ဖာနန်ဒက်စ် ပင်နယ်တီလွဲအပြီးမှာ အကြီးအကျယ်အောင်ပွဲခံခဲ့တဲ့ ရမ်စ်ဒေးလ် ကို ဝေဖန်လိုက်တဲ့ လီဗာပူး ကစားသမားဟောင်း

 

လီဗာပူး ကွင်းလယ်လူဟောင်း ဒန်နီမာဖီ က ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ပွဲမှာ ဖာနန်ဒက်စ် ပင်နယ်တီ လွဲချော်အပြီးမှာ ပြိုင်ဘက် ကစားသမားရှေ့အကြီးအကျယ် အောင်ပွဲခံပြခဲ့တဲ့ အာဆင်နယ် ဂိုးသမား ရမ်စ်ဒေးလ် ရဲ့ အပြုအမူ အပေါ် ဝေဖန် ပြောဆို လိုက်ပါတယ် ။

ပြီးခဲ့တဲ့ တစ်ပတ်မှာ အာဆင်နယ် အသင်းဟာ မန်ယူနိုက်တက် အသင်းကို ၃-၁ နဲ့ အနိုင်ကစားပြီး အဆင့်လေးနေရာကို တက်လှမ်း သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်း ၂-၁ နဲ့ ဦးဆောင် နေချိန်မှာ မန်ယူနိုက်တက် ဟာ တာဗာရက်စ် လက်ထိဘောကြောင့် ပင်နယ်တီ ကန်သွင်းခွင့် ရရှိ ခဲ့ပါတယ် ။

 

အဆိုပါ ပင်နယ်တီ ကို ယူနိုက်တက် အသင်း ခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် ကန်သွင်းခဲ့ပေမယ့် ဂိုးတိုင်ထိထွက် သွားခဲ့ပါတယ် ။ဖာနန်ဒက်စ် ပင်နယ်တီ လွဲချော်သွားချိန်မှာ အာဆင်နယ် ဂိုးသမား ရမ်စ်ဒေးလ်ဟာ ပေါ်တူဂီ စတား ရဲ့ ရှေ့မှောက်သွားပြီး အကြီးအကျယ် အောင်ပွဲ ခံခဲ့ပါတယ် ။

ဒန်နီ မာဖီ ကတော့ ရမ်စ်ဒေးလ်ရဲ့ အပြုအမူအပေါ် ဝေဖန် သွားခဲ့ပြီး အင်္ဂလန် နံပါတ်တစ် ဂိုးသမား ဖြစ်ချင်ရင် ကိုယ်ရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ဖို့ လိုကြောင်း သတိပေးသွားခဲ့ပါတယ် ။

” ကျွန်တော် အမြဲတွေးမိတဲ့ အရာ ရှိပါတယ် ၊ ပွဲတစ်ပွဲအတွင်းမှာ ကိုယ်ရဲ့ စိတ်ခံစားချက် က အရမ်းပြင်းထန်လာရင် ကိုယ့်ရဲ့ အစွမ်းအစကိုပါ လျော့ကျလာစေတယ်ဆိုတာပါ ။ နစ္စတယ်ရွိုင်း ကို မာတင်ကီယွန် လုပ်ခဲ့သလိုမျိုး ပြီးခဲ့တဲ့ ယူနိုက်တက် နဲ့ ပွဲမှာ ရမ်စ်ဒေးလ် လုပ်ခဲ့သလိုမျိုးက သူတို့ကိုယ်သူတို့ ဘာလုပ်မိသွားမှန်း မသိအောင် သတိလက်လွှတ် ဖြစ်သွားခဲ့ကြတာပါ ။ ”

” ကျွန်တော် နားလည်ပါတယ် ၊ ကျွန်တော်သာ သူ့မန်နေဂျာ ဆို နောက်တစ်ခေါက် ဒီလို ထပ်မလုပ်ဖို့ ပြောမိမှာပါ ။ ကိုယ့်ရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်တဲ့ နေရာမှာ အကောင်းဆုံး ဥပမာ ပြရမယ့် ကစားသမားက ပစ်ဖိုဒ့် ပါပဲ ၊ ဒါကြောင့်လည်း သူက အင်္ဂလန် ရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်နေတာပါ ။ ”

 

” ရမ်စ်ဒေးလ် အနေနဲ့ ပစ်ဖိုဒ့် ရဲ့ ပထမ ဂိုးသမားနေရာကို ရယူ ချင်တယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ဖို့ လိုပါတယ် ၊ Passion ရှိတာနဲ့ မဆိုင်ပါဘူး ၊ သူက ပင်နယ်တီ ကာကွယ်လိုက်နိုင်တာဆိုရင် ကျွန်တော် နားလည် ပေးနိုင်ပါတယ် ၊ ခုက ပင်နယ်တီမှ မကာကွယ်လိုက်နိုင်တာဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

 

SM