ဖူဟမ် ချာတိတ် ကို အပြီးသတ် ခေါ်ယူနိုင်တော့မယ့် လီဗာပူး

လီဗာပူး အသင်းဟာ ဖူဟမ် အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမားလေး ဖေဘီယို ကာဗယ်ဟို ကို အပြီးသတ် ခေါ်ယူနိုင်တော့မှာ ဖြစ်ကြောင်း နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနို က အခိုင်အမာ ဆိုလိုက်ပါတယ်။

ဖေဘီယို ကာဗယ်ဟို ဟာ ချန်ပီယံရှစ် ရဲ့ အတောက်ပဆုံး လူငယ်တွေ ထဲက တစ်ယောက် အဖြစ် မီဒီယာတွေ အားလုံးက သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။

အခုမှ အသက် 19 နှစ် အရွယ်သာ ရှိသေးသော်လဲ ဒီရာသီမှာ ဖူဟမ် အတွက် စုစုပေါင်း 31 ပွဲ အထိ ပါဝင် ကစားပေးထားကာ 8 ဂိုး သွင်းယူပြီး ၊ ဂိုးဖန်တီးမှု 7 ကြိမ် အထိ လုပ်ဆောင်ထားပါတယ်။ အဲဒီလို စွမ်းဆောင်ရည်တွေ ကြောင့်ပဲ လီဗာပူး ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ကတည်းက သူ့ကို ခေါ်ယူဖို့ ကြိုစားခဲ့ပါတယ်။

အပြောင်းအရွှေ့ ကိစ္စ အားလုံးကို နှစ်ဖက် သဘောတူညီမှု ရယူနိုင်ခဲ့သလို ၊ ဆေးစစ်မှုတွေ ကြိုတင် လုပ်ဆောင်ခဲ့သည့်တိုင်အောင် နောက်ဆုံး အချိန်ရောက်တဲ့ အထိ စာရွက်စာတမ်း ကိစ္စရပ်တွေ အပြီး မသတ်နိုင်တဲ့အတွက် အပြောင်းအရွှေ့က အံ့အား သင့်ဖွယ်ရာ ပျက်ပြယ်ခဲ့ရပါတယ်။ သို့သော် လီဗာပူး ဘက်ကတော့ သူတို့ရဲ့ ကတိ အတိုင်း လူငယ် ကစားသမား နီကိုး ဝီလီယံ ကို ဖူဟမ် အသင်းဆီ ရာသီဝက် အငှား ချပေးခဲ့တာပါ။

သတင်းထောက် ဖာဘရီဇီယို ရိုမာနို ကတော့ လီဗာပူး ဟာ ဒီရာသီ အကုန်မှာ ကာဗယ်ဟို ကို ခေါ်ယူဖို့ အတွက် အပြီးသတ် သဘောတူညီမှု ကို ပြီးခဲ့တဲ့ နာရီပိုင်း အတွင်းက ရယူသွားပြီလို့ အခိုင်အမာ ဆိုလိုက်ပြီး ၊ တရားဝင် ကြေငြာချက် ထုတ်ပြန်မယ့် အချိန်ကိုပဲ စောင့်ဆိုင်းရတော့မယ်လို့ ပြောသွားပါတယ်။

ကစားသမားဟာ ရာသီကုန်တာ နဲ့ ဖူဟမ် နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးနေပြီ ဖြစ်သော်လဲ ၊ လီဗာပူး ဘက်က အလွတ်ကြေး နဲ့ ခေါ်ယူမှာ မဟုတ်ကာ ပြောင်းရွှေ့ကြေး 5 သန်း အထိ ပေးချေမယ်လို့ သိရပါတယ်။ ဒါ့အပြင် သူ့ရဲ့ စွမ်းဆောင်ရည် အပေါ် မူတည်ကာ နောက်ထပ် 2.7 ပေးချေမှာ ဖြစ်ကာ ၊ အကယ်လို့ ပြန်လည် ရောင်းချခဲ့မယ် ဆိုရင်တောင် ရရှိလာတဲ့ စုစုပေါင်း ပြောင်းရွှေ့ကြေး ရဲ့ 20% ကို ဖူဟမ် အသင်းဆီ ထပ်မံ ပေးချေဦးမှာ ဖြစ်ပါတယ်။

ကစားသမားလေး ရဲ့ စာချုပ် ကိုတော့ 2027 ခုနှစ် အထိ ချုပ်ဆို သွားမှာပါ။

ကာဗယ်ဟို ဟာ ပေါ်တူဂီ မှာ မွေးပြီး ၊ အင်္ဂလန် မှာ ကြီးပြင်းခဲ့သူ ဖြစ်လို့ လူငယ် အဆင့် ပြိုင်ပွဲတွေမှာ အင်္ဂလန် လူငယ် လက်ရွေးစင် အသင်းအတွက် ကိုယ်စားပြု ပါဝင် ကစားခဲ့ပါတယ်။ သို့သော် ပြီးခဲ့တဲ့ လပိုင်း အတွင်းမှာတော့ သူ့ရဲ့ နာမည်ကို ပေါ်တူဂီ ယူ 21 အသင်းမှာ တွေ့လိုက်ရပါတယ်။ ဒါကြောင့် အင်္ဂလန် အတွက် ကစားမပေးတော့ပဲ ၊ ပေါ်တူဂီ ကို ပြောင်းလဲ ရွေးချယ်လိုက်တယ်လို့ နားလည်ရပါတယ်။

လီဗာပူး မှာတော့ သူ့ရဲ့ တနိုင်ငံတည်း အသင်းဖော် ဖြစ်တဲ့ ဂျော်တာ ရှိနေသလို ၊ ဖူဟမ် အကယ်ဒမီ မှာ လက်တွဲခဲ့တဲ့ ဟာဗေး အယ်လီယော့ နဲ့လဲ ပြန်လည် ဆုံဆည်းသွားတော့မှာပါ။

လီဗာပူး ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကလဲ ဆဲလ်တစ် အသင်းရဲ့ 16 နှစ် အရွယ် လူငယ် တောင်ပံ ကစားသမားလေး ဘန်ဒုတ် ကို ခေါ်ယူခဲ့တဲ့ ဓါတ်ပုံတွေ ပေါ်ထွက်ခဲ့ပေမယ့် ၊ တရားဝင် ကြေငြာချက်တော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဒါကြောင့် ဘန်ဒုတ် နဲ့ ကာဗယ်ဟို တို့ကို တပြိုင်နက် ခေါ်ယူနိုင်ခဲ့တဲ့ အကြောင်းကို အတူတူ သတင်းထုတ်ပြန်သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

SM