မန်စီးတီး vs လီဗာပူး ပွဲစဉ်ကို ‘ဘောက်ဆင်းပွဲ’ နဲ့ ခိုင်းနှိုင်းသွားခဲ့တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က မနေ့ညက မန်ချက်စတာစီးတီးနဲ့ လီဗာပူး တို့ရဲ့ စိတ်လှုပ်ရှားဖွယ် ၂ ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်ကို ဘောက်ဆင်းပွဲ နဲ့ ခိုင်းနှိုင်းသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ဇယားထိပ်မှာ ဦးဆောင်နေတဲ့ အသင်း ၂ သင်း တွေ့ဆုံနေတဲ့ ပွဲစဉ်မှာ အနိုင်အရှုံး အဖြေ မပေါ်ခဲ့ကာ အမှတ်ပေးချန်ပီယံဆု အတွက် လက်ကျန် ၇ ပွဲမှာ အဆုံးအဖြတ် ခံယူသွားရမှာ ဖြစ်ပါတယ်။

လီဗာပူးဟာ ဒီပွဲစဉ်မှာ မန်စီးတီးရဲ့ ဦးဆောင်မှုတွေကို ၂ ကြိမ်တိုင်တိုင် ချေဖျက်ခဲ့ရတာ ဖြစ်ပြီး ကလော့က သူ့ရဲ့ လီဗာပူး အသင်း အနေနဲ့ ဒီရလဒ်ကို လက်ခံ သွားရမှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒီဘရိုင်းနားဟာ ပွဲချိန် ၅ မိနစ်မှာပဲ မန်စီးတီး အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။

အဲဒီနောက် ဂျိုတာဟာ နောက်ထပ် ရှစ်မိနစ် အကြာမှာ ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဂျီဆုက ပထမပိုင်း မပြီးခင် ဂိုးသွင်းခဲ့တာကြောင့် စီးတီးတို့ ၂-၁ နဲ့ ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲပါတယ်။

 

မာနေးဟာ ဒုတိယပိုင်းအစမှာပဲ လီဗာပူး အတွက် ချေပဂိုး ပြန်လည် သွင်းယူခဲ့ကာ လက်ကျန်ပွဲချိန်တွေမှာ စတားလင်းရဲ့ ဂိုးဟာ လူကျွံဘော ဖြစ်ခဲ့သလို မာရက်ဇ်ရဲ့ ကန်ချက်ကိုလည်း လီဗာပူး နောက်ခံလူတွေ အကောင်းဆုံး တားဆီးခဲ့တာကြောင့် ၂-၂ နဲ့ ပွဲပြီးခဲ့ပါတယ်။

ဒီပွဲအပြီးမှာ ကလော့က “တကယ့်ကို ကောင်းလှတဲ့ပွဲပါ။ ရူးသွပ်စရာပါပဲ။ စီးတီးတို့ ပွဲအစ ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ခင်ဗျားအနေနဲ့ ဒီပွဲစဉ်ကို ဘောက်ဆင်းပွဲလိုမျိုး ဖော်ပြသွားရမှာ ဖြစ်ပါတယ်။ လက်နှစ်ဘက်စလုံး ခဏလောက် အောက်ကျသွားခဲ့တာနဲ့ ခင်ဗျား အနေနဲ့ ပြင်းထန်တဲ့ ထိုးချက်ကို ခံရတာပါပဲ။

အနည်းငယ်လောက် shake လုပ်နိုင်ပေမယ့် အဲဒီနောက် နောက်ထပ် ထိုးချက်က အခြားအသင်းကနေ လာတော့တာပါပဲ။ ကျွန်တော် အရာတော်တော်များများကို နှစ်သက်ပါတယ်။ ကျွန်တော်တို့ ရိုးရှင်းတဲ့ pass တွေ လုပ်တဲ့အခါ ကျွန်တော်တို့ဟာ တအားကို အန္တရာယ် ရှိခဲ့ပါတယ်။ ဒီလိုပုံစံတွေကနေ ကျွန်တော်တို့ ဂိုးတွေ ရခဲ့တာပါ။ ဒါဟာ အရမ်းကောင်းတဲ့ ပွဲဖြစ်သလို အရမ်းကောင်းတဲ့ ရလဒ်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီရလဒ်ကို လက်ခံသွားရမှာပါ။

