ဘလွန်းဒီအော် ဆု အတွက် ဆာဒီယို မာနေး ကို ဦးစားပေး ခန့်မှန်းလိုက်တဲ့ အက်ဘွန်လဟော

 

အက်စ်တွန် ဗီလာ တိုက်စစ်မှုးဟောင်း အက်ဘွန်လဟော က ဒီနှစ် ဘလွန်းဒီအော်ဆု အတွက် ဘန်ဇီးမား ၊ လီဝန်ဒေ့ါစကီး ၊ မို ဆာလာ တို့ကို ကျော်ဖြတ်ကာ မာနေး က ရနိုင်ချေ ပိုများတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ရီးရဲ မက်ဒရစ် တိုက်စစ်မှုးကြီး ဘန်ဇီးမား ဟာ ကစားသမားဘ၀ အမြင့်ဆုံး စွမ်းဆောင်ရည်တွေ ကို ပိုင်ဆိုင်နေပြီး ၊ ဒီရာသီ ကစားခဲ့တဲ့ 41 ပွဲမှာ 41 ဂိုး အထိ သွင်းယူပေးထားပါတယ်။ ဒါဟာ ဥရောပ တိုက်စစ်မှုးတွေ အကြားမှာ အကောင်းဆုံး စွမ်းဆောင်ရည်မျိုး ဖြစ်လို့ ၊ ဒီနှစ် အတွက် ဘလွန်းဒီအော်ဆု ကို သူပဲ သိမ်းပိုက်လိမ့်မယ်လို့ ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ပွဲစဉ်တွေ မှာ ပီအက်စ်ဂျီ ၊ ချဲဆီး အသင်းဘက်တွေ ကို ဟတ်ထရစ် ဂိုးတွေ သွင်းယူပြခဲ့သလို ၊ မနေ့ညက ကစားခဲ့တဲ့ မန်စီးတီး နဲ့ ပွဲမှာ ဆိုရင်လဲ 2 ဂိုး အထိ သွင်းယူပြထားပါတယ်။ ဒါကြောင့် တစ်ချို့သော ဘောလုံးသမားဟောင်းကြီးတွေ ဆိုရင် ဒီနှစ် အတွက် ဘလွန်းဒီအော်ဆု ကို ဘန်ဇီးမား ရဲ့ နာမည် ကြိုရေးထားလို့ ရပြီလို့တောင် ပြောဆိုနေကြတာပါ။

 

မနှစ်က ဆုပေးပွဲမှာ အံ့အားသင့်စရာ ကောင်းလောက်အောင် အကောင်းဆုံး ဆုနဲ့ လွဲချော်ခဲ့တဲ့ လီဝန်ဒေါ့စကီး ကတော့ ၊ ဘိုင်ယန် မြူးနစ် က ချန်ပီယံလိဂ် ကနေ ထွက်လိုက်ရပြီ ဖြစ်လို့ မျှော်လင့်ချက် အများကြီး ရှိတော့မှာ မဟုတ်ပါဘူး။

တစ်ချိန်တည်းမှာ ဒီရာသီ အစောပိုင်း ပုံစံကောင်းတွေ ဆက်တိုက် ပြသခဲ့တဲ့ လီဗာပူး တောင်ပံ ကစားသမား မို ဆာလာ ကလဲ ဒီရာသီ ကလပ် နဲ့ နိုင်ငံ့အသင်းအတွက် 32 ဂိုး သွင်းယူ ပေးထားသလို ၊ ဘလွန်းဒီအော်ဆု ရဖို့ ပစ်မှတ်ထားနေတဲ့ အကြောင်းလဲ မကြာခင်ကမှ ထုတ်ဖော် ပြောဆိုထားခဲ့ ပါတယ်။

တကယ်လို့များ လီဗာပူး ဟာ လက်ရှိ ပစ်မှတ်ထားနေတဲ့ ဖလား 4 လုံး အောင်မြင်မှုမျိုးကိုသာ သိမ်းပိုက်မယ် ဆိုပါက ဘလွန်းဒီအော်ဆု အတွက်လဲ မာနေး နဲ့ ဆာလာ တု့ိက ဘန်ဇီးမား ကို ကျော်လွန်ကာ ဘလွန်းဒီအော် ဆွတ်ခူးဖို့ ရေပန်းစားလာမယ် ဆိုတာ ငြင်းလို့ မရပါဘူး။

 

အဘွန်လဟော ကိုယ်တိုင် ကတော့ ဘာကြောင့် မာနေး ကိုပဲ ဘလွန်းဒီအော်ဆု ရစေချင်တာလဲ ဆိုတဲ့ အကြောင်းအရင်းကို အခုလို ရှင်းပြသွားခဲ့ ပါတယ်။

 

“ ခင်ဗျားတို့ အတွေးမှာ ဘန်ဇီးမား နဲ့ လီဝန်ဒေါ့စကီး တို့ကိုပဲ မြင်နေကြမယ် ထင်ပါတယ်။ ဒါပေမယ့် ကျနော် ကတော့ ဆာဒီယို မာနေး ကိုပဲ မှန်းထားချင်ပါတယ်။

 

သူဟာ အာဖရိက ဖလားကြီး ကို ဆွတ်ခူးထားသလို ၊ ပရီးမီးယားလိဂ် ဖလား ၊ အက်ဖ်အေ ဖလား နဲ့ ချန်ပီယံလိဂ် ဖလားတွေ လဲ ဆွတ်ခူးဖို့ နီးစပ်နေပါပြီ။ ကာရာဘောင် ဖလား ကိုတော့ အခု ကတည်းက သိမ်းပိုက် ပြထားပြီးပြီလေ။ ပြီးတော့ သွင်းဂိုးတွေလဲ အများကြီး သွင်းထားတဲ့ သူပါ။

 

အခုချိန်မှာ ဘန်ဇီးမား က ရေပန်း အစားဆုံး ဆိုတာ သိပါတယ်။ ဒါပေမယ့် မန်စီးတီး က ရီးရဲ မက်ဒရစ် ကို နောက်ကောက်ချပြသွားမယ် ဆိုရင် ၊ မာနေး က ဘန်ဇီးမား ကို ကျော်တက်သွားနိုင်ပါတယ်။

ပြီးတော့ ဘလွန်းဒီအော်ဆု မဲပေးတဲ့ စနစ်ကိုလဲ သေချာ လေ့လာဖြစ်ပါတယ်။ အဲဒီထဲမှာ ဆုဖလားတွေ ဆွတ်ခူးတဲ့ အကြောင်းအရင်းကလဲ အရေးပါတဲ့ တစ်ချက်ပဲလေ။ မာနေး က အာဖရိက ဖလားပါ သိမ်းပိုက်ထားတာမို့ ကျနော် ကတော့ ဆာလာ ထက်တောင် ပိုပြီး မှန်းထားကြည့်ချင်ပါတယ်” လို့ သုံးသပ်သွားခဲ့ ပါတယ်။

 

SPORTS MYANMAR