ဘာနေဗျူးမှာ နောက်ထပ် မှော်ဝင်ညတည ဖြစ်ဖို့ ကျွန်တော်တို့ ဖန်တီးဦးမှာပါ ‘ – အန်ဆယ်လော့တီ

 

ရီးရဲလ်မက်ဒရစ် အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမ အကျော့မှာ မန်စီးတီး အသင်းကို သူတင်ကိုယ်တင် မကစားနိုင်ခဲ့ပေမယ့် ၊ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ အဆုံးသတ် သေချာမှုကို ပြသနိုင်ခဲ့တာကြောင့် ၊ ကျဉ်းမြောင်းတဲ့ ရလဒ် ၄ – ၃ နဲ့သာ အရေးနိမ့်ခဲ့ရပါတယ် ။

အိမ်ရှင်ဖက်က အဆုံးသတ် တချို့ မကောင်းခဲ့လို့ ၊ ၄ဂိုးသာ ပေးခဲ့ရတာကြောင့် ၊ ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီ အနေနဲ့ ဒုတိယအကျော့ ဘာနေဗျူးမှာ ခံစစ် ကျစ်လျစ်မှု ရှိအောင် ပြင်ဆင်ရဦးမှာ ဖြစ်ပေမယ့် ၊ တိုက်စစ် အဆုံးသတ်ပိုင်း စိတ်ပူစရာတော့ မရှိပါဘူး ။

 

မန်စီးတီး အတွက် သွင်းဂိုးတွေ အတွက် ကယ်ဗင် ဒီဘရိုင်း ၊ ဂါဘရီရယ် ဂျေဆုစ် ၊ ဖီးလ်ဖိုဒန် ၊ ဘာနာဒို ဆေးလ်ဗားတို့က တဂိုးစီ သွင်းခဲ့ပေမယ့် ၊ ရီးရဲလ်မက်ဒရစ် အတွက် ချေပဂိုးတွေကိုတော့ ကာရင် ဘန်ဇီမာ က ၂ဂိုး ၊ ဗီနီးဆီးယပ်စ် ဂျူနီယာက တဂိုး သွင်းယူပေးခဲ့ပါတယ် ။

ရီးရဲလ်မက်ဒရစ် ဟာ အရှေ့ ၁၆သင်း ရှုံးထွက်အဆင့်နဲ့ ကွာတားဖိုင်နယ် အဆင့်တွေမှာ ပီအက်စ်ဂျီ ၊ ချဲလ်ဆီး အသင်းတွေကို အနောက်ကနေ လိုက်ကစားရင်း ၊ comeback သွင်းဂိုးတွေနဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ကို တက်ခဲ့တာကြောင့် ၊ ဒီတကြိမ်မှာလည်း ဘာနေဗျူးမှာ ဘာတွေ ထပ်လုပ်ပြမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

 

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ကာလို အန်ဆယ်လော့တီ က ဘာနေဗျူးမှာ နောက်ထပ် မှော်ဝင်ညတည ဖြစ်အောင် ဖန်တီးဖို့ ၄င်းတို့ အသင့်ရှိနေကြောင်း ကြွေးကြော်ရင်း ၊ အီတီဟတ်မှ အသင်းရဲ့ လျော့တိလျော့ရဲ ခံစစ်ကို ဝေဖန်ခဲ့ကာ ၊ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ် ၊ တိုက်ပွဲဝင် စိတ်ဓာတ်တွေကိုတော့ အခုလိုပဲ ချီးကျူးသွားခဲ့ပါတယ် ။

အန်ဆယ်လော့တီ က ” ကျွန်တော်တို့ အသင့်ဖြစ်နေရပါမယ် ။ ဘာနေဗျူးမှာ နောက်ထပ် မှော်ဝင်ညတည ဖြစ်အောင် ကျွန်တော်တို့ တိုက်ပွဲဝင်ဦးမှာပါ ။ ဒီနေ့ပွဲက အသင်းရဲ့ ခြေစွမ်းဟာ အနည်းငယ် စိတ်ပျက်စရာကောင်းခဲ့တယ် ဆိုတာ အမှန်ပါပဲ ။ ပထမပိုင်းမှာဆို ကျွန်တော်တို့ဟာ တဦးချင်း ခေါင်းပြိုင်တိုက်တဲ့ အလုံးတွေမှာ ခဏခဏ အရေးနိမ့်ခဲ့ပါတယ် ။ ”

 

” ပြိုင်ဖက် သွင်းတဲ့ ၄ဂိုးမှာ ၂ဂိုးလောက်က ခံစစ်ကသာ အာရုံ နည်းနည်း ပိုစိုက်နိုင်ခဲ့ရင် ၊ ရှောင်လွှဲလို့ရတဲ့ ဂိုးတွေ ဖြစ်ပါတယ် ။ ဒါပေမယ့် မတတ်နိုင်ခဲ့ပါဘူး ။ ဒီလိုဂိုးတွေ ခွင့်ပြုခဲ့ရတယ်ပေါ့ ။ ဘယ်လိုပဲဖြစ်ဖြစ် ဒုတိယ အကျော့ အထိ အသက်ဝင်အောင် ကျွန်တော်တို့ အကောင်းဆုံး တုန့်ပြန်ပြခဲ့ပါတယ် ။ ”

 

” ဒီနေ့ပွဲကို ကျွန်တော်တို့ ဆိုးဆိုးရွားရွား စတင်ခဲ့ပြီး ၊ အရမ်း ပျော့တိပျော့ဖက်နိုင်ခဲ့ပါတယ် ။ အဲဒီကနေ စောစောစီးစီး အဖွင့်ဂိုး ၂ဂိုး ခွင့်ပြုခဲ့ရပေမယ့် ၊ ပွဲချိန်ကြာလာတာနဲ့ အမျှတော့ ကျွန်တော်တို့ဟာ လတ်တလော ပြသခဲ့တဲ့ အနိုင်မခံ အရှုံးမပေး တုန့်ပြန်မှု ပုံစံမျိုး ထပ်မံ ပြသနိုင်ခဲ့ပါတယ် ။ ”

” ပွဲပြီးတဲ့အထိ ကျွန်တော်တို့ဟာ အခြေအနေကို ကျဉ်းမြောင်းအောင် လုပ်နိုင်ခဲ့ပါတယ် ။ ကျွန်တော်တို့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့တယ် ၊ ခံစစ်ကိုတော့ ဒီထက် ပိုပြီး ကျစ်လျစ်အောင် လုပ်ရပါမယ် ။ ဘောလုံး ခြေထဲရှိနေတဲ့ အချိန်မှာတော့ ကျွန်တော်တို့ အခွင့်အရေးကောင်း အများအပြား ဖန်တီးနိုင်ခဲ့ပါတယ် ။ ”

 

” သေချာတာကတော့ ဒုတိယအကျော့မှာ ကျွန်တော်တို့ ခံစစ် ပိုတောင့်တင်းအောင် လုပ်ရပါမယ် ။ ဒါက အရမ်း အရေးကြီးလွန်းနေပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး အန်ဆယ်လော့တီ က ဒီတကြိမ်မှာလည်း ၄င်းတို့ကို ကယ်တင်ခဲ့ပြန်တဲ့ ဘန်ဇီမာ အပေါ် ချီးကျူးရင်း ၊ မိုဒရစ်ကို ဘာကြောင့် လူစားလဲခဲ့ရလဲ ဆိုတာ အခုလိုပဲ ရှင်းပြခဲ့ပါတယ် ။

အန်ဆယ်လော့တီ က ” ကာရင် ဟာ အရင်ကအတိုင်း သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ဒီနေ့မှာ ဆက်လက် ထုတ်ပြသွားခဲ့ပါတယ် ။ သူ့မှာ ဒီလို panenka စတိုင်လ် ပင်နယ်တီမျိုး သွင်းနိုင်တဲ့ ယုံကြည်မှုမျိုး ရှိပါတယ် ။ မိုဒရစ် ကတော့ ဒီနေ့ပွဲမှာ ကစားပုံ ကောင်းခဲ့ပေမယ့် ၊ တခါတလေမှာ ခင်ဗျားဟာ လန်းဆန်းမှုရှိတဲ့ ကစားသမားတွေကို ၁၀မိနစ် ၁၅မိနစ်လောက် လူစားလဲ ထည့်သုံးဖို့ လိုပါတယ် ။ ”

 

” သူ့ကစားပုံ ဆိုးရွားလို့ ကျွန်တော် လူစားလဲလိုက်တာ မဟုတ်ပါဘူး ။ ဆီဘိုင်းယော့စ် ဟာ သူ့အစား လူစားဝင်ပြီး ၊ အကောင်းဆုံး ကြိုးစားပြခဲ့သလို ၊ အရည်အသွေးကောင်း များစွာ ပြသနိုင်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

SPORTS MYANMAR