ကျွန်တော်တို့ နောက်ကနေ လိုက်နေမှုကို ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ဒါကတော့ ရှင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နောက်ထပ် ပရီးမီးယားလိဂ် ပွဲကို မကန်ရသေးချိန်မှာ အခြား ပြိုင်ပွဲ ၂ ခုကို ကစားသွားရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဘယ်သူ ပိုကောင်းတဲ့ အဆုံးသတ်ကို ရသွားမလဲ ဆိုတာ ကြည့်ရတာပေါ့။” လို့ ဆိုခဲ့ပါတယ်။

အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့ အတွက် လီဗာပူး နဲ့ စီးတီးတို့ အနေနဲ့ လက်ကျန် ၇ ပွဲလုံး အနိုင်ရဖို့ လိုအပ်တယ်လို့ ထင်သလား ဆိုတဲ့ မေးခွန်းကို ကလော့က “ဒါဟာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီပွဲအပြီးမှာ ဘာမှ အပြောင်းအလဲ မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက ကျွန်တော်တို့ ဒီဖလားကို ရချင်တယ်ဆိုရင် လက်ကျန် ၁၈ ပွဲလုံးကို အနိုင်ရဖို့ လိုအပ်တယ်လို့ ယူဆခဲ့ပါတယ်။ အကယ်၍ သရေတစ်ပွဲ ကျလို့ ရတယ်ဆိုရင် ဒါဟာ ဒီနေ့ပါပဲ။ အခု သရေကျခဲ့တာကြောင့် ဘာဖြစ်လာမလဲ ကြည့်ရတာပေါ့။ ကျွန်တော်တို့မှာ အခု အရေးကြီး ၂ ပွဲ ရှိနေပါတယ်။ ကြားရက်မှာကစားရမယ့် ဘင်ဖီကာနဲ့ပွဲ နဲ့ စနေနေ့ စီးတီးနဲ့ အက်ဖ်အေဖလား ပွဲစဉ်ပါ။

အဲဒီနောက် ဒါဟာ တကယ်စပါပြီ။ ကျွန်တော်တို့ အနေနဲ့ ဒါဘီပွဲတွေ အတွက် အသင့် ဖြစ်နေအောင် လုပ်သွားရပါမယ်။ ကျွန်တော့် ကောင်လေးတွေဟာ အရမ်းကိုကောင်းတဲ့ အသင်းနဲ့ နီးကပ်လာခဲ့ပြီ ဆိုတာကို အကောင်းဆုံး ပြသသွားခဲ့ပါတယ်။ ကျွန်တော် ပြောခဲ့ဖူးသလိုပဲ ဘ၀မှာ ကံကောင်းမှု မရှိဘူးဆိုရင် ကိုယ့်အနေနဲ့ ဒုက္ခများမှာပါ။ ဒီနေ့မှာ လွန်ခဲ့တဲ့ ၃ နှစ်က စီးတီးရဲ့ ကံကောင်းမှုမျိုးတွေကို ကျွန်တော်တို့ ရခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ လက်ကျန် ၇ ပွဲစလုံးကို အနို်င်ရဖို့ အတွက် ပြီးပြည့်စုံလုနီးပါး ဖြစ်နေရပါမယ်။” လို့ ဆိုသွားပါတယ်။

မန်စီးတီးနဲ့ လီဗာပူး တို့ဟာ လာမည့် စနေနေ့ ၀င်ဘာလေမှာ ကစားသွားရမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာလည်း ထပ်ပြီး တွေ့ဆုံကြအုံးမှာ ဖြစ်ပါတယ်။

SM