မာဆေးဆိုက်ဒါဘီ နိုင်ပွဲအပြီးမှာ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်ရဲ့ အချိန်ဖြုန်းတီးတဲ့ ဗျူဟာ အပေါ် တုန့်ပြန်လိုက်တဲ့ ယာဂန်ကလော့

မနေ့ညက အဲဗာတန်ကို အန်ဖီးမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ယာဂန်ကလော့က လီဗာပူး ကစားသမားတွေဟာ ဂျော်ဒန်ပစ်ဖို့ဒ်ရဲ့ အချိန်ဖြုန်းကစားတဲ့ နည်းဗျူဟာကို မျှော်လင့်ထားပြီး ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ကလော့ရဲ့ အသင်းဟာ ပထမပိုင်းမှာ အဲဗာတန် အသင်းရဲ့ မာကျောတဲ့ ခံစစ်ကစားဟန် နဲ့ အချိန်ဖြုန်းကစားမှုတွေကြောင့် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပြီး ဂိုးပေါက်တောင် တစ်ကြိမ်မှ မတည့်ကာ ရုန်းကန်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နေတဲ့ လီဗာပူးဟာ ဒုတိယပိုင်းမှာတော့ ကစားပုံ ကောင်းလာခဲ့ပြီး မှန်ကန်တဲ့ လူစားလဲမှုတွေနဲ့ အတူ ရောဘတ်ဆန် အိုရီဂီ တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ယူကာ ဇယားထိပ်မှာ ရပ်တည်နေတဲ့ မန်စီးတီးနဲ့ တစ်မှတ်အကွာကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ ပစ်ဖို့ဒ်ဟာ ဘောလုံးကို ဆွဲဖမ်းပြီးနောက် မြက်ခင်းပေါ်ကို ဖြေးညှင်းစွာ လှဲချကာ ပြုံးဖြဲဖြဲ လုပ်ခဲ့ပြီး လီဗာပူး ပရိတ်သတ်တွေကို စိတ်ဆွခဲ့ပါတယ်။

ကလော့က လီဗာပူး ကစားသမားတွေဟာ ပထမပိုင်း ၄၅ မိနစ်မှာ အဲဗာတန်ရဲ့ ဗျူဟာတွေကို ဖြေရှင်းနိုင်ရန် ရုန်းကန်ခဲ့ရတယ်လို့ ၀န်ခံသွား ခဲ့ပါတယ်။

ကလော့က “ကျေးဇူးတင်ဖို့ ကောင်းတာကတော့ ဘောလုံးပွဲဟာ ၂ ပိုင်း ရှိနေတာကြောင့်ပါ။ ကျွန်တော်တို့ ပထမပိုင်းမှာ ကစားပုံ သိပ်မကောင်းခဲ့ပါဘူး။ သူတို့ဟာ ကျစ်လျစ်တဲ့ ကစားကွက်နဲ့ အတူ ကျွန်တော်တို့ကို သက်တောင့်သက်သာ မဖြစ်အောင် လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကလည်း သူတို့ရဲ့ ခံစစ်ကို ကျော်လွှားနိုင်မှု မရှိခဲ့ပါဘူး။ ကျွန်တော်တို့ လုံလောက်တဲ့ ရွေ့လျားမှုတွေ မလုပ်ခဲ့ပါဘူး။

ကျွန်တော်တို့ လုံလောက်တဲ့ လျှင်မြန်မှု မရှိခဲ့တဲ့ အပြင် သူတို့ ကစားသမား ၉ ဦးလောက် ရှိနေတဲ့ ဧရိယာတွေထဲကို ဘောလုံးတွေ ပေးခဲ့တာကြောင့် ဘောလုံးပျက်ကာ တန်ပြန်တိုက်စစ်တွေ ပြန်ဆင်ခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ရဲ့ တိုက်စစ်ဆင်မှု ပိုမို တိုက်ရိုက်ကျလာခဲ့ပြီး သူတို့ကို ပြသနာတွေ များစွာ ပေးနိုင်ခဲ့ပါတယ်။ ရခဲ့တဲ့ ဂိုးတွေဟာ တကယ့်ကို ကောင်းလှပါတယ်။

 

ဒါဟာ ကစားရ ခက်ခဲတဲ့ပွဲမှာ ပစ်ဖို့ဒ် ဆီကို ဘောလုံး ရောက်သွားခဲ့တဲ့ အခါတိုင်း သူဟာ အချိန် ၅ မိနစ်လောက် ဆွဲကစားနေခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ရစ်သမ်မရ ဖြစ်နေခဲ့ပြီး low block တွေကို ဖြိုခွင်းတဲ့ အခါမှာ ဒါဟာ အရေးကြီးတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပွဲမစမီကတည်းက သူတို့ ဒီလို လုပ်သွားမယ်လို့ မျှော်လင့်ထားပြီးသားပါ။ ကျွန်တော်တို့ ဘက်က ဒီထက်ပိုကောင်းအောင် ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သင့်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေက ကျွန်တော်တို့ ရရှိခဲ့တဲ့ နိုင်ပွဲ ပမာဏဟာ တကယ့်ကို မယုံနိုင်စရာပါ။ ဒီအတွက် အလုပ်ကြိုးစားရပါတယ်။ ကောင်လေးတွေဟာ ဒီနေ့မှာ ဒါကို ထပ်လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော် တကယ် ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ ခေါင်းအေးအေး နဲ့ တည်ငြိမ်ငြိမ် ရှိနေအောင် လုပ်ခဲ့ရပါတယ်။ လူအပြောင်းအလဲတွေ ကလည်း အကူအညီ ဖြစ်ခဲ့ပါတယ်။ လန်းဆန်းနေတဲ့ ကစားသမားတွေ နဲ့ ပြောင်းလဲလိုက်တဲ့ ကစားကွက်ဟာ ပြိုင်ဘက်ကို ကစားရ ခက်ခဲစေခဲ့ပါတယ်။ ကျွန်တော်တို့ ၂-၀ နဲ့ နိုင်ခဲ့ပါတယ်။ ဒါဟာ လုံး၀ကို အိုကေပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဂျော်ဒန်ပစ်ဖို့ဒ် အနေနဲ့ ကတော့ သူ လုပ်ခဲ့တဲ့ အရာတွေ အတွက် ပွဲမပြီးခင်မှာပဲ ပြန်လည် ၀ဋ်လည်သွားခဲ့ပြီး လီဗာပူး တို့ ၂-၀ နဲ့ ဦးဆောင်နေချိန် ပွဲပြီးခါနီးမှာ ဂိုးသမား အလီဆွန်ဟာ ၎င်းရဲ့ ပုံစံအတိုင်း တစ်ထပ်တည်း လုပ်ပြခဲ့ကာ အန်ဖီး ပရိတ်သတ်တွေကို အားရကျေနပ်စေခဲ့ပါတယ်။

SM