အခိုက်အတန့် ဖြစ်ကြောင်း ဝန်ခံ ပြောကြား လိုက်ပါတယ် ။

ဂျာမန် ဂိုးသမား လီနို ဟာ မနှစ်က အထိ အာဆင်နယ် အသင်းရဲ့ ပွဲထွက် ဂိုးသမား အဖြစ် ပုံမှန် ကစားခွင့် ရခဲ့သူ ဖြစ်ပြီး ဒီရာသီအစ သုံးပွဲ အထိလည်း ပွဲထွက် ကစားခွင့် ရရှိခဲ့ပါတယ် ။ ဒါပေမယ့်လည်း အဆိုပါ ၃ ပွဲစလုံး အာဆင်နယ် အသင်း ရှုံးပွဲကြုံတွေ့ ခဲ့တာကြောင့် နောက်ပိုင်း ပွဲစဉ်တွေမှာ အာတေတာ ဟာ ရမ်စ်ဒေးလ် ကို ကစားခွင့် ပေးခဲ့ပါတယ် ။

ရမ်စ်ဒေးလ် ပွဲထွက် ကစားတဲ့ အချိန်မှာ အာဆင်နယ် အသင်းဟာ ရလဒ်တွေ ပြန်ကောင်းလာခဲ့တာကြောင့် လီနို တစ်ယောက် ပွဲထွက် ဂိုးသမား နေရာကနေ ဖယ်ပေးလိုက်ရပါတယ် ။

လီနို ဟာ GOAL ​and SPOX နဲ့ အင်တာဗျူးမှာ ပွဲထွက် ဂိုးသမားနေရာ ဆုံးရှုံးလိုက်ရတဲ့ အပေါ် ဘယ်လို ခံစားရသလဲဆိုတာ ပြောကြား သွားခဲ့ပါတယ် ။

” ကျွန်တော့်ရဲ့တိုးတက်မှုကို နှောင့်နှေး သွားစေတဲ့ အခိုက်အတန့် ၊ ခါးသီးတဲ့ အခိုက်အတန့် တစ်ခု ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် ဒါက အားကစားပါ ၊ ခင်ဗျားအနေနဲ့ လက်ခံရမှာပါပဲ ၊ လွယ်တော့ မလွယ်ခဲ့ဘူးပေါ့ဗျာ ၊ ကိုယ့်အတွက် စိတ်မကောင်း ဖြစ်နေမယ့် အစား ပွဲထွက်ခွင့် အတွက် ပြန်လည် တိုက်ပွဲဝင်ဖို့ ချက်ချင်း ဆုံးဖြတ် ခဲ့ပါတယ် ။ ”

” ကျွန်တော် အသုံးချခံ ဖြစ်ခဲ့တယ်လို့တော့ မပြောချင်ပါဘူး ၊ ဒါပေမယ့် ရလဒ်တွေ မကောင်းတဲ့ အခါမျိုး အဖြစ်အပျက်တွေက မြန်ဆန်လွန်းတဲ့ အခါမျိုး ရှိတတ်ပါတယ် ၊ အဲ့ဒီ အခါမှာ နည်းပြ က ရလဒ်တွေကောင်းလာအောင် အပြောင်းအလဲတွေ လုပ်ရတာပါပဲ ၊ ကျွန်တော့်အတွက်တော့ ခါးသီးပါတယ် ၊ အဲ့မတိုင်ခင်တုန်းက ကျွန်တော့်အတွက် ကောင်းကောင်း အဆင်ပြေနေခဲ့တာဆိုတော့လေ ။ ”

” ကျွန်တော့် ကစားသမား ဘဝမှာ ဒီလို အတွေ့အကြုံမျိုး တစ်ခါမှ မရှိခဲ့ဖူးပါဘူး ၊ ကျွန်တော့်ရည်မှန်းချက် က ကစားခွင့် ရဖို့ပါ ၊ ကျွန်တော် ဘာလုပ်နိုင်သလဲ ကျွန်တော် သိပါတယ် ၊ ကျွန်တော်က အသက် ၂၀ အရွယ် မဟုတ်တော့ပေမယ့် အချိန် ရှိပါသေးတယ် ။ ”

” အာတေတာ က ရလဒ်တွေ မကောင်းချိန်မှာ ကစားသမားသစ်တွေ ခေါ်ချင်ကြောင်း ပြောခဲ့ပါတယ် ။ ဒါ့အပြင် ရလဒ်တွေ ကောင်းနေချိန်မှာလည်း စုစည်းမှု အားကောင်းနေတဲ့ အသင်းကို အပြောင်းအလဲ မလုပ်ချင်တာ သဘာဝ ကျပါတယ် ။ ပွဲထွက်ကစားခွင့်မရတာဟာ ကျွန်တော့် စွမ်းဆောင်ရည် နဲ့ မဆိုင်ကြောင်း ပြောတော့ အစက လက်ခံဖို့ ခက်ခဲ ခဲ့ပါတယ် ။ ”

” ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ ကျွန်တော် ကောင်းကောင်း ကစားနိုင်ခဲ့သလို ဒဏ်ရာ ရတာလည်း သိပ်မရှိခဲ့ပါဘူး ။ ဒါကြောင့် ကစားခွင့်မရတဲ့ရိုက်ခတ်မှု က အတော်ကြီးမားပါတယ် ၊ ဒါပေမယ့် ကျွန်တော့် ရှေ့မှာ ပြောခဲ့သလိုပါပဲ ၊ ကိုယ့်အကြောင်းကိုယ်တွေးပြီး စိတ်မကောင်း ဖြစ်နေစရာ အကြောင်းတော့ မရှိပါဘူး ။ ရှေ့ရေးကိုကြည့်ပီး ဆက်လက် ကြိုးစားရမယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစား ခဲ့ပါတယ် ။ ”

လီနို ဟာ ၂၀၂၃ ခုနှစ်မှာ အာဆင်နယ် အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး သူ့ရဲ့အနာဂတ် နဲ့ ပတ်သက်ပြီး ” ဒါပေါ့ဗျာ ၊ ချဉ်းကပ် ကမ်းလှမ်းမှုတွေကတော့ ရှိတာပေါ့ ၊ ဒါပေမယ့် ဒီမှာ ကစားရဖို့က ကျွန်တော့်ရဲ့ပထမ ဦးစားပေး ရည်မှန်းချက်ပါပဲ ။ ”

” အသင်းမှာ တခြား အစီအစဉ်သာ ရှိရင် ကျွန်တော့်ကို ချဉ်းကပ်ပါလိမ့်မယ် ၊ ကျွန်တော်ရော ကျွန်တော့် အေဂျင်စီရော အခြေအနေတွေကို မျက်စိဒေါင့်ထောက် ကြည့်နေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM