ဘန်ဇီးမား ရဲ့ ချန်ပီယံလိဂ်ည ၊ တန်ဟတ် နဲ့ နီးစပ်လာတဲ့ ယူနိုက်တက် ၊ စိုးရိမ်ရတော့မယ့် အဲဗာတန် တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့ ပွဲစဉ်တွေမှာတော့ လက်ရှိ ချန်ပီယံ ချဲလ်ဆီး ဟာ အိမ်ကွင်းမှာ ရီးရဲ မက်ဒရစ် ကို ၃-၁ နဲ့ ရှုံးနိမ့် သွားခဲ့ ပါတယ် ။

ရီးရဲ အတွက် တိုက်စစ်မှူးကြီး ကာရင် ဘန်ဇီးမား က ဟက်ထရစ် သွင်းယူ ပေးခဲ့တာ ဖြစ်ပြီး မနှစ်က ဆီမီးဖိုင်နယ် တုန်းက ရှုံးကြွေးကို ပြန်လည် ချေပနိုင်ဖို့ အလားအလာ ကောင်းတွေ ယူဆောင် သွားခဲ့ ပါတယ် ။

စပိန် မြေပေါ်မှာ ကစားခဲ့တဲ့ နောက်တပွဲ မှာတော့ ဗီလာရီးရဲ ဟာ ဘိုင်ယန်မြုးနစ် အသင်းကို ၁-၀ နဲ့ အနိုင် ကစားသွားခဲ့ ပါတယ် ။ ဒါဟာ ဘိုင်ယန် ရဲ့ အဝေးကွင်း ရှုံးပွဲ မရှိ မှတ်တမ်းကိုလည်း ချိုးဖျက် သွားခဲ့တာပါ ။

ဘန်ဇီးမား ကတော့ ချန်ပီယံလိဂ် သမိုင်းမှာ ရိုနယ်ဒို ၊ မက်ဆီ ၊ လူးဝစ် အက်ဒရီယာနို တို့အပြီးမှာ back-to-back ဟက်ထရစ် သွင်းယူ နိုင်တဲ့ ကစားသမား ဖြစ်လာခဲ့ ပါတယ် ။

ဒါ့အပြင် တိုက်စစ်မှူးကြီး ဟာ ထရာဇီဂေး ၊ အမ်ဘာပေ ၊ ဘန်ယက်ဒါ တို့ ၃ ဦးက ၈ ဂိုးစီ နဲ့ ပူးတွဲ ရယူထားတဲ့ ချန်ပီယံလိဂ် တရာသီအတွင်း ဂိုးသွင်း အများဆုံး ပြင်သစ် ကစားသမား ဆိုတဲ့ မှတ်တမ်းကိုလည်း ၁၀ ဂိုး နဲ့ ချိုးဖျက် ကျော်လွန် သွားနိုင်ခဲ့ ပါတယ် ။

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာ ဟာ ယမန်နေ့က ထွက်ပေါ် လာတဲ့ ကာတာ ကမ္ဘာ့ဖလားမှာ မိနစ် ၉၀ အစား မိနစ် ၁၀၀ ကို ပြောင်းလဲ ကစားသွားဖို့ စီစဉ် နေတယ်ဆိုတဲ့ သတင်းကို မဟုတ်မှန်ကြောင်း ငြင်းချက် ထုတ်သွားခဲ့ ပါတယ် ။

PSG တိုက်စစ်မှူးလေး အမ်ဘာပေ ဟာ လက်ရှိ အသင်းမှာ ဆက်နေရင်နေ ၊ မနေရင် ရီးရဲမက်ဒရစ် ကို ပြောင်းရွှေ့မယ် ဆိုတဲ့ ရွေးချယ်မှု ၂ ခု ကလွဲရင် အခြား ရွေးချယ်မှုကို စဉ်းစားမှာ မဟုတ်ဘူးလို့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို က ရေးသား သွားခဲ့သလို ဘာပေ ဟာ လက်ရှိ အချိန်ထိ ယတိပြု မဆုံးဖြတ်ရသေးဘူး လို့လည်း ဖော်ပြ သွားခဲ့ ပါတယ် ။

ရိုမာနို ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ အဲရစ် တန်ဟတ် တို့ အကြား ဆွေးနွေးမှုတွေ ပိုမို အားကောင်း လာပြီး ခိုင်မာတဲ့ သဘောတူညီမှုတော့ မရရှိ သေးဘူးလို့လည်း ဖော်ပြခဲ့ ပါတယ် ။

သတင်း အချို့ ကတော့ အဲရစ် တန်ဟတ် ကို ယူနိုက်တက် တို့ စာချုပ် နိုင်ဖို့ နီးစပ်နေပြီလို့ ယမန်နေ့ ညပိုင်းက ဖော်ပြ လာခဲ့ ပါတယ် ။

မန်ယူနိုက်တက် တာဝန်ရှိသူတွေ နဲ့ လက်ရှိ နည်းပြ ရန်းနစ် တို့ဟာ အင်တာဗျူး မှာ အဲရစ် တန်ဟတ် ကို နှစ်သက် သဘောကျခဲ့ပြီး နယ်သာလန် နည်းပြ က ၅ နှစ် အစီအစဉ် ကို ထုတ်ပြောပြ ခဲ့တယ်လို့ ကြားသိရ ပါတယ် ။

ဘာစီလိုနာ ဟာ လူငယ် ခံစစ်သမားလေး ရော်နယ် အာရူဟို ကို စာချုပ်သစ် ချုပ်ဆို ပါက အန်ဆု ဖာတီ နဲ့ ပက်ဒရီ တို့ရဲ့ စာချုပ်တွေ မှာကဲ့သို့ ယူရို ၁ ဘီလီယံ တန်ကြေး ရှိတဲ့ စာချုပ် ဖျက်သိမ်းကြေးကို ထည့်သွင်း ချုပ်ဆိုဖို့ စဉ်းစားနေတယ်လို့ သိရှိရ ပါတယ် ။

ဘိုင်ယန်မြုးနစ် ဟာ အိုင်ယက်စ် တောင်ပံ ကစားသမားလေး ဂရာဗန်ဘရတ်ချ် ကို ခေါ်ယူ ဖို့ အတွက် အေးဂျင့် ရွိုင်းအိုလာ ကို စတင် ချိတ်ဆက် လိုက်တယ်လို့လည်း သတင်း ကြားသိရ ပါတယ် ။

ဘိုင်ယန် ဟာ ဇန်နဝါရီ တုန်းက ဖရန်ကီ ဒီယွန် ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ ပေမယ့် ဘာစီလိုနာ က ငြင်းဆို ခဲ့တယ်လို့လည်း သတင်း ထွက်လာခဲ့ ပါတယ် ။

၁၉၈၆ ကမ္ဘာ့ဖလား ပြိုင်ပွဲက အင်္ဂလန် နဲ့ ပွဲမှာ မာရာဒိုနာ ဝတ်ဆင် ကစားခဲ့တဲ့ အာဂျင်တီးနား ဂျာစီ ကို ဒီလ အကုန်လောက်မှာ လေလံတင်သွားဖို့ ရှိနေပြီး ပေါင် ၄ သန်း ခန့် ရရှိ မယ်လို့ မျှော်မှန်းထားကြ ပါတယ် ။

အဆိုပါ ပွဲမှာ မာရာဒိုနာ ဟာ ‘Hand of God’ လို့ အမည်ကျော်ခဲ့တဲ့ ဂိုးကို လက်နဲ့ ပုတ်သွင်းခဲ့ သလို သူ့ရဲ့ အင်္ဂလန် ကစားသမားတွေကို လိမ်ခေါက် သွင်းယူခဲ့တဲ့ ဒုတိယဂိုးဟာလည်း ‘Goal of the Century’ အဖြစ် သတ်မှတ် ခံခဲ့ရ ပါတယ် ။

အဲ့ဒိပွဲမှာ အာဂျင်တီးနား ဟာ အင်္ဂလန် ကို ၂-၁ နဲ့ အနိုင် ရပြီး အဆုံးသတ်မှာတော့ ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်လာခဲ့ ပါတယ် ။

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန် မှာတော့ ဘန်လေ ဟာ အဲဗာတန် ကို နောက်ကလိုက်ကစားပြီး ၃-၂ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။

ဘန်လေ ဟာ ၁၂ မိနစ် မှာ အဖွင့်ဂိုး ရခဲ့ပေမယ့် အဲဗာတန် က ၁၈ နဲ့ ၄၁ မိနစ်တွေမှာ ပင်နယ်တီ ၂ လုံး ဆက်တိုက် ရပြီး ပွဲကို ပြန်လည် ဦးဆောင်ခဲ့ ပါတယ် ။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ဘန်လေ က ၂ ဂိုး ပြန်သွင်းပြီး အဖိုးတန် ၃ မှတ်ကို ရယူသွားခဲ့ တာပါ ။

ဒီနိုင်ပွဲကြောင့် အဆင့် ၁၈ နေရာက ဘန်လေ ဟာ အဆင့် ၁၇ က အဲဗာတန် နဲ့ ၁ မှတ်အကွာ ကို ရောက်ရှိ လာခဲ့ပြီး တန်းဆင်းဇုန် တိုက်ပွဲတွေ ပိုမို ပြင်းထန် လာဖို့ ရှိလာခဲ့ ပါတယ် ။

ဖရန့် လမ်းပတ် အတွက်တော့ အဲဗာတန် နည်းပြဘ၀ ၉ ပွဲမှာ ၇ ပွဲမြောက် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင် သွားခဲ့ရ ပါတယ် ။

 

SPORTS MYANMAR