ဘာစီလိုနာသို့ ပြောင်းရွှေ့ဖို့ သေချာနေတဲ့ ချဲလ်ဆီး ကြယ်ပွင့်ရဲ့ ပွဲအပေါ် အာရုံစိုက်မှု အကြောင်းနဲ့ ပတ်သက်ပြီး တုန့်ပြန် ဖြေကြားခဲ့တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ လအတွင်း ဗြိတိန် အစိုးရထံမှ ပိတ်ဆို့ အရေးယူမှုတွေ ခံခဲ့ရပြီးနောက် ၊ နောက်ဆက်တွဲ ပြဿနာ တရပ် အနေနဲ့ စာချုပ်သက်တမ်း ကုန်တော့မယ့် အသင်းသားတွေကို စာချုပ်သစ် ထပ်ချုပ်ခွင့် ၊ ဆွေးနွေးခွင့် အပိတ်ခံထားရပါတယ် ။

အသင်းပိုင်ရှင်သစ် ရောက်လာရင်တော့ ဒါတွေ အားလုံး ပုံမှန် လည်ပတ်မှာ ဖြစ်ပေမယ့် ၊ ချဲလ်ဆီး ပရိသတ်တွေကတော့ အချိန်နှောင်းသွားမှာကို စိုးရိမ်နေကြပါတယ် ။ ဒီလို ကြပ်တည်းနေတဲ့ အချိန်ကို ဘာစီလိုနာ အသင်းက အခွင့်ကောင်းယူကာ ၊ ဒိန်းမတ် လက်ရွေးစင် နောက်ခံလူ အန်ဒရီယာစ် ခရစ်တန်ဆန် ကို ရာသီအကုန်မှာ အလွတ်နဲ့ ခေါ်ယူဖို့ သေချာသလောက် နီးပါး ဖြစ်လာခဲ့ပါပြီ ။

ဘာစီလိုနာ ဥက္ကဋ္ဌ ယိုအန် လာပေါ်တာ ကိုယ်တိုင်က ခရစ်တန်ဆန် ကို ၄င်းတို့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်သတ္တပတ်ကပဲ အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ် ။ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ ဒီ အပြောင်းအရွှေ့ အပေါ် အတည်မပြုသေးပေမယ့် ၊ ပြောဆိုပုံ လေသံ အနေအထား ထောက်ရရင်တော့ ခရစ်တန်ဆန် ဟာ လာမယ့် ရာသီ ချဲလ်ဆီးမှာ ဆက်ရှိဖို့ အလားအလာ အလွန့်အလွန် နည်းနေပြီလို့ ယူဆနိုင်ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာလည်း တူချယ် က ခရစ်တန်ဆန် ဟာ အပြင်မှာ ဘာစီလိုနာနဲ့ အပြောင်းအရွှေ့ သတင်းများစွာ ထွက်လင့်ကစား ၊ အသင်းအတွက် အပြည့်အဝ အာရုံစိုက်ထားကြောင်း ကာကွယ်ပေးခဲ့ပေမယ့် ၊ ၄င်း ချဲလ်ဆီးမှာ ဆက်နေမနေတော့ သူလည်း အကြံပေးရုံကလွဲပြီး ဘာမှမတတ်နိုင်ကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

တူချယ် က ” စိတ်မပူမိပါဘူး ။ ဒါပေမယ့် ပုံမှန်ထက်တော့ သူ့အတွက် အနည်းငယ် ပိုတဲ့ စိန်ခေါ်မှု တရပ် ဖြစ်သွားတာတော့ အမှန်ပါပဲ ။ သူ့အနေနဲ့ အခုအချိန်မှာ အသင်း အပေါ် အရာရာ ပေးဆပ် အာရုံစိုက်ဖို့ကလွဲပြီး တခြား မရှိပါဘူး ။ ဒါမှမဟုတ် အနာဂတ် အတွက် သူ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ ”

” ဘာမှတော့ ထူးထူးခြားခြား မသိရသေးပါဘူး ။ ကျွန်တော့ဖက်က လက်ခံထားတာတော့ စာချုပ် သက်တမ်း ကျန်နေသေးတဲ့ ကာလ အတွင်း အသင်းနဲ့ ကျွန်တော့ အပေါ်မှာ မျှော်မှန်းထားသလို ရာနှုန်းပြည့် ပေးဆပ် ကစားနေသ၍ အဲဒီထက် ပိုပြီး လက်ခံစရာ ဘာအကြောင်းမှ မရှိတော့ပါဘူး ။ ”

” အခုအချိန်မှာမှ သူ အသင်း အပေါ် ဘယ်လို ပေးဆပ်နေလဲ ဆိုတာ တစိမ့်စိမ့် ကြည့်နေမှာ်မဟုတ်ပါဘူး ။ ဒါက ကိုယ့်ရဲ့ အလုပ်ကို အာရုံလွဲစေပါတယ် ။ ကျွန်တော့ဖက်ကတော့ ခုနက ပြောခဲ့တဲ့ အတိုင်းသာ တောင်းဆိုပါတယ် ။ ပြီးခဲ့တဲ့ စနေနေ့က ပွဲက ၄ယောက်တန်း ခံစစ်မှာ သူမပါခဲ့တာ ဟာ ကျွန်တော့ရဲ့ နည်းစနစ် ရွေးချယ်မှုသာ ဖြစ်ပါတယ် ။ ”

” လက်ရှိမှာ သူဟာ ကျွန်တော်တို့ရဲ့ ကစားသမား တဦး အဖြစ် ဆက်ရှိနေသလို ၊ သူ့ဆီကနေ အကောင်းဆုံး အရည်အသွေးတွေကို ကျွန်တော်တို့ ဆက်လက် အလိုရှိနေပါသေးတယ် ။ သူ့အနေနဲ့ ရှေ့ဆက် အသင်း အတွက် အာရုံစိုက်ဖို့ ၊ ဆုံးဖြတ်ချက် ပြတ်သားဖို့ လိုပါတယ် ။ ဒါကိုပဲ ကျွန်တော်တို့ သူ့ဆီကနေ မျှော်မှန်းလို့ ရမှာပါ ။ ”

တူချယ် က ” လက်ရှိ ကလပ် အတွင်း ဘာတွေ ဖြစ်နေလဲ ဆိုတာ အားလုံး ရှင်းရှင်းလင်းလင်း သိထားကြပြီးပါပြီ ။ သူဟာ ကစားသမား ဘဝ အတွက် မှန်ကန်တဲ့ နေရာမှာ ရှိနေတယ် ဆိုတာ ကျွန်တော် ရဲရဲကြီး ပြောလိုပါတယ် ။ သူ့မှာ ချဲလ်ဆီး အသင်းနဲ့ အတူ ကြီးကျယ်တဲ့ နောက်ခံလူကောင်း တဦး ဖြစ်လာဖို့ အခွင့်အရေး အပြည့် ရှိပါတယ် ။ ”

” ကျွန်တော့ အမြင် အရ ပြောရရင် သူ့အနေနဲ့ ကိုယ်ဘယ်က လာတယ် ၊ ဘယ်က ပညာတွေ ရလာတယ် ၊ နေအိမ် အစစ်အမှန်က ဘယ်မှာ ရှိတယ် ဆိုတာ မမေ့သင့်ပါဘူး ။ ဒါက ကျွန်တော့ရဲ့ အတွေးအမြင် သက်သက် ဖြစ်ပြီး ၊ သူ့အဖို့ အကောင်းဆုံး အရည်အသွေးတွေ ထုတ်ယူနိုင်ဖို့ အခုလို ပတ်ဝန်းကျင်မျိုး လိုပါတယ် ။ ”

” ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကပဲ ကျွန်တော် သူ့ကို အကြံဉာဏ်ကောင်းတွေ ပေးခဲ့ပါသေးတယ် ။ ဒါပေမယ့် စာချုပ်သစ် ဆွေးနွေးမှု ဟာ ပြီးခဲ့တဲ့ နွေရာသီက စပြီး ၊ ဆောင်းရာသီ တလျှောက် ဖြစ်လာခဲ့တာပါ ။ ကစားသမားတွေနဲ့ ကျွန်တော်တို့ အကြားမှာ အမြဲတမ်း စကား ဖလှယ်မှု ရှိတယ် ဆိုတာ အမှန်ပါပဲ ။ ”

” ကျွန်တော့ အကြံပေးမှုကြောင့် သူ ချဲလ်ဆီးက မထွက်ခွာဖို့ မျှော်လင့်ပါတယ် ။ ဒါပေမယ့် ဒီလို ဖြစ်ချင်မှဖြစ်လာတော့မှာပါ ။ ဒါမျိုး ကိစ္စတွေမှာ ခင်ဗျား အနေနဲ့ ပုဂ္ဂိုလ်ရေး အရ အစွဲထားလို့ မရပါဘူး ။ တခြား တနေရာ ရောက်မှ ကစားသမား ဘဝ အပြောင်းအလဲ ဖြစ်မယ်လို့ ထင်ရင် ၊ ဒါက သူ့ရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ် ။ ”

” ဒါကို ကျွန်တော်တို့ နားလည်သလို ၊ ငြင်းခုံနေမှာလည်း မဟုတ်ပါဘူး ။ စာချုပ် သက်တမ်း ကျန်နေ၍ ၊ ချဲလ်ဆီး အသင်းသား တဦး အဖြစ် ရှိနေသေးသ၍ ၊ ကျွန်တော် သူ့ဆီက တောင်းဆိုမှုတွေ လျှော့သွားမှာ မဟုတ်ပါဘူး ။ ကျန်တာတော့ ခင်ဗျား သူ့ကို ကိုယ်တိုင် သွားမေးဖို့ လိုပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR