ဘင်ဖီကာနဲ့ ပွဲစဉ်မတိုင်မီ ဒဏ်ရာပြသနာ သတင်းကောင်းကို ပြောပြသွားခဲ့ကာ ပြိုင်ဘက် ကစားသမား တစ်ဦးကို အထူး ချီးကျူးသွားခဲ့တဲ့ ကလော့

ယာဂန်ကလော့က မနက်ဖြန်ညမှာ ကစားသွားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ် မတိုင်မီ လီဗာပူး အသင်းဟာ ဒဏ်ရာ ပြသနာ ကင်းစင်လျက် ရှိနေတယ်လို့ ဆိုသွားခဲ့ပါတယ်။ ကာတစ်ဂျုံး အလက်ဇန်းဒါးအာနိုး ဂျိုရယ်မာတစ် တို့ရဲ့ ကြံ့ခိုင်မှု အခြေအနေတွေနဲ့ ပက်သက်ပြီး သံသယ တစ်ချို့ ရှိနေခဲ့ကာ နာဘီကီတာဟာ ၁၀၀% ကြံ့ခိုင်မှု ပြည့်ဝနေပေမယ့်လည်း ၀က်ဖို့ဒ်ကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်ကိုတော့ လွဲချော်ခဲ့ပါတယ်။

ကလော့က ပေါ်တူဂီမှာ ကစားသွားရမယ့် ပွဲစဉ် အတွက် သူ့ရဲ့ ကစားသမား အားလုံးဟာ available ဖြစ်တယ်လို့ အတည်ပြုသွားခဲ့ပြီး အသေးစား ဒဏ်ရာ ရခဲ့တဲ့ သူတွေကလည်း ဘင်ဖီကာနဲ့ ပွဲစဉ် မတိုင်မီ ကြ့ံ့ခိုင်မှု ပြန်လည် ပြည့်၀လာမှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ကလော့က “အမှန်ပါပဲ။ တစ်သင်းလုံး available ဖြစ်နေပါတယ်။ ကာတစ်ရဲ့ ဒဏ်ရာဟာ အနည်းငယ်လေး ယောင်ကိုင်း ခဲ့ပေမယ့် နောက်တစ်နေ့ ကျတော့ အိုကေသွားခဲ့ပါတယ်။ ဂျိုရယ်မာတစ် လည်း ဒီလိုပါပဲ။ ဒါဟာ တအားကို အကူအညီ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ထူးဆန်းတဲ့ ဒဏ်ရာပြသနာတွေ ဖြစ်ခဲ့လို့ပါ။ ထရန့်ဟာ အခုဆိုရင် အသင်းနဲ့ ၄ ၅ ရက်လောက် လေ့ကျင့်ခန်း ဆင်းနေခဲ့ပါတယ်။ အတိအကျ မသိရပေမယ့် သူကလည်း အသင့် ဖြစ်နေပါပြီ။” လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး ယာဂန်ကလော့ဟာ မန်ယူနိုက်တက် နဲ့ အာဆင်နယ်တို့ အလိုရှိနေတဲ့ ဘင်ဖီကာ တိုက်စစ်မှုး ဒါ၀င်နူးနက်ကို အထူး ချီးကျူး သွားခဲ့ပြီး လီဗာပူး အနေနဲ့ ဒီပွဲစဉ်မှာ ဥရုဂွေး လက်ရွေးစင်ကို ရပ်တန့်ဖို့ အတွက် နည်းလမ်း ရှာဖွေသွားဖို့ လိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။ နူးနက်ဟာ ဒီရာသီမှာ ဘင်ဖီကာ အတွက် အထူး ခြေစွမ်းပြ ကစားလျက် ရှိနေပြီး ပေါ်တူဂီလိဂ်မှာ ၂၁ ဂိုးထိ သွင်းယူထားခဲ့ပါတယ်။

၎င်းရဲ့ ဒီလို ပုံစံကောင်းကြောင့် ယူနိုက်တက် အာဆင်နယ် တို့ အပါအ၀င် အသင်းကြီးတွေက စိတ်၀င်စားနေကြပြီး ဘင်ဖီကာ ဘက်ကတော့ နူးနက် အတွက် ယူရို သန်း ၆၀ ရရှိဖို့ ရည်မှန်းနေပါတယ်။ ကလော့ကလည်း အသက် ၂၂ နှစ် အရွယ် ကစားသမား ရဲ့ စွမ်းဆောင်ရည်ကို တအား သဘောကျနေပါတယ်။

ကလော့က “သူဟာ ကျွန်တော်တို့ ရပ်တန့်သွားရမယ့် တစ်ဦးတည်းသော ကစားသမား မဟုတ်ပါဘူး။ သူတို့ဟာ တကယ့်ကို ကောင်းမွန်တဲ့ အသင်း ဖြစ်ပါတယ်။ ဒီလိုပဲ ပြောရမှာပါ။ ကောင်းမွန်တဲ့ ကစားဟန်နဲ့ တကယ့် အသင်းကောင်း ဖြစ်ပါတယ်။ ဒါပေမယ့် အမှန်ပါပဲ။ သူဟာ အန္တရာယ် ပေးနိုင်တဲ့ ကစားသမား ဖြစ်ပြီး တိုက်စစ်မှုးကောင်း တစ်ဦး ဖြစ်ပါတယ်။ ဥရုဂွေး ကနေ ပေါ်ထွက်လာခဲ့တဲ့ နောက်ထပ် တိုက်စစ်မှုးကောင်း တစ်ဦးပါပဲ။ အက်ဒီဆင်ကာဗာနီ လူး၀စ်ဆွာရက် နဲ့ နူးနက် တို့ တစ်သင်းထဲမှာ ဘယ်လို တွဲဖက် ကစားသွားမလဲဆိုတာ ကျွန်တော် မသိတော့ပါဘူး။

ဒီကစားသမား အားလုံးကို ပွဲထွက်စာရင်းမှာ အသုံးပြုဖို့ဟာ လက်ရွေးစင် နည်းပြ အတွက် စိန်ခေါ်မှု တစ်ခုပါပဲ။ ဒါပေမယ့် ဒီကောင်လေးဟာ ထိပ်တန်း ကစားသမား ဖြစ်ပါတယ်။ အိုင်ယက်နဲ့ ပွဲစဉ်က သူသွင်းယူခဲ့တဲ့ ဂိုးဟာ တကယ့်ကို ကြီးကြယ်တဲ့ သွင်းဂိုး တစ်ဂိုး ဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ အုပ်စု ပွဲစဉ်က ဂိုးကလည်း ဒီအတိုင်းပါပဲ။

သူဟာ ရှက်ကြောက်တက်သူ မဟုတ်ပါဘူး။ သူဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ ပွဲထွက် ကစားခဲ့ခြင်း မရှိခဲ့ပါဘူး။ နိုင်ငံတကာ ပွဲစဉ်ကနေ ပြန်လာတာကြောင့် ဒုတိယပိုင်းမှာ လူစား၀င် ကစားခဲ့ပါတယ်။ ဒါ့ကြောင့် သူမနက်ဖြန်မှာ ပွဲထွက်သွားမယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ သူ ဘောလုံးတွေ သိပ်ပြီး များများ မရအောင် ကျွန်တော်တို့ လုပ်သွားရမှာပါ။

ဒါပေမယ့် အခြား ကစားသမားတွေလည်း သူတို့မှာ ရှိနေပါတယ်။ ရာဖာရဲ့ ဘောလုံးကိုင်ကစားပုံဟာ တကယ့်ကို အံ့ဖွယ်ပါပဲ။ တကယ့်ကို မြန်ပါတယ်။ အခြားသူတွေထဲမှာ ကျွန်တော် ယူလီယန်ဝုိင်ဂယ်ကို သိပါတယ်။ ယာအိုမာရီယို ကိုလည်း အားလုံး သိကြမှာပါ။ ဒီအသင်းမှာ အရည်အသွေးရှိတဲ့ ကစားသမားတွေ အများကြီးပါ။ ဗာတွန်ဂန် နဲ့ အော်တာမန်ဒီ တို့လို ဝါရင့် ကစားသမားတွေလည်း ရှိနေပါတယ်။

ဒါဟာ စိတ်၀င်စားစရာ အသင်းပါ။ ဒါပေမယ့် ဒါဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပါ။ ဘယ်သူ့ကို ဂရုစိုက်နေရမှာလဲ? ဒီလိုပဲ ဖြစ်ရမှာပါ။ ကျွန်တော့် အနေနဲ့ ဒီပွဲ အတွက် တကယ် ရင်ခုန်နေပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM