ဘန်ဇီးမား ရဲ့ နာမည်ကို ရွှေဘောလုံးမှာ ကြိုထိုးထားသင့်ပြီလို့ ချီးကျုးပြောဆိုလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ရီယိုဖာဒီနန် က ရီးရဲ တိုက်စစ်မှူးကြီး ကာရင် ဘန်ဇီးမား ဟာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး တယောက် ဖြစ်နေပြီး ဒီရာသီမှာ ပြသ နေတဲ့ ခြေစွမ်း နဲ့ စွမ်းဆောင်ရည် တွေဟာ လာမယ့် ရွှေဘောလုံး ဆုပေးပွဲမှာ အောင်ပွဲခံ ဖို့ ထိုက်တန် နေပါပြီ လို့ ပြောဆို ချီးကျုး သွားခဲ့ ပါတယ် ။

ဘန်ဇီးမား ဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့မှာ ချဲလ်ဆီး ဘက်ကို ဟက်ထရစ် သွင်းယူ ပေးခဲ့ ပါတယ် ။

ဒီဟက်ထရစ် ဟာ ရီးရဲ ကို ပထမ အကျော့ အဝေးကွင်းမှာ ၃-၁ နဲ့ နိုင်ပွဲ ရရှိ စေခဲ့ပြီး ဒုတိယ အကျော့ အတွက် အားသာချက် များစွာ ရရှိ စေခဲ့ ပါတယ် ။ ရီးရဲ ဟာ မနှစ်က ဆီမီးဖိုင်နယ် တုန်းက ချဲလ်ဆီး ကို အရေးနိမ့် ခဲ့မှု အပေါ်လည်း ပြန်လည် လက်စားချေနိုင်ဖို့ နီးစပ် လာခဲ့ ပါတယ် ။

ဘန်ဇီးမား အတွက်တော့ ဒီ ဟက်ထရစ် ဟာ ချန်ပီယံလိဂ် ၂ ပွဲဆက်တိုက် ရယူနိုင်တဲ့ ဟက်ထရစ် ဖြစ်ခဲ့ ပါတယ် ။ ပြင်သစ် တိုက်စစ်မှူးကြီးဟာ ၁၆ သင်းဆင့် ဒုတိယ အကျော့ တုန်းကလည်း PSG ဘက်ကို ဟက်ထရစ် သွင်းယူ ခဲ့ပြီး ခရစ္စတီယာနို ရိုနယ်ဒို ၊ လီယွန်နယ် မက်ဆီ နဲ့ လူးဝစ် အက်ဒရီယာနို တို့ နောက်ပိုင်း ချန်ပီယံလိဂ် မှာ ၂ ပွဲဆက် ဟက်ထရစ် သွင်းယူ နိုင်တဲ့ ကစားသမား ဖြစ်လာခဲ့ ပါတယ် ။

ဒီရာသီဟာ ဘန်ဇီးမား အတွက် တကိုယ်တော် စွမ်းဆောင်ရည် အကောင်းဆုံး ရာသီ ဖြစ်လာခဲ့ပြီး ၃၇ ပွဲမှာ ၃၇ ဂိုးအထိ သွင်းယူ ပေးထားနိုင်ခဲ့ပါတယ် ။

ဒီပွဲကို Sky Sports ကနေ တင်ဆက် သုံးသပ် ခဲ့တဲ့ ရီယိုဖာဒီနန် ကတော့ ဘန်ဇီးမား ကို ချီးကျုး ခဲ့ပြီး လာမယ့် ရွှေဘောလုံး အတွက် အထိုက်တန်ဆုံး ဖြစ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

“ဘန်ဇီးမား ရဲ့ ဂိုးတွေက ရပ်တန့်လို့ မရသေး ပါဘူး ။ ဒီရာသီမှာ သူ့ရဲ့ သွင်းဂိုးတွေက အသင်းကို ( ရီးရဲ ) ထိပ်ဆုံးကို ရောက်အောင် ကူညီ ပေးနေတာပါ ။ လာလီဂါ မှာ ဆိုရင် ၁၂ မှတ်တောင် ဖြတ်ထားပါတယ်”

“သူက အခု အသင်းရဲ့ အရေးအပါဆုံး ကစားသမား ၊ အသင်းရဲ့ ခေါင်းဆောင် တယောက် ဖြစ်နေပါပြီ ။ နောက်ဆုံးမှာတော့ သူ ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ အရိပ်အောက် ကနေ လွတ်မြောက် ခဲ့ပြီလို့ ပြောရမှာပါ ။

ဒီလိုမျိုး လောင်းရိပ် တခုအောက် ကနေ ထွက်လာပြီး အသင်းကို ဦးဆောင်ခွင့် ရလာတာဟာ ကစားသမား တယောက်ကို ဘယ်လောက်ထိ တက်ကြွစေနိုင်လဲ ဆိုတာကို ပွဲမစခင် တုန်းက ကျွန်တော်တို့ ပြောခဲ့ကြ သလိုပါပဲ ၊ ဘန်ဇီးမား ဟာ ဒီပွဲမှာ သူ့ရဲ့ အရည်အသွေး ကို ပြသွားနိုင်ခဲ့ ပါတယ်”

“လက်ရှိမှာတော့ ဘန်ဇီးမား က ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ပါပဲ ၊ လီဝန်ဒေါ့စကီး ၊ ဟယ်ရီကိန်း တို့ကလည်း တကယ်ကောင်းတဲ့ တိုက်စစ်မှူးတွေပါ ၊ ဒါပေမယ့် ဒီကောင် ( ဘန်ဇီးမား ) က တော့ အားလုံးထက် ပိုမြင့်တဲ့ အဆင့်ကို ရောက်နေပါပြီ”

“သူ့ရဲ့ ပွဲအပေါ် သက်ရောက်နိုင်စွမ်းက အရမ်းကြီးမား နေပါပြီ ၊ ဂိုးတွေတင် မဟုတ်ပါဘူး ၊ ဖန်တီးမှုတွေ ၊ ချိတ်ဆက် ကစားတာတွေ ၊ ပွဲရဲ့ အရှိန်ကို အတိုးအလျော့ လုပ်တာတွေ အားလုံးမှာ ဘန်ဇီးမား က အကောင်းဆုံး ဖြစ်လာခဲ့တာပါ ။ တိုက်စစ်မှူး ဆိုပေမယ့် ဖန်တီးသူ တယောက် အနေနဲ့လည်း သူ ကစားပြနေ ပါတယ် ။ ၃၇ ဂိုး ဆိုတာလည်း တကယ်ကို ကောင်းမွန်တဲ့ ကိန်းဂဏန်းတခုပါ”

“တကယ်လို့ ဘန်ဇီးမား ရဲ့ အမည်သာ ရွှေဘောလုံးဆုမှာ မရေးထိုးရသေးဘူးဆိုရင် ၊ ဒါမှမဟုတ် ဆုပေးပွဲ စင်မြင့်ထက်မှာ မကြားရဘူး ဆိုရင်တော့ ကျွန်တော် တော်တော်လေး အံ့အားသင့် မိမှာပါ ။ အခုချိန်မှာတော့ ဘန်ဇီးမား က ပြိုင်ဘက် ကင်းပါပဲ ။

နောက်ဆုံး ကစားခဲ့တဲ့ ပွဲ ( PSG နှင့် ) မှာ သူ ဟက်ထရစ် သွင်းပြီး ရီးရဲ ကို ကယ်တင်ခဲ့ ပါတယ် ၊ အခု ထပ်ပြီး ဟက်ထရစ် သွင်းပြန် ပါပြီ ။ ဒီလူကတော့ တကယ့်ကို အံ့သြစရာ ပါပဲ” လို့ ဖာဒီနန် က ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR