မန်ဒီနဲ့ အလီဆွန် တို့ကို လျစ်လျူရှုကာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား အမည်ကို ပြောသွားခဲ့တဲ့ ယန်းလေမန်း

အာဆင်နယ် ဂိုးသမားဟောင်း ဖြစ်သူ ယန်းလေမန်း နဲ့ ဒေးဗစ်ဆီးမန်း တို့ဟာ ချဲလ်ဆီး ဂိုးသမား အဒူရာမန်ဒီ နဲ့ လီဗာပူး ဂိုးသမား အလီဆွန်ဘက်ကာ တို့ကို လျစ်လျူရှုကာ ဘိုင်ယန်မြူးနစ် ဂိုးသမား မန်နူရယ်နူအာကို ကမ္ဘာ့အကောင်းဆုံး ဂိုးသမား အဖြစ် ရွေးချယ် သွားခဲ့ကြပါတယ်။ Seaman Say podcast အစီအစဉ်မှာ အာဆင်နယ် ဂိုးသမားဟောင်း ၂ ဦးဟာ လာမည့် ကာတာ ကမ္ဘာ့ဖလားမှာ ဂျာမနီရဲ့ ဗိုလ်စွဲနိုင်ခြေကို သုံးသပ်ရင်းနဲ့ အသက် ၃၆ နှစ်အရွယ် နူအာဟာ ဂျာမနီရဲ့ နံပါတ် ၁ ဖြစ်နေဆဲလား ဆိုတာ ဆွေးနွေးခဲ့ကြပါတယ်။

လေမန်း နဲ့ ဆီမန်း တို့ ၂ ဦးစလုံးက ဘိုင်ယန်မြူးနစ် ဂိုးသမားဟာ ဂျာမန်ရဲ့ အကောင်းဆုံး ဂိုးသမား ဖြစ်နေရုံသာမကဘဲ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားလည်း ဖြစ်တယ်လို့ သဘောတူညီခဲ့ကြပါတယ်။

လေမန်းက “ကျွန်တော် ကတော့ သူဟာ ဂျာမနီရဲ့ နံပါတ် ၁ နဲ့ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား အဖြစ် ရှိနေဆဲလို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းဟာ အကောင်းဆုံး အနေအထားမှာ ရှိနေဆဲ ဖြစ်တဲ့အပြင် သူ့ရဲ့ စိတ်ဓာတ်စွမ်းရည် ကလည်း ဒီအတိုင်း ပါပဲ။ ဂျာမနီမှာ ဖရန့်ဖတ်က ကယ်ဗင်ထရပ် နဲ့ ဘာစီလိုနာက တာစတီဂန် တို့လည်း ရှိနေပါတယ်။ ကျွန်တော်ကတော့ သူတို့ ၂ ဦးဟာ ဒီထက် ပိုပြီး နံပါတ် ၁ နေရာကို ယှဉ်ပြိုင်သွားနိုင်ဖို့ မျှော်လင့်မိပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ မန်နူရယ်ကို အနည်းငယ် ပိုပြီးတော့တောင် တိုးတက်စေမှာ ဖြစ်လို့ပါ။

ဒီလို အသင်းကြီးမှာ standard က ရှိနေရမှာပါ။ ဘာလို့လဲဆိုတော့ နူအာ မတိုင်မီ ဂိုးသမားတွေဟာ သူ့ကို ဘာကိုမှ အာမခံချက် မပေးခဲ့လို့ ဖြစ်ပါတယ်။ ခင်ဗျားတို့ သိကြတဲ့ အတိုင်းပါပဲ။ တစ်ပွဲလောက် ဆိုးဆိုးရွားရွား ဖြစ်လိုက်တာနဲ့ ခင်ဗျား အနေနဲ့ မေးခွန်းထုတ်ခံရမှာ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၁၀ စုနှစ် အတွင်းမှာ နူအာ့ကို ကမ္ဘာ့ အကောင်းဆုံး ဂိုးသမားတွေ ထဲက တစ်ဦး အဖြစ် သတ်မှတ်ထားခဲ့ပြီး ဂျာမနီ နံပါတ် ၁ ဟာ ဘိုင်ယန်မြူးနစ် နဲ့ ဂျာမနီ တို့မှာ ဘွန်ဒက်လီဂါဖလား ၉ ကြိမ် ၊ ချန်ပီယံလိဂ် ၂ ကြိမ် နဲ့ ၂၀၁၄ မှာ ကမ္ဘာ့ဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နူအာဟာ လွန်ခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားက အမှားအယွင်းတွေ များခဲ့တာကြောင့် ၎င်းရဲ့ အကောင်းဆုံး ဆိုတဲ့ ဂုဏ်ပုဒ်ဟာ မေးခွန်းထုတ်မှုတွေ ခံခဲ့ရပြီး ဒီကြားထဲမှာ အလီဆွန် ၊ မန်ဒီ ၊ အီဒါဆင် နဲ့ ဒွန်နာရွမ်းမား တို့ရဲ့ တိုးတက်လာမှုတွေကြောင့်လည်း ပါ၀င်နေပါတယ်။

ဒါပေမယ့်လည်း ဒေးဗစ်ဆီးမန်းက “လူတွေက ဒီအချိန်မှာ ဘယ်သူက ကမ္ဘာ့အကောင်းဆုံး ဂိုးသမားလဲ ဆိုတာကို ကျွန်တော့်ကို မေးနေကြပါတယ်။ ကျွန်တော်ကတော့ မန်နူရယ်နူအာ လို့ပဲ ပြောနေအုံးမှာပါ။ နူအာဟာ ကာလရှည် ဒီလို စွမ်းဆောင်ရည်ကို ပြသထားခဲ့တာ ဖြစ်ပြီး သူဟာ အရာအားလုံးကို ဆွတ်ခူးထားခဲ့ပါတယ်။ သူ့ရဲ့ standard က အမြင့်ဆုံးမှာ ရှိနေဆဲပါပဲ။” လို့ ဆိုခဲ့ပါတယ်။

SM