မန်စီးတီး vs လီဗာပူး က အင်္ဂလိပ် ဘောလုံး လောက ရဲ့ အကြီးကျယ်ဆုံး ပြိုင်ဆိုင်မှုမျိုးပါ #ကာရေဂါ

မန်စီးတီး vs လီဗာပူး ထိပ်တိုက်တွေ့ဆုံမှုတွေ က အင်္ဂလိပ် ဘောလုံး လောကရဲ့ ပြိုင်ဆိုင်မှု အပြင်းဆုံး ၊ အရည်သွေး အမြင့်ဆုံး နဲ့ အကြီးကျယ် ခမ်းနားဆုံး ပွဲစဉ်တွေ ဖြစ်လာနေပါပြီ။

ဒါဟာ အင်္ဂလန် ရဲ့ အကောင်းဆုံး 2 သင်းက ကမ္ဘာ့အကောင်းဆုံး အသင်းတွေ အဖြစ် သတ်မှတ်ခံထားရတဲ့ အချိန်မျိုးဖြစ်သလို ၊ လက်ရှိ မျိုးဆက်ရဲ့ အကောင်းဆုံး နည်းပြ နှစ်ဦး ဦးဆောင်ထားတဲ့ ကာလမျိုးလဲ ဖြစ်ပါတယ်။

ကျနော် က ဒီလို ပြောလို့ အာဆင်နယ် ဖန် ၊ ယူနိုက်တက် ဖန် နဲ့ ချဲဆီး ဖန်တွေ က ပြန်ပြီး စောဒက ဝိုင်းတက်ကြမှာ ကြိုတင် ခန့်မှန်းမိပါတယ်။

ဒီအနေအထားမှာ ထိပ်တိုက် နှိုင်းယှဉ်ပြစရာ အကြောင်းအရင်းတွေ အများကြီး ပေါ်လာပါတယ်။ အများစု က ဆာ အဲလက် ဖာဂူဆန် နဲ့ အာဆင်ဝင်းဂါး တို့ရဲ့ အမြင့်ဆုံး ကာလတွေ ကလဲ ရင်ခုန် စိတ်လှုပ်ရှားစရာတွေ အများကြီး ပေးခဲ့တယ်လို့ အခိုင်အမာ ဆွဲကိုင်လာမှာ ဖြစ်ပါတယ်။

ကျနော့် အတွက်တော့ အဲဒီလိုမျိုး ယှဉ်ပြောလာရင် ဥရောပ ဖလား ပြိုင်ပွဲတွေ နဲ့ တွဲပြီး ပြန်လည်ချေပရမှာပါ။ ယူနိုက်တက် က ဖလား 3 လုံး ဆွတ်ခူးခဲ့တဲ့ 1999 အသင်းကို အနီးကပ်ဆုံး ဖိအားပေး စိန်ခေါ်ပြခဲ့တာ အာဆင်နယ် ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ နှစ်သင်းဟာ ချန်ပီယံလိဂ် မှာတော့ ဘယ်တော့မှာ ပြိုင်ဘက်တွေ မဖြစ်ခဲ့ပါဘူး။ 2009 ဆီးမီး ဖိုင်နယ် က လွဲရင် အာဆင်နယ် ဟာ ဥရောပ စစ်မျက်နှာမှာ ယူနိုက်တက် အတွက် ပြိုင်ဘက်ကောင်း မဟုတ်ခဲ့ပါဘူး။

ပရီးမီးယားလိဂ် ရဲ့ ပါဝါ အမြင့်ဆုံး အချိန်မျိုးမှာတောင် ၊ အသင်း တစ်သင်းက အမှတ်ပေးချန်ပီယံ ဖလား နဲ့ လွဲချော်သွားပြီ ဆိုတာ နဲ့ ယူနိုက်တက် နဲ့ အာဆင်နယ် တို့ ထဲက တစ်သင်းသင်း က ချန်ပီယံလိဂ် မှာ အောင်ပွဲ ခံနိုင်တဲ့ အခြေအနေမျိုး ရှိခဲ့ရဲ့လား? ရီးရဲ မက်ဒရစ် ၊ ယူဗင်တပ် ၊ အေစီ မီလန် တို့ထက် ပိုပြီး သာလွန်တယ်လို့ ပြောလို့ ရခဲ့ရဲ့လား? No…ပါပဲ။ ဒါကြောင့် ယူနိုက်တက် vs အာဆင်နယ် ပြိုင်ဆိုင်မှု က ပြည်တွင်းမှာပဲ ရှိခဲ့ ပါတယ်။

ထိုနည်းတူစွာ ယူနိုက်တက် နဲ့ ချဲဆီး တို့ဟာ 2008 ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့စဉ် အချိန်က ချဲဆီးဟာ မော်ရင်ဟို ကိုင်တွယ်တာ မဟုတ်ပဲ ၊ အဗရာ ဂရန့် ကိုင်တွယ်တာ ဖြစ်ပါတယ်။ အဲဒီ အချိန်က သူတို့ နှစ်သင်းဟာလဲ ထိပ်တန်း အသင်းကြီးတွေ ဖြစ်ခဲ့တာ မှန်ပါတယ်။ ချဲဆီး ဟာ ပြည်တွင်းမှာလဲ 2 မှတ် အကွာလေး နဲ့ လက်လျှော့လိုက်ရတာပါ။ ဒါပေမယ့် ကွင်းဘေး က ပြိုင်ဆိုင်မှုတွေ မှာတော့ ဖာဂူဆန် vs မော်ရင်ဟို မဟုတ်တော့ပါဘူး။

သမိုင်းကြောင်းကို ပြန်ပြီး လှန်ကြည့်မယ် ဆိုရင် လက်ရှိ မန်စီးတီး vs လီဗာပူး ပြိုင်ဆိုင်မှု နဲ့ အနီးစပ်ဆုံး ဖြစ်ခဲ့တာ က 1970s နှစ်များဆီ က လီဗာပူး vs နော့တင်ဟမ် ဖောရက် တို့ရဲ့ ပြိုင်ဆိုင်မှု ဖြစ်ပါတယ်။ သူတို့ဟာ အဲဒီ အချိန်က အင်္ဂလန် ရဲ့ အကောင်းဆုံး ကလပ်တွေ ဖြစ်ခဲ့သလို ၊ ဥရောပ ရဲ့ အကောင်းဆုံး ကလပ်တွေ အဖြစ်လဲ သတ်မှတ်ခံခဲ့ရတာပါ။

1977, 1978, 1979, 1980, 1981 ဘောလုံးရာသီတွေ မှာ သူတို့ထဲက တစ်သင်းသင်း က ပြည်တွင်း အမှတ်ပေး ဖလား ချန်ပီယံ ဖြစ်ရင် ၊ အခြား အသင်းက ဥရောပမှာ ချန်ပီယံ ဖြစ်ပါတယ်။ ဒါမှ မဟုတ်ရင် တစ်သင်းထဲက နှစ်လုံး စလုံးကို တစ်ပြိုင်နက် သိမ်းပိုက်တာလဲ ရှိခဲ့ပါတယ်။ ဘော့ ပေစလေ နဲ့ ဘရိုင်ယန် ကူးလော့ချ် တို့ဟာ အဲဒီ ခေတ် အခါက အကောင်းဆုံး မန်နေဂျာကြီးတွေပါ။ သူတို့ နှစ်သင်း အကြား ကွာဟချက် က ဘာမှ မပြောပါ့လောက်ခဲ့ပါဘူး။

တစ်ချိန်တည်းမှာပဲ ယူနိုက်တက် ဖန်တွေ ကလဲ မန်စီးတီး က ချန်ပီယံလိဂ် ဖလား မရသေးတဲ့ အချက်ကို ဆွဲကိုင်ပြီး ၊ အကြောင်းပြချက်တွေ ရှိချင် ရှိဦးမှာပါ။

ဒါပေမယ့် 2022 ခုနှစ်မှာ မြင်ရတဲ့ မန်စီးတီး vs လီဗာပူး ပြိုင်ဆိုင်မှုဟာ ကြိုက်တဲ့ ပေတံ နဲ့ တိုင်းကြည့်လို့ ရပါတယ်။ သူတို့ဟာ ဒီနိုင်ငံ အတွင်း အကောင်းဆုံး အသင်းတွေ ဖြစ်တဲ့ အပြင် ၊ ဂန္တဝင် နည်းပြကြီးတွေ ရဲ့ ဦးဆောင်မှု အောက်ကို ရောက်နေတာပါ။

ပက် ဂွာဒီယိုလာ နဲ့ ကလော့ပ် တို့ နှစ်ယောက် စလုံးဟာ အတိတ်မှာ ထွက်ပေါ်ခဲ့ဖူးတဲ့ နည်ပြတွေ ထက်တောင် ပိုပြီး ထင်ရှားသွားနိုင်ပါတယ် ဘာလို့လဲ ဆိုတော့ သူတို့ဟာ ပြိုင်ပွဲ ရဲ့ စံနှုန်းသတ်မှတ်ချက်တွေကို မြှင့်တင်ပြလိုက်သလို ၊ ပရီးမီးယားလိဂ် ဖလား ရဖို့ အတွက် တော်ရုံ စွမ်းဆောင်ရည် နဲ့ လုံလောက်မှု မရှိတော့ ဘူး ဆိုတာ သက်သေပြလျှက် ရှိပါတယ်။

ဒီနှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ အကြိမ်တိုင်း ကျနော် ကတော့ ကမ္ဘာပေါ်က အကောင်းဆုံး နှစ်သင်း ကစားတဲ့ ပွဲမျိုးလို့ အမြဲတမ်း မြင်ပါတယ်။

နှစ်သင်း စလုံးဟာ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပထမ အကျော့ပွဲစဉ်တွေ မှာ ပြိုင်ဘက် အသီးသီးကို အနိုင်ယူပြထားသလို ၊ တနင်္ဂနွေနေ့ အီတီဟတ် မှာ ကစားမယ့် ပွဲစဉ် ကလဲ ပရီးမီးယားလိဂ် ချန်ပီယံ အဆုံး အဖြတ်ကို ဖော်ဆောင်ပေးသွားနိုင်ပါတယ်။ နောက်တစ်ပတ် ရောက်ရင်လဲ ဝင်ဘာလေမှာ တွေ့ကြဦးမှာပါ။

စိတ်ကူးယဉ် ဆန်ဆန် ပြောရရင် မေလ ပဲရစ်မှာ ဒီနှစ်သင်း ထပ်မတွေ့နိုင်ဘူးလို့ ကြိုပြောထားလို့ မရပါဘူး။

SM