ဗီလာရီးယဲလ် အသင်းကို ထိုက်ထိုက်တန်တန် ရှုံးနိမ့်ခဲ့တာ ဖြစ်ကြောင်း ဝန်ခံလိုက်တဲ့ ဘိုင်ယန်မြူးနစ် နည်းပြ

ဘိုင်ယန်မြူးနစ် အသင်း အနေနဲ့ ချန်ပီယံလိဂ် နောက်ဆုံး လေးသင်း အဆင့်ထဲ ဝင်ရောက်ချင်တယ်ဆိုရင်တော့ ဒရမ်မာဆန်ဆန် တိုးတက်ကောင်းမွန်လာဖို့ လိုအပ်ကြောင်း နည်းပြ နာဂျယ်စ်မန်း က ဝန်ခံ ပြောကြား လိုက်ပါတယ် ။

ယနေ့ နံနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့် ပထမအကျော့ ပွဲစဉ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဘိုင်ယန်မြူးနစ် အသင်းဟာ ဗီလာရီးယဲလ် အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အရေးနိမ့် သွားခဲ့ပါတယ် ။

ဘိုင်ယန်မြူးနစ် အသင်းဟာ ၂၀၁၉ ဖေဖော်ဝါရီ ( 0-0 Vs လီဗာပူး) နဲ့ ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သွင်းဂိုး မရရှိခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပြီး ပွဲ ၃၀ ဆက် အနည်းဆုံး သွင်းဂိုး တစ်ဂိုး သွင်းယူ နိုင်ခဲ့တဲ့ စံချိန်လည်း ရပ်တန့် သွားခဲ့ရပါတယ် ။

ပွဲအပြီး DAZN နဲ့ အင်တာဗျူးမှာ ဘိုင်ယန်မြူးနစ် နည်းပြ နာဂျယ်စ်မန်း က ဗီလာရီးယဲလ် အသင်းဟာ ထိုက်ထိုက်တန်တန် အနိုင်ရသွားခဲ့တာ ဖြစ်ကြောင်း ဝန်ခံ သွားခဲ့ပါတယ် ။ ” ကျွန်တော်တို့ ရှုံးဖို့ ထိုက်တန်ပါတယ် ၊ ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး ၊ ပထမပိုင်းမှာဆို ခံစစ် က ပါဝါ မရှိ ဖြစ်နေခဲ့ပြီး အခွင့်အရေးလည်း အနည်းငယ်ပဲ ရခဲ့ပါတယ် ။ ”

” ဒုတိယပိုင်းကတော့ တကယ့်ကို အကြိတ်အနယ်ရှိခဲ့ပါတယ် ၊ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှုကို လက်လွှတ်ပြီး ဂိုးရရှိရေးကိုပဲ လုပ်ဆောင်ခဲဲ့ကြပါတယ် ၊ သူတို့ ကျွန်တော်တို့ဘက်ကို နောက်ထပ် ဂိုးအနည်းငယ် သွင်းနိုင်ချေ ရှိခဲ့တယ်လို့ ထင်ပါတယ် ၊ ဒါပေမယ့် ၁-၀ နဲ့ ပဲ ပွဲပြီးသွားခဲ့ပါတယ် ၊ ဒီနေ့ပွဲမှာ ကျွန်တော်တို့ အဖက်ဖက်က ကောင်းအောင် မကစားနိုင်ခဲ့ပါဘူး ။ ”

” ဒါပေမယ့် ၁-၀ ပဲ ဆိုတော့ ဒုတိယအကျော့မှာ ဒီကနေ့နဲ့ မတူတဲ့ ကျွန်တော်တို့ရဲ့ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသလို့ရပါသေးတယ် ၊ ကျွန်တော်တို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ သိသလို လုပ်နိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ် ။ ”

သူတို့ အသင်း ပထမအကျော့မှာ ဘာတွေ မှားယွင်းခဲ့သလဲ ဆိုတဲ့ မေးခွန်းကို နာဂျယ်စ်မန်း က ” ကစားသမားကောင်းတွေ ရှိပြီး အမှားသိပ်မလုပ်တဲ့ စပိန် အသင်းနဲ့ ကစားရတဲ့ ပွဲတစ်ပွဲပါပဲ ၊ နောက်ပြီး သူတို့မှာ ဘောလုံး ကိုင်ကစားနိုင်တဲ့ အရည်အသွေးလည်း ရှိပါတယ် ။ ”

” တောင်ပံ နှစ်ဖက်ကနေ ကျွန်တော်တို့ သူတို့ကို အကြီးအကျယ် ထိုးဖောက် တိုက်စစ်ဆင် နိုင်စွမ်း မရှိခဲ့ပါဘူး ။ နောက်ပြီး ထောင့်ဖြတ် ပေးပို့မှုတွေကိုလည်း ကောင်းကောင်း မလုပ်နိုင်ခဲ့ပါဘူး ၊ ဒီနေ့ကတော့ ဘာမှ အလုပ်မဖြစ်ခဲ့တဲ့နေ့လို့ ပြောရမှာပါ၊ အခွင့်အရေး အနည်းငယ်ပဲ ရခဲ့ပြီး ထိုက်ထိုက်တန်တန် ရှုံးသွားခဲ့တာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM