မန်စီးတီး vs လီဗာပူး နဲ့ မန်ယူနိုက်တက် vs အာဆင်နယ် တို့ကြားက ပြိုင်ဆိုင်မှု ကွာခြားပုံကို ပြောပြသွားခဲ့တဲ့ မာတင်ကီအွန်

မာတင်ကီအွန်က မန်ချက်စတာယူနိုက်တက် နဲ့ အာဆင်နယ် တို့ အအောင်မြင်ဆုံး အချိန်က ပြိုင်ဆိုင်မှု နဲ့ လက်ရှိ မန်ချက်စတာစီးတီး နဲ့ လီဗာပူး တို့ရဲ့ ပြိုင်ဆိုင်မှုဟာ တအားကို ကွာခြားလွန်းတယ်လို့ ဆိုလိုက်ပြီး ပက်ဂွာဒီယိုလာရဲ့ အသင်း နဲ့ ယာဂန်ကလော့ အသင်း တို့ရဲ့ကြားမှာ ကြီးမားတဲ့ လေးစားမှုတွေ ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။

စီးတီးနဲ့ လီဗာပူး တို့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အီတီဟတ်မှာ ပရိတ်သတ်တွေကို အကောင်းဆုံး ကစားပုံတွေနဲ့ ဖျော်ဖြေကာ ၂ ဂိုးစီ သရေကျခဲ့ပြီး လက်ကျန် ပရီးမီးယားလိဂ် ၇ ပွဲ အလိုမှာ ဒီနှစ်သင်းကြား ရမှတ်ကွာဟမှု ၁ မှတ်ကို ဆက်ထိန်းထားခဲ့ပါတယ်။ ဂွာဒီယိုလာရဲ့ အသင်းဟာ ဇယားထိပ်မှာ ၁ မှတ်အသာနဲ့ ရပ်တည်နေဆဲ ဖြစ်ပေမယ့်လည်း ယာဂန်ကလော့ ကတော့ မန်စီးတီးတို့ တစ်ပွဲ ခြေချော်သွားတာနဲ့ အခွင့်အရေးကို အပြည့်အ၀ အသုံးချသွားဖို့ စောင့်ဆိုင်းနေပါတယ်။

အီတီဟတ်မှာ ပရိတ်သတ်တွေဟာ အရမ်းကို ကောင်းလှတဲ့ ပွဲစဉ်တစ်ပွဲကို မြင်တွေ့ခဲ့ရပြီး နှစ်သင်းစလုံးဟာ ပြင်းထန်တဲ့ pressing တွေ challenge တွေ အပြင် ကောင်းမွန်တဲ့ စိတ်ဓာတ်တွေနဲ့ ကစားသွားခဲ့ပေမယ့် ပွဲအပြီးမှာ မန်နေဂျာ နှစ်ဦးသာမက နှစ်ဘက်အသင်းသားတွေကပါ အချင်းချင်း လေးစားမှုတွေ ပြသခဲ့ပါတယ်။

 

ပွဲချိန်အတွင်းမှာပဲ ကယ်ဗင်ဒီဘရိုင်းနားဟာ ဗန်ဒိုက်ရဲ့ tactical foul ပြုလုပ်ခြင်းကို ခံခဲ့ရပေမယ့်လည်း နယ်သာလန် ကစားသမားနဲ့ လက်ဆွဲခဲ့တာကို တွေ့ခဲ့ရပြီး လွန်ခဲ့တဲ့ နှစ် ၂၀ က အာဆင်နယ် နဲ့ မန်ချက်စတာယူနိုက်တက် တို့ ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ ပွဲစဉ်တွေကလိုမျိုး မုန်းတီးမှုတွေ မရှိတာကို မြင်ခဲ့ရပါတယ်။

အာဆင်နယ် နောက်ခံလူဟောင်း မာတင်ကီအွန်က “ကျွန်တော်တို့တုန်းကနဲ့ တူညီတဲ့ အရာတွေ အများကြီး ရှိပေမယ့် သိသာတဲ့ ခြားနားချက် ကတော့ ပက်ဂွာဒီယိုလာ နဲ့ ယာဂန်ကလော့ တို့ကြားမှာ တစ်ဦးနဲ့ တစ်ဦး စပယ်ရှယ် လေးစားမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့တုန်းက ပြိုင်ဆိုင်မှုကတော့ လက်ရှိ မန်စီးတီးနဲ့ လီဗာပူး တို့လိုမျိုး သိပ်ပြီးတော့ မကောင်းလှပါဘူး။ ဒုတိယပိုင်းမှာ ဗန်ဒိုက်ဟာ ဒီဘရိုင်းနားရဲ့ တန်ပြန်တိုက်စစ်ဆင်လာမှုကို ပြစ်ဒဏ်ဘော ကျူးလွန်ကာ ရပ်တန့်ခဲ့တာကို ခင်ဗျားတို့ မြင်ခဲ့ရမှာပါ။ ဒီဘရိုင်းနားဟာ ထလာကာ ဗန်ဒိုက်နဲ့ လက်ချင်းပုတ်ခဲ့ပြီး ဒါဟာ ‘Fair play..မင်းနေရာမှာ ငါဆိုရင်လည်း ဒီလိုလုပ်သွားမှာပဲ’ ဆိုတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

ဒီနှစ်သင်းရဲ့ ကစားသမားတွေကြားက လေးစားမှုဟာ မန်နေဂျာတွေဆီကနေ ဆင်းသက်လာခဲ့တာပါ။ သူတို့ဟာ စံပြပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။ အကယ်၍ ဂွာဒီယိုလာ နဲ့ ကလော့ တို့ တစ်ဦးနဲ့တစ်ဦး မုန်းတီးနေကြပေမယ့် ဆိုရင် ဒါဟာ ကွင်းထဲက ကစားသမားတွေ ဆီကို ပျံ့နှံ့သွားမှာပါ။ အာဆင်၀င်းဂါး နဲ့ ဆာအဲလက်စ်ဖာဂူဆန် တို့ကတော့ ဒီလိုမျိုးတွေ ဖြစ်ခဲ့ကြပါတယ်။ အထူးသဖြင့် အစောပိုင်းနှစ်တွေမှာပါ။ ဒါပေမယ့် ဂွာဒီယိုလာ နဲ့ ကလော့ တို့ဆီက ကျွန်တော် ဒါမျိုးကို မမြင်ရပါဘူး။

အာဆင်နုယ် နဲ့ မန်ယူနိုက်တက်တို့ ကြားက ပြိုင်ဆိုင်မှုကတော့ ကျွန်တော်တို့ သူတို့ကို မကြိုက်သလို သူတို့ကလည်း ကျွန်တော်တို့ကို မကြိုက်ပါဘူး။ ကျွန်တော်တို့ဟာ ယူနိုက်တက်တို့ ပရီးမီးယားလိဂ်မှာ အောင်မြင်နေမှုကို ဖျက်ဆီးပစ်ချင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီလိုမျိုး လုပ်ခဲ့ပါတယ်။ ဒါကို သူတို့က မနှစ်သက်ခဲ့ပါဘူး။ ဒါပေမယ့် စီးတီးနဲ့ လီဗာပူး တို့ကတော့ အတူတူ ကြီးထွားလာခဲ့ကြပါတယ်။” လို့ ဆိုလိုက်ပါတယ်။

လက်ကျန် ၇ ပွဲအလိုမှာ title race ဟာ မန်စီးတီးရဲ့ လက်ထဲမှာ ရှိနေဆဲ ဖြစ်ပြီး လီဗာပူးထက်လည်း ပွဲပိုချောင်နေပါတယ်။ ဒီနှစ်သင်းဟာ လာမည့် စနေနေ့ ၀င်ဘာလေမှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်ကို ကစားသွားရမှာ ဖြစ်ပါတယ်။

SM